၁၄  ဧပြီ

၁။ coVID-19 ရောဂါပိုးကူးစက်သူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ၊ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ သူများကို ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်းအစီအစဉ် Community Based Facility Quarantine တွင် ပါဝင်စေခြင်း ဖြစ်ပါသည်။

၂။ မိမိတို့တွင် ရောဂါလက္ခဏာပြသခြင်းမရှိသော်လည်း ရောဂါပိုးကို သယ်ဆောင်သူဖြစ်နေနိုင်ခြင်းကြောင့် အခြားသူများသို့ ပြန့်ပွားခြင်းမရှိစေရန် ရောဂါပျိုးချိန်ကာလဖြစ်သော (၂၈)ရက်တာကာလကို စောင့်ကြည့်ခြင်းဖြစ်ပြီး ဤအစီအစဉ်တွင် (၂၁) ရက် ပြီးမြောက်ပါက မိမိနေအိမ်တွင် (၇) ရက်ထပ်မံ၍ Home Quarantine ဆောင်ရွက်ရမည် ဖြစ်ပါသည်။ မိမိ၏မိသားစုနှင့် ပတ်ဝန်းကျင်ကို ရောဂါပိုးမပြန့်ပွားအောင် ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်ကို သိရှိစေလိုပါသည်။

၃။ ထိုသို့ သီးခြားနေထိုင်စဉ်ကာလအတွင်း COVID-19 ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် နည်းလမ်းများကို စနစ်တကျ တိကျစွာ လိုက်နာကျင့်သုံးပေးစေလိုပါသည်။ (၂၈) ရက်တာအသွား၊ အလာကန့်သတ်ခြင်း (သို့) တားမြစ်ခြင်းတို့ ဆောင်ရွက်ရာတွင် သီးခြားခွဲခြားနေထိုင်ရခြင်းနှင့် ဆက်စပ်သော အကြောင်းများကြောင့် စိတ်ဖိစီးမှုများ ခံစားရနိုင်ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ နှစ်သိမ့်ဆွေးနွေးမှုခံယူလိုသူများအနေဖြင့် ယုံကြည်စိတ်ချစွာ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ ဆက်သွယ်ရမည့် နည်းလမ်းများကို စေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးပါမည်။

၄။ လူကြီးမင်းတို့အနေဖြင့် Quarantine ကာလပြီးဆုံးသွားပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဤအစီအစဉ်နှင့်အညီ လိုက်နာဆောင်ရွက်ပြီးဖြစ်ကြောင်း ထောက်ခံချက်ထုတ်ပေးမည်ဖြစ်ပြီး မိမိနေအိမ်သို့ ပြန်လည်ရောက်ရှိသည့်အခါတွင်လည်း အခြားသူများနည်းတူ ရောဂါပိုးကူးစက်ခံရနိုင်ခြေရှိနေသေးသည့်အတွက်  COMID-19 ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် နည်းလမ်းများကို ဆက်လက်လိုက်နာကျင့်သုံးရန် လိုအပ်မည်ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန