ပြည်သူများ ပူးပေါင်းပါဝင်ရမည့် မြို့ပြစီမံကိန်း

နေပြည်တော် ၅ ဧပြီ

လူဦးရေ တစ်နေ့တခြားတိုးပွားလာသော ရန်ကုန်မြို့တော်ကြီးတွင် မြို့နေလူထုအား နေရာချထားရေး၊ မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်စေရေးအတွက် မြို့သစ်များ တိုးချဲ့ဖော်ထုတ်ရေးစီမံကိန်းများကို ကုန်လွန်ခဲ့သည့် ဆယ်စုနှစ် ငါးခုကျော်မှ စတင်လုပ်ဆောင်ခဲ့ရာ ရန်ကုန်မြို့ကြီးမှာ တစ်စတစ်စ ကြီးမားကျယ်ပြန့်လာသည်ကို တွေ့ရသည်။ ရန်ကုန်မြို့ကြီးအား တစ်ဆက်တစ်စပ်တည်း ချဲ့ထွင်ဖော်ထုတ်လာသောကြောင့်လူနေထူထပ်မှု၊ ယာဉ်ကြောကျပ်တည်းမှု၊ မြို့ပြအင်္ဂါရပ်နှင့် မညီညွတ်မှုစသည့် စိန်ခေါ်မှုမျိုးစုံတို့နှင့် ကြုံတွေ့နေရသည်။

 

မြို့တော်ကြီးမှာ စင်ကာပူနိုင်ငံအရွယ်အစားထက် ကြီးမားလာသော်လည်း မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်မှု၊ လူနေမှုဘဝမြင့်မားမှု၊ နိုင်ငံကြီးသားပီသမှုတို့မှာ အလှမ်းဝေးနေသေးသည်ကို တွေ့ရသည်။ အစဉ်အဆက်မြို့ပြတည်ဆောက်မှု အစီအမံအားနည်းမှုတို့ကြောင့် မြို့ဟူ၍သာ မည်ကာမတ္တခေါ်ဆိုလောက်ပြီး နိုင်ငံတကာမြို့ပြအင်္ဂါရပ်များနှင့် မညီညွတ်သေးသည်ကို တွေ့ရသည်။ ထိုအခါ မလိုလားအပ်သော ပြဿနာများ၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရပြီး ဖြေရှင်း၍မဆုံးနိုင်သော အခြေအနေများနှင့် ကြုံတွေ့နေရသည်။

 

လက်ရှိအစိုးရလက်ထက်တွင် မြို့ပြစီမံကိန်းများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ စနစ်တကျဖော်ဆောင်နိုင်ရန် ကြိုးပမ်းအားထုတ်လာသည်ကို မြင်တွေ့ရသည်။ အကောင်အထည်ဖော်ပြီး အကောင်အထည်ဖော်ဆဲ အိမ်ရာစီမံကိန်းများရှိသလို အကောင်အထည်ဖော်ရန် လျာထားသည့် စီမံကိန်းများကိုလည်း ပြည်သူလူထုအား ချပြထားသည်။ ရန်ကုန်မြို့၏ မြောက်ဘက်သို့ တိုးချဲ့ရန်လျာထားခြင်း၊ ရန်ကုန်-ဘောနက်ကြီး လမ်းပိုင်းတစ်ဝိုက်တွင် ကိုရီးယားနိုင်ငံမှ စက်မှုဇုန်များနှင့် အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမကြီး၏ အစိတ်အပိုင်းအဖြစ် အစိမ်းရောင်မြို့ပြစီမံကိန်းများ ထူထောင်ရန် လျာထားဆောင်ရွက်နေသည်။

 

ဆက်လက်၍ စက်မှုဇုန်၊ စက်ရုံ၊ အလုပ်ရုံ၊ လူနေအိမ်ရာများ ပါဝင်သည့် နည်းပညာများတိုးတက်သော SMART CITY ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းထူထောင်လိုက်ကြောင်း သိရသည်။ အဆိုပါ မြို့သစ်စီမံကိန်းကို ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တစ်ဖက်ကမ်းတွင် ထူထောင်မည်ဖြစ်ရာ အကောင်အထည်ဖော်ဆဲကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်း နှစ်သန်းခန့် ဖော်ထုတ်ပေးနိုင်မည်ဟု သိရသည်။ အဆိုပါ မြို့သစ်စီမံကိန်းထူထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ ရန်ကုန်မြစ်အနောက်ဘက်ကမ်းရှိ မြေဧက နှစ်သောင်းကို ဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်သည်။

 

ထိုသို့ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ၊ အိမ်ရာများနှင့် အလုပ်အကိုင်များ ဖန်တီးပေးရန်အတွက် ရည်ရွယ်သည်။ ငါးနှစ်အတွင်း အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပြီး မြို့တည်ဆောက်ရေး ပထမအဆင့် အခြေခံအဆောက်အအုံလုပ်ငန်းများကို ပျမ်းမျှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ ရွာမြို့ ငါးခု၊ တံတား နှစ်စင်း၊ ၂၆ ကီလိုမီတာ အရှည် ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစက်ရုံ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ ပါဝင်မည်ဖြစ်သည်။

 

မြို့ပြစီမံကိန်းအသစ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ပေးခြင်းသည် ရန်ကုန်မြို့နေ ပြည်သူလူထု၏ အကျိုးစီးပွားနှင့် နိုင်ငံအတွက် အဓိကကျသော ပုံရိပ်ကောင်းမွန်ရေးကို အကောင်အထည်ဖော်ပေးခြင်းဖြစ်၍ မြို့ပြပုံရိပ်ကို ညှိုးနွမ်းစေရန် ဖြစ်ပေါ်လာမည့် အခြေအနေများကို ကြိုတင်မြော်တွေးကာစီမံကိန်း မပြီးစီးမီ စနစ်တကျဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။

(ကြေးမုံ)