မန္တလေး၊ ၁၃ ဒီဇင်ဘာ
ပြည်သူမှ ပြည်သူသို့ မျှဝေလှူဒါန်းခြင်းအဖြစ် အခြေခံလူတန်းစားအိမ်ထောင်စု (၄၀၀၀) စုအတွက် ဆန်၊ ဆီ၊ ဆားများ ထောက်ပံ့ပေးအပ် လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီ က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်၊ ၆၂ လမ်း၊ မင်္ဂလာလမ်းနှင့် ရတနာလမ်းကြားရှိ မြင့်မိသားစု ကားကြီးအပိုပစ္စည်း ရောင်းဝယ်ရေးစင်တာ၌ ပြုလုပ်သည်။
အဆိုပါ ပြည်သူမှ ပြည်သူသို့ မျှဝေလှူဒါန်းခြင်းအဖြစ် အလှူရှင် ဦးမြင့်ဝေ၊ ဒေါ်ခင်မိုးနွယ် (မြင့်မိသားစု-ကားကြီးအပိုပစ္စည်း ရောင်းဝယ်ရေး) က ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၃၂၀၀) စုနှင့် အောင်မြေသာစံမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၈၀၀) စု တို့အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် သုံးပြည်၊ ဆီ ၅၀ သားနှင့် ဆား ၄၀ သားတို့အား ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာမြို့နယ်များအလိုက် တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက လက်ခံရယူပြီး ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ အခြေခံလူတန်းစားများထံ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှူဒါန်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်မိသားစုများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


