မေ ၁၁
ပူပြင်းခြောက်သွေ့သော နွေရာသီတွင် ပြည်သူများ၊ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် စက်ရေတွင်းများ တူးဖော်လှူဒါန်းခြင်းနှင့် ရေသယ်ယာဉ်များ လှူဒါန်းခြင်းကို ကမ္ဘောဇဘဏ်က ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ရှိ ပြည်သူများအတွက် ရေသယ်ယာဉ်သစ် နှစ်စီးကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိထံ မေ ၈ ရက်တွင် ပေးအပ်လှူဒါန်းခဲ့သည်။
မွန်ပြည်နယ်ရှိ ပြည်သူများအတွက် စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း ၉၀၀ ရှိသော ဂါလံ ၃၀၀၀ ဆံ့ ရေသယ်ယာဉ်သစ် နှစ်စီးကို ပေးအပ်လှူဒါန်းခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအတွက် ၅၂ စီးမြောက် လှူဒါန်းခြင်း ဖြစ်သည်။ ကမ္ဘောဇဘဏ်သည် ဧပြီ ၁ ရက်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများအတွက် အစီး ၅၀ ပြည့် ရေသယ်ယာဉ်သစ်ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ သို့ လှူဒါန်းခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ ပြည်သူများအတွက် ရေပြတ်လပ်မှု မရှိစေရေး We Love Yangon အဖွဲ့နှင့် ပူးပေါင်းကာ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းသွားမည်ဟု သိရသည်။
ထို့အတူ ကမ္ဘောဇဘဏ်သည် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအတွက် အင်္ဂလန်နိုင်ငံထုတ် Dando Heavy-duty ရေတွင်းတူးစက်ကြီး နှစ်စီးဖြင့် စက်ရေတွင်းများ တူးဖော်လှူဒါန်းလျက်ရှိရာ မေ ၉ ရက်က ညောင်ဦးခရိုင်၊ မန်ကျည်းစောက်ကျေးရွာတွင် တူးဖော်လှူဒါန်းခဲ့သည်။
ကမ္ဘောဇဘဏ်သည် Myanmar Airways International (MAI)၊ Air KBZ၊ KBZ MS General Insurance နှင့် KBZ Life တို့နှင့်လက်တွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ယနေ့အထိ ငွေကျပ်သိန်းပေါင်း ၃၃,၉၁၄ ကို လှုဒါန်းခဲ့ပြီးဖြစ်သည်။
ကိုကျော်


