ပြည်သူများ ကိုယ်စိတ်နှလုံးရွှင်လမ်း

၂၆ ဖေဖော်ဝါရီ

 

ပုထုဇဉ်လူသားအများစုတို့သည် အာရုံငါးပါးခံစားမှုတို့ကို အကြောင်းခံပြီး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ခြင်းကို ဖြစ်စေတတ်သည်။ အာရုံငါးပါးဟူသည် လူတို့နိစ္စဒူဝ ထိတွေ့ဆက်ဆံခံစားရမှုတို့မှ အခြေတည် ဖြစ်ပေါ်လာရသည်ဖြစ်ရာ အဓိကအားဖြင့် ထိတွေ့ဆက်ဆံရသည့် ပတ်ဝန်းကျင်ကောင်းမွန်ခြင်း၊ မကောင်းမွန်ခြင်းတို့အပေါ်တွင် မူတည်ပေသည်။

 

 

တစ်ဖန် ကောင်းမွန်သည့် ပတ်ဝန်းကျင်အခင်းအကျင်းသည် လူတို့၏ကိုယ်စိတ်နှလုံးအား ကျန်းမာရွှင်လန်းခြင်းကို ဖြစ်စေနိုင်ပြီး မကောင်းမွန်သည့် ပတ်ဝန်းကျင်အခင်းအကျင်းသည် လူတို့၏ကိုယ်စိတ်နှလုံး ညှိုးနွမ်းခြင်းကို ဖြစ်စေနိုင်ပါသည်။ တစ်နည်းဆိုလျှင် ကောင်းမွန်သော သို့မဟုတ် မကောင်းမွန်သော ပတ်ဝန်းကျင်အခင်းအကျင်းသည် လူတို့၏ ကိုယ်စိတ်နှလုံးကို ကောင်းခြင်း၊ မကောင်းခြင်း ဖြစ်စေနိုင်ပါသည်။

 

 

ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် နိုင်ငံသားတစ်ဦးချင်း အနေဖြင့်လည်းကောင်း၊ မိသားစုအနေဖြင့်လည်းကောင်း၊ လူအများပတ်ဝန်းကျင်တွင် လည်းကောင်း ပတ်ဝန်းကျင်ကောင်းဖြစ်အောင် ဖန်တီးထားကြသည်။ ယုတ်စွအဆုံး အိမ်သာဟုခေါ်ဆိုသည့် ရေအိမ်နေရာမျိုးတွင်ပင် နေချင်စဖွယ်ဖြစ်အောင်၊ နှစ်သက်ဖွယ်ဖြစ်အောင် စီမံထားလေ့ရှိသည်။ ပတ်ဝန်းကျင်သည် လူ၏စိတ်နှလုံးကို ပြောင်းလဲစေသည်ဟု လက်ခံသိမှတ်ထားရာတွင် ပတ်ဝန်းကျင်ကို ပြောင်းလဲစေလိုရင်းသည် အဓိကအချက်ဖြစ်သည်။

 

 

တတ်နိုင်သူက တတ်နိုင်သလောက် ပြုပြင်ပြောင်းလဲခြင်းသာဖြစ်ပြီး မတတ်နိုင်သူက မတတ်နိုင်သဖြင့် ဖြစ်သလိုနေလိုက်မည်ဟူသော ပြီးစလွယ်စိတ်ထားမျိုးလည်း မထားသင့်ပေ။ အဓိကအချက်မှာ မိမိပတ်ဝန်းကျင်ကို မိမိတို့တတ်နိုင်သလောက် ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါသည်။ ကောင်းမွန်သော ပတ်ဝန်းကျင်ကို ပြောင်းလဲတည်ဆောက်ရာ၌ မိမိတို့တတ်နိုင်သလောက် အကောင်းဆုံးပြုပြင်စီမံဆောင်ရွက်ပေးနိုင်ရန်နှင့် ထိုပတ်ဝန်းကျင်ကို စည်းကမ်းတကျ လိုက်နာအသုံးပြုကြရန်လည်းလိုအပ်ပေသည်။

 

 

အထူးသဖြင့် သာယာလှပပြီး နေချင်စဖွယ်ကောင်းသည့် မြို့ပြရပ်ဝန်းများ တည်ဆောက်ပေးနေချိန်တွင် မြို့သူမြို့သားများအနေဖြင့် စည်းကမ်းတကျ ပါဝင်ရပ်တည်နေထိုင်တတ်ရန် အရေးကြီးပါသည်။ ပြုပြင်ဖန်တီး တည်ဆောက်သူကတည်ဆောက်၊ စည်းကမ်းမလိုက်နာ၊ ဖျက်လိုဖျက်ဆီးလုပ်သူက လုပ်နေကြမည်ဆိုလျှင် မည်သည့်အခါမျှ ကောင်းမွန်သော ပတ်ဝန်းကျင်ကောင်း ဖြစ်လာလိမ့်မည်မဟုတ်ချေ။ ယခုအခါ မြန်မာနိုင်ငံတွင် လူဦးရေအများဆုံးမြို့တော်ကြီးဖြစ်သည့် ရန်ကုန်မြို့ကို မြို့ပြအင်္ဂါရပ်နှင့်အညီ တင့်တယ်ဖွယ်ရာ အခင်းအကျင်းများ ဖန်တီးပေးနေချိန်တွင် မြို့သူမြို့သားများအနေဖြင့် စည်းကမ်းတကျ ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါသည်။

 

 

တစ်ချိန်တစ်ခါက ရန်ကုန်မြို့သည် အရှေ့တောင်အာရှတွင် အကောင်းဆုံးမြို့တစ်မြို့ဖြစ်ခဲ့သည်မှာ မမေ့နိုင်စရာဖြစ်သည်။ ယင်းကို ပြန်လည် အသက်ဝင်လာအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ ဖြစ်နိုင်ပေသည်။

 

 

မကြာသေးမီက “ပြည်သူများ ကိုယ်စိတ်ကျန်းမာ အပန်းပြေဖို့ကြိုးစားကြပါစို့” ဟူသောခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်ကို တွေ့လိုက်ရသည်။ ဆွေးနွေးပွဲတွင် မြို့နေလူထုများ မြို့ပြစည်းကမ်းလိုက်နာရေးကို မီးမောင်းထိုးအသိပေးထားသည်။ အဓိကမှာ မြို့နေပြည်သူများ စိတ်နှလုံးကျန်းမာလန်းဖြာစေရေးဖြစ်သည်။ ပြည်သူများ ကိုယ်စိတ်ကျန်းမာစေရေးအတွက် အပန်းဖြေစရာဆိပ်ကမ်းများ၊ ပန်းခြံများကဲ့သို့ နေရာထိုင်ခင်းများ တည်ဆောက်ပေးရန် လိုအပ်သလို ရေအရင်းအမြစ်များ၊ အညစ်အကြေးနှင့် အမှိုက်သရိုက်စွန့်ပစ်မှုများတွင် စည်းကမ်းတကျ ပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်ပါသည်။

 

 

ရန်ကုန်မြို့တော်ကြီးသည် တစ်နေ့တခြား လူဦးရေတိုးပွားလာပြီး မြို့ပြနေထိုင်မှုနှင့် ပတ်ဝန်းကျင် အခင်းအကျင်းများ ကောင်းမွန်ရေးမှာအထူးလိုအပ်လာသည်။ ပြည်သူများ စိတ်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေး၊ ပတ်ဝန်းကျင်သာယာလှပရေး၊ ပြည်သူ့ကျန်းမာရေး၊ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရေး စသည့်လူမှုဘဝ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် အထူးလိုအပ်ပေသည်။

 

 

သို့ဖြစ်ရာ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပြီး စိတ်ချမ်းမြေ့ဖွယ် ရပ်တည်နေထိုင်နိုင်ရေးအတွက် ပတ်ဝန်းကျင်ကောင်းများကို ဝိုင်းဝန်းပူးပေါင်းဖန်တီးပေးကြရန်နှင့် စည်းကမ်းတကျလိုက်နာ နေထိုင်တတ်သော အလေ့အကျင့်ကောင်းများ မွေးမြူကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

 

ကြေးမုံ