ပြည်သူများ၏ စုပေါင်းအင်အားဖြင့် ကြိုးပမ်း

၁၇ စက်တင်ဘာ

 

“ပြည်သူများ၏ ပါဝင်မှုသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတစ်ရပ်၏ အကြီးမားဆုံးစွမ်းအားဖြစ်သကဲ့သို့ အကြီးမားဆုံးစိန်ခေါ်မှုလည်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဆန်းကျယ်လှပသည့် မတူကွဲပြားခြားနားမှုများကို ထင်ရှားပေါ်လွင်စေရန်အတွက် သန်းချီသော ပြည်သူများ၏ ဆန္ဒနှင့် ရည်မှန်းချက်များကို တစုတစည်းတည်း ဖြစ်အောင် လုပ်ဆောင်နိုင်ရန်မှာ အလွန်ကြီးကျယ်ခက်ခဲသည့် လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း၊ မိမိတို့ပြည်သူ များမှာ ထိုစိန်ခေါ်မှုကိုကျော်လွှားပြီး အသွင်ကူးပြောင်းရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်စွမ်းရှိသည်ဟု မိမိယုံကြည်ကြောင်း” မကြာသေးမီကာလက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံခရီးစဉ်အတွင်း ဟောပြောဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

 

မတူကွဲပြားသည့် တိုင်းရင်းသားပြည်သူများ စုစည်းနေထိုင်ကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် နိုင်ငံငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ပြည်သူများ လူမှုဘဝမြင့်မားတိုးတက်ရေးအတွက် ချမှတ်ထားသည့် ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော်ရာတွင် ပြည်သူများ၏ အခန်းကဏ္ဍမှာလွန်စွာ အရေးကြီးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်းဆိုပြောကြားခဲ့ပြီး ရည်မှန်းချက်များ အောင်မြင် စေရန်အတွက် ဒီမိုကရေစီအစိုးရ၏တာဝန်များမှာ အလွန်အရေးပါကြောင်း နိုင်ငံတော်သမ္မတက မှာကြား ထားသည်။

 

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့သို့ နိုင်ငံတော်သမ္မတပေးပို့ခဲ့သည့် သဝဏ်လွှာတွင် “ဒီမိုကရေစီ အစိုးရဟာ ပြည်သူလူထုကိုအလုပ်အကျွေးပြုရန် တည်ရှိနေခြင်းဖြစ်ပြီး ပြည်သူလူထုသည် အစိုးရကို အလုပ်အကျွေးပြုရန် တည်ရှိနေခြင်းမဟုတ်”ဆိုတဲ့ သဘောတရားအပေါ်မှာ ဒီမိုကရေစီစနစ်ဟာ အခြေပြုနေပါတယ်။ ဒီမိုကရေစီရှင်သန်ရေးအတွက်မိမိတို့ကိုယ်တိုင်ကလည်း အမှားကင်းအောင် အထူး ကြိုးစားကြဖို့ လိုအပ်ပြီးမိမိတို့နိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ နိုင်ငံသားများရဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဒီမိုကရေစီမျိုးစေ့ကို အမြစ်တွယ်ရှင်သန်ဖွံ့ဖြိုးဖို့ အားလုံး တက်ညီလက်ညီ ကြိုးစားကြဖို့လိုပါတယ်”ဟု အသိပေးထားသည်။

 

နိုင်ငံသူ၊ နိုင်ငံသားအားလုံးမျှော်မှန်းထားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားများအားလုံးပါဝင်သည့် လူထုလူတန်းစားအဖွဲ့အစည်းအားလုံး၏ စုပေါင်းအင်အားနှင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်မှုသည် အလွန်အရေးကြီးပေသည်။ ဒီမိုကရေစီဆိုသည်မှာ ပြည်သူ့အင်အားနှင့် ပြည်သူ့အာဏာကို မဏ္ဍိုင်ပြုသည့် နိုင်ငံရေးစနစ်ဖြစ်သောကြောင့် ဒီမိုကရေစီစနစ် ပီပြင်စွာအကောင်အထည်ဖော်ရေး၊ ပြည်သူများ၏ လိုအင်ဆန္ဒနှင့်မျှော်မှန်းချက်များ ဖြည့်ဆည်း ပေးရေးတို့အတွက် အားလုံးတက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

 

ဒီမိုကရေစီအစိုးရသည် ပြည်သူလူထုကို အလုပ်အကျွေးပြုရန် တည်ရှိနေခြင်းဖြစ်သောကြောင့် ပြည်သူလူထုအကျိုးကို သယ်ပိုးထမ်းဆောင်ရာတွင် မှန်ကန်မှု၊ တရားမျှတမှု၊ အမှားအယွင်းမရှိမှုတို့ ဖြစ်အောင် ကြိုးပမ်းအားထုတ်ပေးကြရမည်ဖြစ်သည်။ လက်ရှိတွင် ပြည်သူ့အစိုးရ၊ဒီမိုကရေစီအစိုးရ၏ တာဝန်နှင့် လုပ်ဆောင်မှုများကို ပီပြင်စွာဆောင်ရွက်လာနိုင်သည်ကို မြင်တွေ့ရသည်။ အစိုးရအနေဖြင့် နိုင်ငံအတွင်း အမြစ်တွယ်လာခဲ့သည့် အဂတိလိုက်စားမှုများ၊ ပြည်သူ့အာဏာကို မလျော်မကန်ပြုလုပ်မှုများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်မှုများကို ထိရောက်စွာတားဆီးနှိမ်နင်းနေပြီး ပြည်သူ့အကျိုးစီးပွားကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် အကောင်အထည်ဖော်နေသည်ကို တွေ့ရပါသည်။

 

သို့ဖြစ်ရာ ဒီမိုကရေစီနိုင်ငံ အကောင်အထည်ပေါ်လာရေး၊ ပြည်သူများ မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်ဖြစ်ထွန်းရေးအတွက် ဒီမိုကရေစီစံနှုန်းများကို အတတ်နိုင်ဆုံး လေးစား လိုက်နာပြီးတိုင်းရင်းသား ပြည်သူအားလုံးတစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားလိုက်နာမှု၊ ယုံကြည်မှု၊ ချစ်ခင်မှု၊ အတူလက်တွဲဆောင်ရွက်မှု၊ စည်းကမ်းဥပဒေများကို အလေးထားလိုက်နာမှု၊ တာဝန်သိတတ်မှုများဖြင့် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ။(ကြေးမုံ)