၈ ဧပြီ
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူများ၏ ၇၀ ရာခိုင်နှုန်းသည်ကျေးလက်နေပြည်သူအများစုဖြစ်သည်။ ပြည်သူအများစု၏ အခြေခံလိုအပ်ချက်မှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်မီးလင်းရေးဖြစ်သည်။ အဆိုပါ အခြေခံလိုအပ်ချက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီဖြည့်ဆည်းပေးနိုင်ပါက ပြည်သူများလူမှုဘဝမြင့်မားတိုးတက်လာပြီး တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်မည်။
အဆိုပါအခြေခံလိုအပ်ချက်များတွင် လျှပ်စစ်မီးလင်းရေးမှာ အခြေခံပြည်သူများအတွက် လူမှုဘဝမြင့်မားရေးကို အဓိကအထောက်အကူပြုသည်။ တစ်ချိန်သောကာလက မီးအိမ်ပြပြလေးများဖြင့် အမှောင်ထုကြားတွင် နေထိုင်ခဲ့ရသော ကျေးလက်ဒေသအများစုမှာ ယနေ့ကာလတွင် အလင်းဆောင်နေပြီ။ ထိုအလင်းကို နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းစနစ်ဖြင့်လည်းကောင်း၊ အကူအညီအထောက်အပံ့စနစ်ဖြင့်လည်းကောင်း၊ ကိုယ့်အား ကိုယ်ကိုးစနစ်ဖြင့်လည်းကောင်း ရရှိကြသည်။ သို့သော် တစ်နိုင်ငံလုံးရှိကျေးလက်အားလုံးအတွက်မူ လိုအပ်ချက်များရှိနေသေးသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အား စုစုပေါင်းထုတ်လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၃၈၀ဝ ခန့်ရှိပြီး ယင်းတွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု၃၂၅၅ မဂ္ဂါဝပ်ခန့်ရှိသည်။ ယင်းပမာဏသည် လူမှုဘဝကို သင့်တင့်မျှတစွာ ဖြည့်ဆည်းပေးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ခုနစ်ရာ ခိုင်နှုန်း အကျိုးပြုသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး လျှပ်စစ်မီးရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
လျှပ်စစ်ဓာတ်အားပေးရေးတွင် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့စနစ်တို့မှာ ပြည်သူများအတွက် သက်သာလွယ်ကူသည်။ မဟာဓာတ်အား လိုင်းစနစ်နှင့် အလှမ်းမမီသောဒေသများတွင် ဒီဇယ်သုံးမီးစက်ကြီးများကိုအသုံးပြုနိုင်သော်လည်း ပြည်သူများအတွက် ကုန်ကျစရိတ်များသည်။ ယခုအခါ အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီဆောင်ရွက်ပေးမှုဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ပေးနိုင်သည်မှာ ကျေးလက်ဒေသမီးလင်းရေးအတွက် များစွာအထောက်အကူပြု မည်ဖြစ်သည်။
နိုင်ငံတော်က ပြည်သူများ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးကိုစဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသည်။ နိုင်ငံတော်မဟာဓာတ်အားလိုင်း စနစ်နှင့် အလှမ်းကွာဝေးသောဒေသများအတွက် နေရောင်ခြည်သုံး ဓာတ်အားပေးရေးစနစ်မှာ ပြည်သူများ ကုန်ကျစရိတ်သက်သာပြီး တစ်နိုင်ငံလုံးရှိ ကျေးလက်ဒေသများကို ဖြန့်ကြက်ဆောင်ရွက်ပေးနိုင်သဖြင့် အဆိုပါဓာတ်အားပေးစနစ်များ တိုးတက်တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
ယခုအခါ ကျေးရွာများမီးလင်းရေးကို နေရောင်ခြည်သုံးစွမ်းအင်ဖြစ်သည့် ဆိုလာဓာတ်အားပေးရုံစနစ်ဖြင့် ဒေသဆိုင်ရာအစိုးရ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ပုဂ္ဂလိကလုပ်ငန်းနှင့် ပြည်သူလူထုတို့ စုပေါင်း ဆောင်ရွက်နေကြပြီဖြစ်ရာ ကျေးလက်ဒေသများ ၂၄ နာရီ မီးလင်းရေး လုပ်ငန်းများ တစ်စတစ်စတိုးပွားလာတော့မည်ဖြစ်သည်။ နိုင်ငံတော်က ကျေးလက်မီးလင်းရေးစီမံကိန်း မြေနေရာရွေးချယ်ရာ တွင် နိုင်ငံတော်မဟာ ဓာတ်အားလိုင်းစနစ်နှင့် ၁၀ မိုင်နှင့်အထက်ဝေးကွာပြီး လျှပ်စစ်မီးမရနိုင်သောဒေသများကို လာမည့် ၁၀ နှစ်အတွင်း ဦးစားပေးရွေးချယ်တည်ဆောက်ပေးခြင်းဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးအတွက်အကောင်အထည်ဖော်ပေးနေသည်။
သို့ဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးရှိ တောင်ပေါ်မြေပြန့်မကျန် တိုင်းရင်းသားပြည်သူအားလုံး တစ်ပြေးညီ မျှတဖွံ့ဖြိုးတိုးတက်ရေးသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် အရေးကြီးသဖြင့် ပြည်သူတို့၏ လူမှုဘဝတွင် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် လျှပ်စစ်မီးရရှိရေးကိုအစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူလူထု လက်တွဲပူးပေါင်းမှုဖြင့် နိုင်ငံတော်မဟာ ဓာတ်အားလိုင်းစနစ်များအပြင် အသေးစား၊ အလတ်စား ဓာတ်အားလိုင်းစနစ်များကို ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီဖြစ်ပါကြောင်း။ ။
ကြေးမုံ