ပွင့်ဖြူ   ၂၃  ဧပြီ  

  

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉) ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ မြို့နယ်အတွင်း ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဧပြီ ၂၂ ရက်နေ့မှ စတင်ကာ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ညမထွက်ရ အမိန့်ထုတ်ပြန် ကြေညာခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉)ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

 

ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉)ရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကူးစက် ပြန့်ပွားလျက်ရှိရာ မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် အချိန်မီ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ဧပြီ ၂၂ ရက်နေ့မှ စတင်ကာ နေ့စဉ် ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အား အများပြည်သူအကျိုးငှာ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်းနှင့် ၎င်း အမိန့်အား ထုတ်ပြန်သည့်နေ့မှစ၍ (၂)လ အထိ အတည်ပြုထုတ်ပြန်ထားရှိကြောင်း သိရသည်။

 

ယင်း ထုတ်ပြန်ထားသည့် အမိန့်ကြေညာချက်အား မြို့နယ်အတွင်း ပြည်သူများ သိရှိလိုက်နာစေရေး ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများကို နေ့စဉ်အသံချဲ့စက်ဖြင့် အသိပေးကြေညာသွားရန် ညွှန်ကြားထားရှိကြောင်းနှင့် ပြည်သူများအနေဖြင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဉပဒေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဉက္ကဋ္ဌ ဦးထွန်းသိန်းအောင်ထံမှ သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )