ပွင့်ဖြူ အောက်တိုဘာ ၂၈

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး မဖြစ်မနေ ကာကွယ်ဆေးထိုးနှံကြရန် အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၇ ရက် ညနေ ၅ နာရီခွဲက ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာနှင့် ရွာသာကြီးကျေးရွာသို့ သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုစက္ကန့် (၂၀) ကြာ စနစ်တကျ ဆေးကြောကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်သွားလာကြရန်၊ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ မိမိတို့နေအိမ်တွင် အသက်အရွယ်ကြီးရင့်သူများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည် ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ပေးပြီး လေဝင်လေထွက် ကောင်းသည့်နေရာတွင် နေထိုင်ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေး ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး မဖြစ်မနေ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန်၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာ ဆောင်ရွက်ကြရန်၊ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်တို့ကို ကျေးရွာတွင်းလှည့်လည်ကာ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)