၃ ဇန်နဝါရီ

ယနေ့ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ခိုင်မာရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး၊ ပြည်သူ့စီးပွားရေးနှင့် လူမှုအဆင့်အတန်း မြင့်မားရေး၊ နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေး စသည့် အခြေခံ ရည်မှန်းချက်များကို ဦးတည်ကာ ကြိုးစားတည်ဆောက်နေရပါသည်။

 

မြန်မာနိုင်ငံမှာ ပြည်သူ့ဘဏ္ဍာအလွဲသုံးမှုများ၊ အလွဲစီမံခန့်ခွဲမှုများ၊ အုပ်ချုပ်ရေးကဏ္ဍ အသီးသီးတို့၏ အဂတိလိုက်စားမှုများ၊ ဗျူရိုကရေစီ ယန္တရားအဆင့်ဆင့်ရှိ ခြစားမှုများ၊ နိုင်ငံရေး ပြဿနာကို စေ့စပ်ဆွေးနွေးနည်းထက် ဖိနှိပ်ရေးနည်းဖြင့်သာ ဖြေရှင်းရန် အလေးပေးမှုများ စသည့် စနစ်ဆိုးများကြားတွင် နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ရသည့် အားလျော်စွာ ယနေ့ကာလ ကဲ့သို့သော ပြည်သူလူထု ရွေးချယ်တင်မြှောက်သည့် ပြည်သူ့ကိုယ်စား လှယ်စစ်စစ်အများစုဖြင့် မဏ္ဍိုင်ကြီးများကို ကိုင်တွယ် ဆုံးဖြတ်ခွင့်ရနေဆဲအချိန်ထိ အကျပ်အတည်းများထဲက လွတ်လွတ်ကျွတ်ကျွတ် ရုန်းမထွက်နိုင်သေးသည်ကို သတိပြုမိပါသည်။

 

အုပ်ချုပ်ရေးယန္တရားထဲက ခေါက်ရိုးကျိုးနေသည့် လုပ်ထုံးလုပ်နည်းများ၊ အရိုးစွဲလာခဲ့သော အယူအဆနှင့် အလေ့အထများကို ပြောင်းလဲနိုင်ရေး၊ ယိမ်းယိုင်နေသော တရားစီရင်ရေးကို တည့်မတ်နိုင်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး ချိုးဖောက်မှုများကို ပိုမိုကာကွယ်နိုင်ရေး၊ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုများကို တားဆီးနိုင်ရေး၊ မူးယစ်ဆေးဝါး ပြဿနာနှင့် အဂတိလိုက်စားမှုများကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်ရေး အစရှိသည့် လုပ်ငန်းစဉ်များကလည်း အလွန်ပင်များပြား လှစွာရှိနေပါသည်။

 

နှစ်ပေါင်းများစွာ ယိုယွင်းလာခဲ့သော အဘက်ဘက်က နိမ့်ကျလာခဲ့သည့် အခြေအနေမှ တဖြည်းဖြည်းချင်း ရုန်းတက်ရန် ကြိုးပမ်းနေသော ပြည်သူ့ကိုယ်စားလှယ်များကို လူထုကလည်း အားပေးထောက်ခံနေဆဲ ဖြစ်ပါသည်။

 

ယခုလို မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယနှင့် နီးကပ်လာသည့် အချိန်တွင် လွတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး၏ အလယ်ပစ္စယံညီလာခံမိန့်ခွန်း တစ်စွန်းတစ်စကို သတိတရ ဖော်ပြချင်ပါသည်။

 

၁၉၄၆ ဇန်နဝါရီ ၁၇ နေ့တွင် စတင်ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတွင် ဇန်န ဝါရီ ၂၀ ရက်နေ့၌ ဖဆပလဥက္ကဋ္ဌ ဦးအောင်ဆန်းက- “... ကျွန်ုပ်ကို ဤကဲ့သို့ ယုံကြည်အားထားမှုကြောင့် ကျွန်ုပ်ကျေးဇူးတင်ပါ၏။ သို့သော်လည်း မကွယ်မထောင့် ဖြောင့်မတ်စွာ ပြောရမည်ဆိုလျှင် ကျှန်ုပ်ရှေ့ဆောင်ပြုမှုကြောင့် မြန်မြန်ထက်ထက် လွတ်လပ်ရေးပန်းတိုင်ဘက်သို့ နီးကပ်လိမ့်မည်ဟူ၍ ကတိပေးခြင်းကို မပြုလိုပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဦးတစ်ယောက်သည် မည်မျှလောက် စွမ်းပကား ရှိစေကာမူ လူထု၏ အားပေးရိုင်းပင်းမှုမရှိဘဲလျက် ရာဇဝင်တွင်လောက်သော လုပ်ငန်းမျိုးကို ဖြစ်မြောက်အောင် မဆောင်ရွက် နိုင်ခြင်းကြောင့် ဖြစ်ပေ၏။ ....သတ္တိဗျတ္တိ ရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်းလူတိုင်းပင် မိမိတို့ကိုယ်တိုင် သတ္တိဗျတ္တိရှိသော သူရဲကောင်းများဖြစ်အောင် စွန့်စားရပေလိမ့်မည်။ သို့မှသာလျှင် ကျွန်ုပ်တို့အားလုံး လွတ်လပ်ရေးအစစ်ကို ခံစားခွင့်ရကြပေ လိမ့်မည်” ဟူ၏။

 

အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း၏ မိန့်ခွန်းကား အလွန်ပင်ထိရောက်လှသော အမျိုးသားရေး လမ်းညွှန်ချက်ဟု ဆိုချင် ပါသည်။

 

ဝန်ခံကြစတမ်းဆိုလျှင် ယနေ့အချိန်အထိ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုအားလုံးသည် လွတ်လပ်ရေးအစစ်ကို ခံစားခွင့် မရကြသေးချေ။ ပြည်သူတို့ မျှော်လင့်နေကြသော တိုးတက်ငြိမ်းချမ်း သာယာဝပြောသည့် နိုင်ငံတော်ကြီး ပေါ်ထွန်းလာရေး အတွက် မျိုးဆက်သစ် လူငယ်များ အပါအဝင် အမျိုးသားခေါင်းဆောင်ကြီး ရည်ညွှန်းသည့် သတ္တိဗျတ္တိရှိသော ပြည်သူလူထု၏ အင်အား၊ စည်းလုံးညီညွတ်သည့် စိတ်ဓာတ်တို့ဖြင့်သာ အာဏာရှင်စနစ် လုံးဝကွယ်ပျောက်သော ငြိမ်းချမ်းခိုင်မာသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံဟူသော ပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ဟု ယုံကြည်မိပါကြောင်း။   ။
(မြန်မာ့အလင်း)