ရန်ကုန်  ၂၉  ဇူလိုင်


ရန်ကုန်တိုင်းဒေသကြီးအတွင်း သတင်းအချက်အလက်နည်းပညာတိုးတက်စေရန်၊ ပြည်သူများအား အိုင်စီတီနည်းပညာများ ပိုမိုဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်များအသင်းက “Advance Your Business with Digital Transformation” ခေါင်းစဉ်ဖြင့် အိုင်စီတီဆွေးနွေးပွဲ  တစ်ရပ်ကို သြဂုတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် MICT Park အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


မျက်မှောက်ခေတ်ကာလ၌ နည်းပညာတိုးတက်ပြောင်းလဲမှုများဖြစ်သော Industrial 4.0 နှင့်အညီ စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် မော်ဒန် အိုင်စီတီနည်းပညာများ အသုံးပြုနိုင်စေရန်၊ ထိုသို့ ပြောင်းလဲအသုံးပြုရာတွင် ရင်ဆိုင်ကြုံတွေ့နိုင်သော အခက်အခဲများ၊ စိန်ခေါ်မှုများအား မည်သို့ရင်ဆိုင် ကျော်လွှားရန်၊ ဒီဂျစ်တယ်နည်းပညာများ ပြောင်းလဲအသုံးပြုခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းများ ရရှိနိုင်မည့် အကျိုးကျေးဇူးများ ဝိုင်းဝန်းအဖြေရှာဆွေးနွေးကြမည့် စကားဝိုင်းအစီအစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။


အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက ဦးသိန်းဦးက အမှာစကားပြောကြားပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း အလုပ်အမှုဆောင် ဦးအောင်ဇေယျာလွင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်မည်ဖြစ်သည်။ ပါဝင်ဆွေးနွေးမည့်သူများအနေဖြင့် ဆော့ဖ်ဝဲလ်ထုတ် ကုန်နှင့် နည်းပညာဖွံ့ဖြိုးရေးကဏ္ဍမှ ဒေါက်တာထွန်းသူရသက်၊ ဆော့ဖ်ဝဲလ်ယူဇာနှင့် Developer များ အတွက် Consultant experience များစွာရှိသော ဦးသိန်းလွင်၊ ဒီဂျစ်တယ်ဘဏ်စနစ်အား လက်တွေ့ ဆောင်ရွက်နေသော ဦးစိုးကိုကို၊ အိုင်တီနည်းပညာအသုံးချ၍ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဒေါ်သက်သက်ခိုင်တို့က အသီးသီးပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။


စကားဝိုင်းဆွေးနွေးပွဲကို သြဂုတ်လ ၁၀ ရက်နေ့တွင် နေ့လယ် ၃ နာရီမှစတင်ကျင်းပမည်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင် အသင်းဝင် ကုမ္ပဏီအချို့မှလည်း ၎င်းတို့၏ ထုတ်ကုန်များ၊ solutions  များ၊ ဆော့ဖ်ဝဲလ်များအား လေ့လာနိုင်ရန် ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။


ထင်ပေါ်ဝင်း(ကမာရွတ်)