စက်တင်ဘာ ၂၇
ပြည်သူများ၏ အစားအစာဘေးကင်းလုံခြုံရေးနှင့် အာဟာရပြည့်ဝရေးတို့အတွက် အရည်အသွေးပြည့်ဝပြီး အန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များ ထုတ်လုပ်ရာတွင် အော်ဂဲနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော သီးနှံများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် အရည်အသွေးမြင့်ပို့ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြချက်အရ သိရသည်။
အဆိုပါအချက်သည် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ လူမှုဘဝမြင့်မားရေးနှင့် လူမှုစီးပွားတိုးတက်ရေးအတွက် အလွန်အရေးပါသည့် အချက်ဖြစ်သည့်အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် ကြီးမားသည့် အထောက်အပံ့ ကောင်းဖြစ်ပါသည်။ လက်ရှိကာလတွင် နိုင်ငံအတွင်း၌ ပြည်ပမှတင်သွင်းသော စားသောက်ကုန်များကို အဓိကမှီခို အားထားနေကြပြီး အချို့အစားအသောက်များမှာ ဘေးကင်းစိတ်ချမှု မရှိသည်ကို မြင်တွေ့ကြားသိ နေရပါသည်။ ထို့အပြင် ပြည်ပမှ စားသောက်ကုန်များကို ဦးစားပေးတင်သွင်းမှုကြောင့် နိုင်ငံ့ဘဏ္ဍာလိုငွေပြမှု အကြောင်းတစ်ချက်လည်း ဖြစ်စေပါသည်။
ပြည်ပသွင်းကုန်များကို အဓိက မှီခိုအားထားနေသောအချက်မှာ ပြည်တွင်းထုတ်လုပ်မှုများတွင် မျိုးကောင်း မျိုးသန့် ရရှိနိုင်မှု၊ ထုတ်လုပ်မှုစက်ကိရိယာသုံးစွဲနိုင်မှု၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စနစ်တကျ သုံးစွဲနိုင်မှု၊ ကျွမ်းကျင်လုပ်သားရှားပါးမှု၊ နည်းပညာလိုအပ်မှုတို့ကြောင့် ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ယင်းကို ဖြည့်ဆည်းဆောင်ရွက် ပေးနေသည်ဆိုသော်လည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် အသေးစား၊ အလတ်စား စီးပွားရေးကဏ္ဍများတွင် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ထုတ်ကုန်ဈေးကွက် လိုအပ်ချက်များ ရှိနေသည်ကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်က ငွေကြေးအရင်းအနှီး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အက်စ်အမ်အီး ချေးငွေ၊ ဂျိုက်ကာချေးငွေများ ရယူဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါချေးငွေများကို သုံးနှစ်အတွင်းငွေကျပ် ဘီလီယံ ၆၀ ကျော် ထုတ်ချေးပေးခဲ့သည်။ ဆက်လက်၍ ငွေကျပ်ဘီလီယံ ၂၀ဝ ကိုလည်း ယခုဘဏ္ဍာနှစ်တွင် ထုတ်ချေးပေးရန် စီစဉ်လျက်ရှိသည်။ မြန်မာ့စီးပွားရေးဘဏ်မှလည်း အက်စ်အမ်အီးချေးငွေကျပ်ဘီလီယံ ၂၅၀ ထုတ်ချေးရန် စီစဉ်ထားသည်။
ထိုသို့ထုတ်ချေးပေးသည့် အစီအစဉ်များကို ဆောင်ရွက်နေစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက စက်တင်ဘာလ ၂၆ ရက်နေ့က ပြည်တွင်းကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်တွင်း၌ ပေါများစွာထွက်ရှိသော ထန်း၊ အုန်း၊ သရက်၊ ခရမ်းချဉ်သီးနှင့် ဆန်၊ ပဲ အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းများကို စဉ်ဆက်မပြတ် အခမဲ့ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း ကြားသိလိုက်ရပါသည်။ အဆိုပါ အခမဲ့သင်တန်းမှာ မြန်မာတစ်နိုင်ငံလုံးမှ သင်တန်းသားများအား ဖိတ်ခေါ်ထားသော အစီအစဉ်ဖြစ်သည်။
ထိုကဲ့သို့သော အစီအစဉ်များကို နိုင်ငံတော်က ဖန်တီးဖော်ဆောင်ပေးနေခြင်းသည် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက် လာစေပြီး မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော စီးပွားရေးအကျပ်အတည်းများကို ဖြေရှင်းကျော်လွှားသွား နိုင်မည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရသော စားသောက်ကုန်များကို စားသောက်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ်များ တိုးပွားလာရေးတို့ကို အထောက်အကူပြု ဖော်ဆောင်ပေးနိုင်မည်ဖြစ်၍ ယင်းအစီအစဉ်များကို အားပေးကြိုဆိုပါသည်။
သို့ဖြစ်ရာ ပြည်ပသွင်းကုန်များကို အစားထိုး၍ ပြည်တွင်းအဆင့်မြင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ခြင်းဖြင့် လူမှုစီးပွားမြင့်မားတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ရာ အရည်အသွေးမီ အဆင့်မြင့်ပြည်တွင်း ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ ထိုသို့ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာများ၊ အတတ်ပညာများ၊ အရင်းအနှီးများ တိုးတက်ရရှိရေးတို့ကို စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ကြရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ။
(ကြေးမုံ)