ပြည်သူများ သွားလာရေးအဆင်ပြေစေရန် မင်းဘူးမြို့ရှိ အဓိကမိန်းလမ်းမကြီးကို နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်

မင်းဘူး မေ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး - စလင်း - တညောင် - ဆိပ်ဖြူလမ်းပိုင်း၌ အများပြည်သူအသုံးပြုလျက်ရှိသော မင်းဘူးမြို့ရှိ အဓိကမိန်းလမ်းမကြီးကို ပြည်သူများသွားလာရေး လွယ်ကူချောမွေ့အဆင်ပြေစေရန် ယခင်ကတ္တရာလမ်းပိုင်းအား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၁)ထံမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူး - စလင်း - တညောင် - ဆိပ်ဖြူလမ်းပိုင်း၌ မင်းဘူးမြို့ဧရိယာရှိ (အဓိကလမ်း) မူလကတ္တရာလမ်း အရှည် ၁ မိုင် ၁ ဖာလုံအား ပေ ၃၀ အကျယ်မှ ၄၈ ပေ အကျယ် တိုးချဲ့၍ နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၁)မှ ပြည်ထောင်စုအစိုးရ ငွေလုံးငွေရင်းဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုလျာထားငွေ ၁၈၄၂ ဒသမ ၂၁ ကျပ်သန်းဖြင့် လမ်းအရှည် ၄ ဖာလုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုလျာထားငွေ ၂၄၂၀ ကျပ်သန်းဖြင့် လမ်းအရှည် ၅ ဖာလုံတို့ကို ဆောင်ရွက်သွားမည့်အပြင် ရေနုတ်မြောင်း၊ လမ်းဘေးပလက်ဖောင်းနှင့် တံတားနှစ်စင်းတိုးချဲ့ခြင်း လုပ်ငန်းများကိုလည်း ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၁)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကြည်ပိုက ပြောသည်။

အဆိုပါလမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက မေ ၅ ရက် နံနက်ပိုင်းက မင်းဘူးမြို့ အ.ထ.က(၁)ကျောင်းရှေ့ရှိ လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လမ်းအရည်အသွေး ကြံ့ခိုင်ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကို အလေးထားဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်စပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်ရှိ တုတ်ချောင်းတံတားမှ မြောက်လှည်းကောက်အဝိုင်းအပတ် အကျော်အထိ ဆောင်ရွက်သွားမည်ဖြစ်ကာ မင်းဘူးမြို့ အ.ထ.က(၁)ကျောင်းရှေ့မှ သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးအရှေ့ထိ ပေ ၆၀၀ ခန့်ကို ဦးစွာဆောင်ရွက်၍ ယခုလ ၃၀ ရက်နေ့တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် လမ်းဘေးဝဲယာ လမ်းနယ်သတ်မှတ်ခြင်း၊ အသိပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ မြေနေရာရှင်းလင်းခြင်း၊ နိုင်လွန်ကတ္တရာလမ်းအတွက် ကျောက်အရွယ်စုံခင်းရန် ဘက်ဟိုး၊ ဒိုဇာ၊ မြေသယ်ယာဉ်များဖြင့် အောက်ခံမြေပြုခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အဆိုပါလမ်းအရှည် ၁ မိုင် ၁ ဖာလုံအား နိုင်လွန်ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)