ပြည်သူများအား ကူညီစောင့်ရှောက်

နေပြည်တော် ၁၅ မတ်

ပြည်သူများက လေးစားအားကိုးသူ၊ ဒုစရိုက်သမားများက ကြောက်ရွံ့စိုးထိတ်သူကို ရဲ ဟုခေါ်သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့သည် ပြည်သူများက လေးစားအားကိုးသူများဖြစ်အောင် ကျင့်ကြံအားထုတ် ကြိုးပမ်းဆောင်ရွက်ကြပြီး ဒုစရိုက်သမားများ ကြောက်ရွံ့စိုးထိတ်အောင်၊ စွမ်းဆောင်ရည်မြင့်မားသော တပ်ဖွဲ့ဝင်များဖြစ်အောင် ကြိုးပမ်းအားထုတ်ကြသည်။

 

ရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို အဓိကထမ်းရွက်ကြသည်။ ရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်တွင် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ပါဝင်သည်။ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ရာတွင် အများပြည်သူအကျိုးစီးပွားကို ပိုမိုသယ်ပိုး ဆောင်ရွက်နိုင်ပြီး ပြည်သူများက ယုံကြည်ကိုးစားထိုက်သည့် စွမ်းဆောင်ရည် ထက်မြက်သော ရဲတပ်ဖွဲ့ဖြစ်ရေးသည် အလွန်အရေးကြီးသည်။

 

ထိုသို့သော ရဲတပ်ဖွဲ့ဖြစ်စေရန် တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးညီလာခံဖွင့်ပွဲနေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူ အများစုက မှုခင်းဆိုင်ရာကိစ္စအတွက်ဖြစ်စေ၊ အကူအညီတောင်းခံသည့် ကိစ္စဖြစ်စေ ရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်ရမှာကို စိုးရွံ့နေကြမယ်ဆိုရင် ရဲနဲ့ပြည်သူအကြား ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေမှာ ဖြစ်ပါတယ်၊ ဒီအကျိုးဆက်က တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်ကိုပါ တုံ့ဆိုင်းသွားစေနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

 

ရဲတပ်ဖွဲ့ကို ပြည်သူများက အကူအညီ မတောင်းခံချင်၊ မဆက်သွယ်ချင်၊ ဒုစရိုက်သမားကလည်း မကြောက်လျှင် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ ပျောက်ဆုံးမည်ဖြစ်သည်။ ထိုအခါ ပြည်သူများမှာ အိမ်ထဲမှ အိမ်ပြင် မထွက်ရဲလောက်အောင်ပင် စိုးရိမ်ထိတ်လန့်ကြောက်ရွံ့မှုများနှင့် နေထိုင်ကြရမည်ဖြစ်သည်။ ထိုသို့ မဖြစ်စေရန်အတွက် ရဲတပ်ဖွဲ့သည် ပြည်သူနှင့်အတူ လက်တွဲ၍ ဒုစရိုက်သမားရန်ကို ကာကွယ်ပေးရသည်။ ဒုစရိုက်မှုများကို ရှာဖွေနှိမ်နင်းရသည်။ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ကြရသည်။

 

လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း ရဲလုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်လျက်ရှိသော်လည်း လိုအပ်ချက်များ ရှိနေသေးသည်။ မှုခင်းများ စုံစမ်းထောက်လှမ်းမှု၊ စုံစမ်းစစ်ဆေးမေးမြန်းမှု၊ သက်သေခံအချက် အလက်များရယူမှု၊ မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ ဆိုက်ဘာမှုခင်းဆောင်ရွက်မှု စသည့်မှုခင်းပုံစံသစ်များကို ကိုင်တွယ်ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိသည်ဟု သိရသည်။

 

ထိုသို့အချက်များရှိသော်လည်း ရဲတပ်ဖွဲ့အနေဖြင့် စွမ်းဆောင်ရည်နှင့်လိုအပ်ချက်များကို အစဉ်အမြဲ ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်ကိုလည်းတွေ့ရသည်။ အထူးသဖြင့် မှုခင်းများကျဆင်းပြီး မှုခင်းဖြစ်ပွားလျှင်လည်း အလျင်အမြန် အရေးယူဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအား အလျင်အမြန် ကူညီစောင့်ရှောက်ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ ယုံကြည်လေးစားအားကိုးမှုကို ရယူနိုင်ရန်ဖြစ်သည်။

 

အများပြည်သူကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရာတွင် ရဲတပ်ဖွဲ့တစ်ခုတည်းသာ မဟုတ်ဘဲ ဆက်စပ်အဖွဲ့အစည်းများအားလုံးကလည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် မြို့နယ်အုပ်ချုပ်ရေး၊ တရားရုံး၊ ဥပဒေရုံး၊ ရဲတပ်ဖွဲ့တို့သည် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်နေသည်။

 

သို့ဖြစ်ရာ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများသည် နိုင်ငံအတွက် အလွန်အရေးကြီးသောလုပ်ငန်းများဖြစ်၍ လုံခြုံရေး၊ တရားရေး၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အမှုထမ်းများက လုပ်ငန်းများကို ထိထိရောက်ရောက် လက်တွဲအကောင်အထည်ဖော်ခြင်းဖြင့် ပြည်သူများ ကျေနပ်မှုရကာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းဆောင်ရွက်သူများအပေါ် မေတ္တာထားမှုနှင့် လေးစားမှုတို့ကို ခံယူရရှိ နိုင်မည်ဖြစ်ပါကြောင်း။ ။

(ကြေးမုံ)