ပြည်သူများ၏ အကျိုး၊ နိုင်ငံတော်၏အကျိုး ကြိုးပမ်းဆောင်ရွက်ရင်း ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဦးခင်မောင်ရင် ပြောကြား

နေပြည်တော် ၁၃ ဒီဇင်ဘာ


ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၂/၂၀၁၇)မှ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ သာမန်အသုံးစရိတ် (၁၉၅၄.၈၄၇) ကျပ်သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် (၁၉၆၄၁. ၉၆၀) ကျပ်သန်း၊ စုစုပေါင်း (၂၁၅၉၆.၈၀၇) ကျပ်သန်းတို့အား အတည်ပြုကြောင်းနှင့် ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်း ရငွေ (၁၆၅၇၃၃.၇၇၆) ကျပ်သန်း၊ သုံးငွေ (၁၆၅၇၃၃. ၇၇၆) ကျပ်သန်းတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၃(ခ)အရ အတည်ပြုနိုင်ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင် က ပြောပါတယ်။

 

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၁၇) (တတိယနေ့)ကို ယနေ့တွင်  ကျင်းပခဲ့ပြီး ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်က နိဂုံးချုပ် မိန့်ခွန်းအမှာစကားတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

 

ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လစာ ဘဏ္ဍာငွေ ရငွေပေါင်း (၁၃၁၅၇.၇၆၅) ကျပ်သန်း၊ သုံးငွေ (၇၇၀ဝ၃.၅၀၂) ကျပ်သန်း၊ လိုငွေ (၆၃၈၄၅.၇၃၇) ကျပ်သန်း လျာထားချက်တို့အား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၄ အရ အတည်ပြုနိုင်ခဲ့တယ်လို့ ပြောပါတယ်။

 

ပြည်သူများက ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ပြည်သူများ၏အသံကို လွှတ်တော်အသံအဖြစ် လည်းကောင်း၊ ပြည်သူများ၏ဆန္ဒကို လွှတ်တော်၏ ဆန္ဒအဖြစ်လည်းကောင်း ဆောင်ရွက်နိုင်ခဲ့ကြသည့် အပြင် ပြည်သူများ၏ မျှော်လင့်ချက်ဖြစ်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပွင့်လင်းရာသီ ဘဏ္ဍာရေးနှစ်၏  နောက်ဆုံးကာလ (၃)လ ဖြစ်သော ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လများအတွင်း လွှတ်တော်က လက်တွေ့ကျကျ အားကြိုးမာန်တက် အကောင်အထည်ဖော် ဆောင်ရွက်ကြရမယ်လို့ ဦးခင်မောင်ရင်က ပြောပါတယ်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ပြည်သူများ၏အကျိုး၊ နိုင်ငံတော်၏အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။

 

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၁၇) ကို ၂၀၁၇-၂၀၁၈ ပဲခူးတိုင်းဒေသကြီး၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(ကြမ်း)နှင့် ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၈ ခု ဘဏ္ဍာရေးနှစ် (၆)လအတွက် မူလခန့်မှန်းခြေ လျာထားချက်စာရင်းတို့ကို အတည်ပြုပေးရန်အတွက် ကျင်းပခြင်း ဖြစ်သည်။


မျိုးထက်ဦး(MDN)