ရန်ကုန်  ၂၉  စက်တင်ဘာ

 

နေအိမ်တွင် နေထိုင်ရေးကာလအတွင်း စားသောက်မှုအဆင်ပြေစေရန်နှင့် ဈေးများတွင် လူစုလူဝေး မဖြစ်‌ပေါ်စေရန်ရည်ရွယ်၍ တောင်ဥက္ကလာပမြို့နယ်အတွင်း ပြည်သူများ နေအိမ်မှ နေ၍ ဈေးဝယ်ယူနိုင်ရေး ရောင်းသူနှင့် ဝယ်သူကြား ဝန်ဆောင်မှုပေးမည့် အစီအစဉ်ကို စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

 

အဆိုပါအစီအစဉ်ကို တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် We Love Southokkalapa ပရဟိတအဖွဲ့နှင့် အေးချမ်းဖြူစင်မေတ္တာရှင်ပရဟိတအဖွဲ့တို့က ပူးပေါင်းပါဝင်ကာ ဈေးရောင်းသူနှင့် ဝယ်သူကြား ဝန်ဆောင်မှုပေးလျက်ရှိသည်။

 

"ကျွန်တော်တို့က ရောင်းသူနဲ့ ဝယ်သူကြား အခမဲ့ဝန်ဆောင်မှုပေးတဲ့ သဘောပါ။ လိုချင်တဲ့ ပစ္စည်းကို ကျွန်တော်တို့ဆီ ဖုန်းဆက်ပြီးမှာလို့ရတယ်။ ဖုန်းဆက်ရင် ဝန်ထမ်းနှစ်ယောက်က ဝယ်လို့ရတဲ့ပစ္စည်းတွေကို သူတို့ဖြေပေးလိမ့်မယ်။ သတ်မှတ်ထားတဲ့ စားသောက်ကုန်တွေပဲ မှာလို့ရပါမယ်။ အဓိကကတော့ ဈေးထဲကို မလာစေချင်တာရယ်၊ အိမ်ရှင်မတွေအတွက်လည်း အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်ဟု တောင်ဥက္ကလာပမြို့နယ် စည်ပင် သာယာ‌ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇေယျာဝင်းက ပြောသည်။

 

နေအိမ်မှနေ၍ ဈေးဝယ်ယူလိုသည့် အိမ်ရှင်မများအနေဖြင့် ဖုန်း-၀၉-၂၆၄၂၁၆၀၈၅၊ ၀၉-၈၉၀၀၈၅၇၇၁ သို့ (စနေ၊ တနင်္ဂနွေနေ့)များမှအပ ကျန်ရက်များတွင် နံနက် ၁၀ နာရီမှ‌ မွန်းလွဲ ၂ နာရီအတွင်း ဆက်သွယ်မှာယူနိုင်ပြီး ဈေးဝယ်ပေးမည့်ရက်မှာ (အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေနေ့)နှင့် ဈေးဝယ်ပြီးလာပို့ပေးမည့်အချိန်မှာ နံနက် ၈ နာရီမှ ၁၀ နာရီအတွင်း ဖြစ်ကြောင်း သိရသည်။

 

သတ်မှတ်ထားသော စားသောက်ကုန်များကို တောင်ဥက္ကလာပမြို့နယ် ရပ်ကွက် ၁၃ ရပ်ကွက်အတွင်းရှိ မည်သူမဆို မှာယူနိုင်ပြီး စနစ်တကျထုပ်ပိုး၍ ကား ၁၀ စီးဖြင့် အိမ်တိုင် ရာရောက် အခမဲ့ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

အေးမင်းသူ