ပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်

မန္တလေး ၁၂ ဒီဇင်ဘာ 


ပြည်သူတွေ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး၊ လုယက်မှု၊ ခိုးမှု၊ မုဒိမ်းမှု လျော့နည်းပပျောက်ရေး အထူးအလေးပေးဆောင်ရွက်ရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို မဲခွဲဆုံးဖြတ်ခဲ့သည်။ 


အဆိုကို ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်က ပြုလုပ်သည့် အဋ္ဌမအကြိမ် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ခဲ့သည်။ 


‘မန္တလေးတိုင်းဒေသကြီးဟာ စီးပွားရေးအရ အချက်အချာကျတဲ့ မြို့ဖြစ်သလို အိမ်နီးချင်းနိုင်ငံတွေကို သွားလာနိုင်တဲ့ ပထဝီအနေအထားအရ အချက်ချာကျတဲ့ မြို့လည်းဖြစ်တယ်။ ယဉ်ကျေးမှုဇုန်တွေလည်းရှိတော့ နိုင်ငံခြားသား ခရီးသွားတွေ အဝင်အထွက်များတဲ့ ဒေသလည်းဖြစ်တဲ့အတွက် ပြည်သူတွေ စိတ်ချစွာသွားလာနိုင်ဖို့ အဆိုကိုတင်ခဲ့တာပါ’ ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော် ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က ပြောသည်။ 


ပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေး၊ လုယက်မှု၊ ခိုးမှု၊ မုဒိန်းမှု လျော့နည်းပပျောက်ရေး အထူးအလေးပေး ဆောင်ရွက်ရန်အဆိုကို ထောက်ခံမဲ ၄၇ မဲ၊ ကန့်ကွက်မဲ ၂၇ မဲဖြင့် အဆိုအနိုင်ရရှိခဲ့သည်ဟု သိရသည်။
 

"အဆိုကို မဲခွဲဆုံးဖြတ်တယ်ဆိုတာတော့ မကောင်းဘူး။ ပြည်သူတွေအတွက် မဖြစ်မနေလုပ်ရမယ့် အနေထားပါ။ ကျွန်တော်တို့ ပြည်သူတွေ နောက်ကျောအေးအေးနဲ့ လုပ်ကိုင်စားသောက်ချင်တယ်။ အဆိုအောင်ရုံနဲ့တင် ရပ်မနေပဲ လက်တွေ့အကောင်ထည်ဖော်ဖို့ လိုပါတယ်" လို့ အမရပူရမြို့နယ်မှာနေထိုင်တဲ့ ဦးမောင်မောင်ဦးက ပြောသည်။ 


ဒီဇင်ဘာ ၉  ရက်က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာတော်လေးရွာ၊ စိန်မြန်မာ စက်သုံးဆီ အရောင်းဆိုင်မှာ မန်နေဂျာနှင့် ဝန်ထမ်းတစ်ဦးအား မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားသုံးဦးက ဓားထောက်လုယက်မှုဖြစ်ပွားခဲ့သည်။


မို့မို့