ပြည်သူများအဆင်ပြေစေရေး အလေးထား လုပ်ကိုင်ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၂၈


မျက်မှောက်ကာလ၌ ပြည်သူများ ကြုံတွေ့နေရသောအခက်အခဲမှာ ကုန်စည်ဈေးနှုန်းများ တစ်နေ့ထက်တစ်နေ့ မြင့်မားနေခြင်းဖြစ်သည်။ ကုန်စည်ဈေးနှုန်းများ မြင့်မားနေရခြင်းအကြောင်းမှာ ကမ္ဘာ့ရွှေဈေး၊ ငွေဈေးနှုန်းများ မြင့်တက်လာသည်ကို အကြောင်းပြု၍ ကုန်စည်ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာခြင်းဖြစ်သည်။ တစ်ဦးချင်းဝင်ငွေ ပုံမှန်အခြေအနေတွင် လူသုံးကုန်၊ စားသောက်ကုန်ဈေးနှုန်းများ မြင့်မားလာသောအခါ ပြည်သူများအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။

လက်ရှိဖြစ်ပေါ်နေသော အခြေအနေကို ပြေလည်စေရန်အတွက် နိုင်ငံတော်အစိုးရက ငွေကြေးကဏ္ဍ၊ ကုန်စည်ဈေးနှုန်းကဏ္ဍများတွင် ဖြစ်နိုင်သည်များကို အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် သွင်းအားစုများကို ဈေးနှုန်းသက်သာစွာဖြင့် ရရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ တစ်ဖက်တွင် ဆင်းရဲကျပ်တည်းမှုနှင့် အခက်အခဲများ ကြုံတွေ့နေသည့် အခြေခံပြည်သူများအား တပ်မတော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ဦးဆောင်၍ ထောက်ပံ့ပေးမှုများ၊ ပြည်သူများ နေ့စဉ်လိုအပ်လျက်ရှိသည့် အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားဖြင့် လိုက်လံရောင်းချပေးနေမှုများကို တွေ့ရမည်ဖြစ်သည်။

အမှန်တကယ်တွင် ကုန်စည်ဈေးနှုန်းများ ကြီးမြင့်နေခြင်းမှာ မြန်မာနိုင်ငံတွင် သာဖြစ်ပေါ်နေသည်မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများတွင်လည်း ကုန်စည်ဈေးနှုန်းများ ကြီးမြင့်လာမှုကို ကြုံတွေ့နေရပေသည်။ မြန်မာနိုင်ငံရှိ ကုန်ပစ္စည်းများမှာ ဈေးနှုန်းကြီးမြင့်နေသလို အခြားနိုင်ငံများတွင်လည်း ဈေးနှုန်းများကြီးမြင့်လျက်ရှိသည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုမှာ ၁၁ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ယခင်က ကုန်ပစ္စည်းဈေးနှုန်းများထက် ယခုအခါ ဒေါ်လာရာဂဏန်း ပိုမိုများလာသည်ကို တွေ့ရသည်။ သို့သော် လူတစ်ဦးချင်းဝင်ငွေ မြင့်မားမှုနှင့်နိမ့်ကျမှု ကွာခြားချက်ရှိပြီး ဝင်ငွေနည်းပါးသော မြန်မာနိုင်ငံအဖို့ အခြေခံလူတန်းစားများမှာ အခက်အခဲများနှင့် ကြုံတွေ့ရသည်။

ယင်းကို ကုစားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအပိုင်းက ဆောင်ရွက်ပေးနိုင်သည်များကို ဆောင်ရွက်ပေးလျက်ရှိပြီး ကုန်ထုတ်လုပ်သူများ၊ ရောင်းဝယ်ဖောက်ကားသူများနှင့် စားသုံးသူပြည်သူများ အပိုင်းကလည်း အများပြည်သူ အဆင်ပြေစေရေးအတွက် အသိတရားဖြင့် အလေးထား ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပေသည်။ အရေးပါသည့်ကဏ္ဍများမှာ ကုန်စည်ထုတ်လုပ်သူများနှင့် ရောင်းဝယ်ဖောက်ကားသူများဖြစ်သည်ဟု ဆိုနိုင်ပြီး နိုင်ငံခြားငွေကြေးဈေးနှုန်း အတက်/အကျပေါ် မူတည်၍ အတ္တဟိတ၊ ပရဟိတစိတ်ထားဖြင့် အများပြည်သူ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ရေးမှာ အရေးကြီးသည်။ သာဓကအားဖြင့် နိုင်ငံခြားငွေကြေးမြင့်တက်စဉ်အခါက စားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်း အချို့သည် ၎င်းတို့ ကုန်ပစ္စည်းများအပေါ်တွင် ဈေးနှုန်းပိုမိုမတင်၊ ကုန်ပစ္စည်း အရည်အသွေးမလျှော့ဘဲ ပမာဏအနည်းငယ် လျှော့ချပေးလိုက်ခြင်းဖြစ်သည်။

အခြားစားသောက်ကုန်ပစ္စည်းများမှာ နိုင်ငံခြားငွေကြေးမြင့်တက်လာမှုကို အကြောင်းပြု၍ ၎င်းတို့၏ ကုန်ပစ္စည်းများကို ဈေးနှုန်းနှစ်ဆမက တင်လိုက်ကြသည်။ ထိုအခါ စားသုံးသူပြည်သူများမှာ အခက်အခဲဖြစ်ကြခြင်းနှင့်အတူ ဝယ်ယူသုံးစွဲမှု အပိုင်းတွင် လျှော့ချလိုက်ကြရာ ရောင်းဝယ်ဖောက်ကား ထုတ်လုပ်သူများအနေဖြင့် ရောင်းအားကျဆင်းပြီး အမြတ်အစွန်းအပိုင်းတွင် ပုံမှန်အတိုင်းပင်ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ယခုအခါတွင် နိုင်ငံခြားငွေကြေးဈေးနှုန်းများ အနည်းငယ် ပြန်လည်ကျဆင်းလာပြီး စက်သုံးဆီဈေးနှုန်းများမှာလည်း အနည်းငယ်ပြန်လည် ကျဆင်းလာသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအခါ ကုန်ပစ္စည်းရောင်းဝယ် ဖောက်ကားထုတ်လုပ်သူများအနေဖြင့် အများပြည်သူအကျိုးစီးပွားကို ရှေးရှု၍ ကုန်စည်ဈေးနှုန်းများကို ပြန်လည်ထိန်းညှိ ဆောင်ရွက်ကြရန် လိုအပ်သည်။

အချို့ကုန်စည်ရောင်းဝယ်ဖောက်ကားထုတ်လုပ်သူများအနေဖြင့် နိုင်ငံခြားငွေကြေးနှင့် စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာသော်လည်း အကျနှုန်းဖြင့် ဝယ်ယူထားသော ရောင်းကုန်များကို ပြန်လည်ချထားပေးခြင်းမရှိဘဲ မိမိတို့အတွက် အမြတ်အစွန်းပိုမိုရရှိလာရန် ရည်ရွယ်ချက်ဖြင့် ဈေးနှုန်းဆက်လက်တင်ထားခြင်းသည် စားသုံးသူပြည်သူများအပေါ် မထောက်ထားသည့် ဝိသမလောဘအမြတ် ကြီးစားမှုကို ဖြစ်စေသည်။ ထိုကဲ့သို့ ငွေကြေးတရားမဝင် လုပ်ကိုင်မှုများ၊ ဈေးကစားမှုများကို တိုက်ဖျက်နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဝင်ငွေနည်းသော အခြေခံလူတန်းစားများမှာ အများစုဖြစ်ပြီး အခြေခံပြည်သူများ အဆင်ပြေစေရေးအတွက် အစိုးရအပိုင်းကသာမက အားလုံးပါဝင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကုန်စည်ဈေးနှုန်းများမှာ ပထဝီနိုင်ငံရေးနှင့် ဖိအားပေး အကျပ်ကိုင်မှုများကြောင့် အတက်ဘက်တွင် ရှိနိုင်သည်ဖြစ်သော်လည်း ဈေးနှုန်းကျဆင်းမှုများလည်းရှိမည်ဖြစ်ရာ စားသုံးသူပြည်သူများအပေါ် အလေးထား၍ အပြောင်းအလဲနှင့် လိုက်လျောညီထွေစွာ အဆင်ပြေအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

ကြေးမုံ