နေပြည်တော်၊ စက်တင်ဘာ  ၂၃

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ရထားလမ်းတာဘောင်နေရာများနှင့် တံတားများ ရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ယာယီရပ်တန့်ထားရသည့် ရန်ကုန် - မန္တလေး ပြေးဆွဲပေးနေသော အမှတ် (၁၁) အဆန်၊ (၁၂) အစုန်အမြန်ရထားခရီးစဉ်ကို လမ်းပိုင်းပြုပြင်ပြီးသည့် အခြေအနေအရ ရန်ကုန် - သာစည်၊ သာစည် - ရန်ကုန် ခရီးစဉ်အဖြစ် စက်တင်ဘာ ၂၁ ရက်နေ့မှစ၍ စတင်ပြေးဆွဲပေးလျက်ရှိသည်။

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားနှင့် ကုန်ရထားများ ပြေးဆွဲပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန် - မန္တလေးရထားလမ်းပိုင်း၌ ရန်ကုန် - သာစည် အမှတ် (၁၁) အဆန် လူစီးအမြန်ရထားသည် ရန်ကုန်ဘူတာမှ နံနက် ၅ နာရီတွင် ထွက်ခွာ၍ သာစည် ဘူတာသို့ ည ၈ နာရီခွဲတွင်ဆိုက်ရောက်ပြီး သာစည် - ရန်ကုန် အမှတ် (၁၂) အစုန် လူစီးအမြန်ရထားသည်လည်း သာစည်ဘူတာမှ နံနက် ၆ နာရီတွင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ ည ၉ နာရီခွဲတွင် ရောက်ရှိပြေးဆွဲပေးလျက်ရှိသည်။

 

mdn

 

မြန်မာ့မီးရထားအနေဖြင့် ရန်ကုန် - မန္တလေးလမ်းပိုင်းအတွင်း ရန်ကုန် - သာစည်ခရီးစဉ် လူစီးရထားများဖြင့် ပြေးဆွဲပေးနေမှုအပေါ် ခရီးသည်စီးနင်းမှု များပြားလာသည်နှင့်အမျှ ရထားတွဲဆိုင်းများပိုမို ချိတ်ဆက်ခြင်း၊ ရထားစင်းရေ တိုးမြှင့်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် ဝမ်းတွင်းမြို့နယ် သဲတောနှင့် သပြေတောင်းကြား ရထားလမ်းတာဘောင်နှင့် တံတားများကို အမြန်ဆုံးပြုပြင် ဆောင်ရွက်လျက်ရှိပြီး ပြုပြင်ပြီးပါက ရန်ကုန် - မန္တလေးရထားခရီးစဉ်များကို ပုံမှန်အတိုင်း ပြေးဆွဲပေးသွားနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

သတင်းစဉ်