မတ် ၁၉
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နယ်မြေဒေသများသို့ ကွင်းဆင်းသွားရောက်ခဲ့သည့် ခရီးစဉ်တိုင်းတွင် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံတွေ့ဆုံကာ ပြည်သူများ သိလိုသည်များနှင့် လိုအပ်ချက်များကို လွတ်လပ်စွာ ထုတ်ဖော်ဖွင့်ဟပြောကြားခွင့် ပြုပေးပြီး ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ လိုအပ်သည်များအား အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခြင်းတို့ကို ပြုလုပ်ပေးနေပါသည်။
ပြည်သူများအနေဖြင့် နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရကြရာ၌ ပြည်သူအများစု၏ဆန္ဒမှာ ၎င်းတို့၏ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ မြေယာသိမ်းဆည်းမှုအရေး၊ လျှပ်စစ်မီးရရှိရေး စသည့်အခြေခံလိုအပ်ချက်များဖြစ်ကြပြီး ယင်းတို့နှင့်ပတ်သက်၍ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို ဦးတည်မေးမြန်းလေ့ရှိကြပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ဆန္ဒဖြစ်သည့် အဆိုပါ အခြေခံလိုအပ်ချက်များအား နှစ်စဉ်ခွင့်ပြုပေးနိုင်မှုအလိုက် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။ ပြည်သူများ လူမှုစီးပွားဘဝမြင့်မား တိုးတက်ရေးအတွက် မြို့ပြများအဆင့်မြှင့်တင်ရေးကို ဆောင်ရွက်ပေးနေသလို ကျေးလက်ဒေသများ လူမှုဘဝမြင့်မားတိုးတက်ရေးကိုလည်း ချန်မထားဘဲအတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေပါသည်။ အထူးသဖြင့် ဝေးလံခေါင်ဖျားသည့် နယ်စပ်ဒေသများနှင့် တောင်ပေါ်ဒေသများအား ပြည်သူ့အစိုးရက ဦးစားပေးဆောင်ရွက်နေသည်ကို မြင်တွေ့ရမည် ဖြစ်ပါသည်။
နယ်စပ်ဒေသများနှင့် တောင်ပေါ်ဒေသများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလှမ်းဝေးနေဆဲဖြစ်သော ဒေသများဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါဒေသအများစုဖြစ်သည့်ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်ဒေသများ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးနေပြီး ဖွံ့ဖြိုးတိုးတက်မှုနည်းပါးနေသည့် ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို စီမံကိန်းများဖြင့် အကောင်အထည်ဖော်လျက် ရှိပါသည်။
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းကို မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိရာ အဆိုပါစီမံကိန်းဝင် ပလက်ဝတံတား တည်ဆောက်ရေးအတွက် ရန်ကုန်မြို့မှ ပစ္စည်းကိရိယာများ တင်ဆောင်လာသော အရပ်ဘက် ကုန်တင်ရေယာဉ်မှာ မတ်လ ၁၆ ရက်နေ့က ပလက်ဝမြို့သို့သွားရောက်စဉ် အေအေအဖွဲ့က အကြမ်းဖက် စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်ကို စိတ်မကောင်းဖွယ်တွေ့ရှိရပါသည်။
ပြည်သူများ၏ လိုအင်ဆန္ဒများဖြစ်သည့် ဒေသဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်ရာတွင် နယ်မြေဒေသများ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးရှိမှသာ ထိရောက်စွာဆောင်ရွက်နိုင်သည်ကို အဆိုပါဖြစ်ရပ်က မီးမောင်းထိုးပြလိုက်ပါသည်။ အလားတူပင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသော ဒေသများတွင် တစ်ဖက်နှင့်တစ်ဖက် ရန်လိုမုန်းထား တိုက်ခိုက်မှုများကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေး၌ အခက်အခဲများ ရှိနေသည့်အပြင် ဒေသခံပြည်သူများလည်း ဒုက္ခအခက်အခဲများ ရှိနေကြပါသည်။
လက်နက်ကိုင်ဖြေရှင်းခြင်းသည် ပြဿနာတစ်ရပ်ကိုဖြေရှင်းရာ မရောက်ဘဲ တိုင်းရင်းသားပြည်သူများသာ ဒုက္ခဆင်းရဲ ရောက်ရသည်။ ပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းတွင် ဖြေရှင်းခြင်းဖြင့်သာ အဖြေတစ်ခုကိုရနိုင်ပေသည်။ ဤနေရာတွင် တောင်အာဖရိက သမ္မတဟောင်းဖြစ်သည့် နယ်ဆင်မန်ဒဲလား ပြောကြားခဲ့သော “ငြိမ်းငြိမ်းချမ်းချမ်းရှိရန်အတွက် မသင့်မမြတ်သည့်ရန်သူနှင့် အတူလက်တွဲလုပ်ဆောင်မှု ဦးစွာပြုရမည်။ ပြီးလျှင် အတူလက်တွဲလုပ်ဆောင်မှုမှ မိတ်ဆွေဖွဲ့နိုင်ရမည်။ သို့မှသာ ရန်သူမရှိ မိတ်ဆွေသာရှိသည့် ဆက်ဆံရေးမျိုးကို ထူထောင်နိုင်ရမည်”ဟူသည့် အမှာစကားသည် မှတ်သားလိုက်နာစရာဖြစ်သည်။
သို့ဖြစ်ရာ ယနေ့ကြုံတွေ့နေရသည့် ပဋိပက္ခများအဆုံးသတ်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တူညီသည့်ဘုံရည်မှန်းချက်ဖြစ်မည့် ငြိမ်းချမ်းရေးခရီးလမ်းသို့ တက်လှမ်း၍ ဆွေးနွေးညှိနှိုင်း အဖြေရှာပြီး ပြည်သူများ၏ဆန္ဒဖြစ်သည့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးတည်ရှေးရှုဖော်ဆောင်ကြရမည် ဖြစ်ပါကြောင်း။
ကြေးမုံ