ခြူးစန္ဒီနွေး
သီရိလင်္ကာနိ်ုင်ငံရဲ့ ၂၆ နှစ်ကြာ ပြည်တွင်းစစ်ဟာ ၂၀ဝ၉ ခုနှစ်မှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ရန်နေးလ်သီလာ ခါရက်နီရဲ့ ဇနီးဖြစ်သူ အနူရာဒါဟာ သူ့ရဲ့ပထမဆုံး သားဦးလေးကို မွေးဖွားခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ တမီးလ်ကျား ခွဲထွက်ရေးသမားတွေဟာ ပြည်တွင်းစစ်ပွဲအတွင်း အသေခံဗုံးခွဲမှုတွေ ဦးစွာလုပ်ဆောင်ခဲ့တာဖြစ်လို့ အခုအခါမှာလည်း မြို့တော် ကိုလံဘိုဟာ တမီးလ်ကျားတွေရဲ့ လက်အောက်မှာ ရှိနေတုန်းကလို ခံစားနေရပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပြည့်နေ
ပြည်တွင်းစစ်ကာလတုန်းကဆိုရင် ဘတ်စကားဂိတ်တွေ၊ ဘဏ်တွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေဟာ အသေခံ ဗုံးခွဲသမားတွေ မကြာခဏတိုက်ခိုက်တဲ့ ပစ်မှတ်တွေဖြစ်ခဲ့ပြီး မြို့တွေမှာလည်း စစ်ဆေးရေးဂိတ်တွေ၊ လုံခြုံရေး အတားအဆီးတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည့်နေတာကို တွေ့ရမှာပါ။ လူထူထပ်တဲ့ နေရာတွေကို သွားမယ်ဆိုရင် အထူးဂရုပြုပြီးမှ သွားရပါတယ်။ မစ္စတာ သီလာခါရက်နီတို့ ဇနီးမောင်နှံဟာ ရုပ်ရှင်ပညာရပ်ကို ဝါသနာကြီးသူတွေဖြစ်ပြီး ပြည်တွင်းစစ်ကာလမှာ သူတို့ရဲ့ဝါသနာကို စွန့်လွှတ်ခဲ့ရပါတယ်။
စိတ်ဒဏ်ရာပေါင်းများစွာကျန်ခဲ့
ပြည်တွင်းစစ်ပွဲ ဖြစ်ပွားတဲ့နေရာတွေမှာဆိုရင် အစားအသောက်၊ လျှပ်စစ်မီးနဲ့ အခြေခံ ကုန်ပစ္စည်းတွေဟာ ပြတ်လပ်နေတာက များပါတယ်။ ပြည်တွင်းစစ်ကြောင့် အရပ်သားများ၊ သီရိလင်္ကာတပ်ဖွဲ့ဝင်တွေ၊ သူပုန်တွေအားလုံးပေါင်း ထောင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ အသက်ရှင် ကျန်ရစ်ခဲ့ရသူတွေမှာလည်း စိတ်ဒဏ်ရာပေါင်းများစွာနဲ့ ကျန်ရစ်ခဲ့ရပါတယ်။ မစ္စတာ သီလာခါရက်နီရဲ့ သားဖြစ်သူ ဆန်သက်ရှ်နာသန်ကတော့ ပြည်တွင်းစစ်ပြီးတဲ့ ကာလမှာမွေးလာတာဖြစ်လို့ တိုင်းပြည်ငြိမ်းချမ်းတဲ့ ကာလနဲ့ သူ့ရဲ့အသက်ဟာ အတူတူပါပဲ။
စစ်ပွဲကာလကို ပြန်သတိရစေ
ဆယ်စုနှစ်ကာလအတွင်းမှာ မြို့တွေမှာ အရင်ကလောက် စစ်ဆေးရေးဂိတ်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မရှိတော့သလို တိုင်းပြည်ရဲ့ ခရီးသွားလုပ်ငန်းဟာလည်း ဖွံ့ဖြိုးခဲ့ပါတယ်။ ကမ္ဘာ့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက ခရီးသွားပေါင်း သန်းနဲ့ချီပြီး သီရိလင်္ကာနိုင်ငံကို လာရောက်လည်ပတ်ကြပါတယ်။ ဒီလိုမျိုး အားလုံးအဆင်ပြေနေချိန်မှာ အကျည်းတန်စေမယ့် ဖြစ်ရပ်တစ်ခု ဟာ ရုတ်ချည်းပေါ်ပေါက်ခဲ့ပါတယ်။ အဲဒါကတော့ သီရိလင်္ကာနိုင်ငံမှာ ဘာသာရေး အဆောက်အအုံတွေ၊ ဟိုတယ်တွေမှာ ဗုံးပေါက်ကွဲပြီး လူပေါင်း ၃၅၀ ကျော်ကို သေဆုံးစေခဲ့တဲ့ ဖြစ်ရပ်ပါပဲ။ ဒဏ်ရာရရှိ သူဦးရေကတော့ ၅၀ဝ ထက်မနည်း ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ခဏလေးအတွင်းမှာ ဖြစ်သွားခဲ့ပေမယ့် ကိုလံဘိုမြို့မှာတော့ စစ်ပွဲကာလတုန်းက ဖြစ်ရပ်တွေကို ပြန်သတိရစေပါတယ်။ အခုဆိုရင် လုံခြုံရေး တပ်ဖွဲ့ဝင်တိုင်းဟာ လမ်းထောင့်တိုင်းမှာ ရှိနေပြီး ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်ကြသလို တပ်ဖြန့်ချထားမှုတွေ ရှိနေပါတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အစိုးရဘက်ကလည်း ဒေသတွင်း မှာရှိတဲ့ အကြမ်းဖက်အုပ်စုရဲ့ တိုက်ခိုက်ရေးသမားလို့ ဖော်ပြထားတဲ့ ဖောက်ခွဲရေးသမားတွေ ရှိနေနိုင်သေးတယ်လို့ သတိပေးမှု တွေ ထုတ်ပြန်ထားပါတယ်။ ဒီတော့ အရပ်သားတွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို စိုးရိမ်ပူပန်စိတ်နဲ့ လုပ်ဆောင်နေရပါတယ်။
ကန့်သတ်ချိန်အတွင်း အပြင်မထွက်ရ
ကန့်သတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ထားပါတယ်။ မစ္စတာ သီလာခါရက်နီကတော့ ပထမဦးဆုံး ဗုံးကွဲသံကို ကြားရတော့ သူဟာ အီစတာပွဲမှာ ရောက်နေတာပါ။ လူတွေအများကြီး သေသွားတယ်ဆိုတာကို သူလက်မခံနိုင် ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သားဖြစ်သူက သူဖြေရခက်တဲ့ မေးခွန်းတွေ မေးလာပါတယ်။ ကာဖြူးဆိုတာဘာလဲ ဖေဖေတဲ့။ မြို့တော်အတွင်းမှာ အခုဆိုရင် အပြင်ထွက်တဲ့အခါ စစ်ဆေးရေးဂိတ်တွေမှာ ကိုယ်ခန္ဓာကိုပါ ရှာဖွေကြပါတယ်။ ဒါဟာ အသက်ကြီးပိုင်းတွေအဖို့ စစ်အတွင်းက ဖြစ်ရပ်တွေကို ပြန်ပြီးအမှတ်ရ စေပါတယ်။ ပြည်တွင်းစစ်ပွဲအပြီး ငြိမ်းချမ်းရေးရတဲ့ ကာလတွေမှာ မွေးလာတဲ့ ဆန်သက်ရှ်နာသန်တို့ လို ကလေးတွေကတော့ ဒါတွေကို နားမလည်နိုင်ပါဘူး။
ပုံမှန်ဘဝပြန်ရောက်လို
အသက် ၁၈ နှစ်အရွယ် မိုဟာမက် အင်တစ်ရှ်မာကတော့ သူတစ်ခါမှဒီလို ကိုယ်ခန္ဓာကိုပါ ရှာဖွေတာမျိုးကို မကြုံဖူးဘူးလို့ ပြောပါတယ်။ ဒီနေ့ အလုပ်သွားဖို့ အိမ်ကနေထွက်လာတော့ သေချာစေ့စေ့စပ်စပ်ကို ရှာဖွေကြတာလို့ ပြောပါတယ်။ ရာဇဝတ် သားတစ်ယောက်လို ရှာဖွေတာကိုတော့ မကြိုက်ဖူးလို့ သူကပြောပါတယ်။ အခုဆိုရင် မြို့ဟာ အရင်တုန်းက မကြုံဖူးတဲ့ပုံစံနဲ့ အဝိုင်းခံထားရတာပဲလို့ သူက ဆက်ပြောပါတယ်။ ကန့်သတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ကြားသာကြားဖူးတာ တစ်ခါမှမကြုံဖူးဘူး အခုဆိုရင် ဘယ်သွားသွား မလွတ်လပ်တော့ဘူး၊ အလုပ်ကပြီးရင် အိမ်တန်းပြန်ရတယ်၊ ပုံမှန်နေထိုင်မှုပုံစံကို မကြာခင်ပြန်ရောက်ဖို့ မျှော်လင့်ပါတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ပွဲအတွေ့အကြုံတွေ ကျန်နေဆဲ
ပြည်တွင်းစစ်ကာလ နောက်ဆုံးနှစ်တွေမှာဆိုရင် ကိုလံဘိုမြို့မှာ တိုက်ခိုက်မှုတွေဟာအရေ အတွက်အားဖြင့် လျော့ကျ လာပါတယ်။ သီရိလင်္ကာတပ်ဖွဲ့ဝင်တွေဟာ သူပုန်တွေ အခိုင်အမာ တပ်စွဲထားတဲ့ ဒေသတွေကို တိုက်ခိုက်ကြပါတယ်။ စစ်ပွဲပြီးသွားတဲ့ အခါမှာတော့ တပ်ဖွဲ့ဝင်တွေရုပ်သိမ်းဖို့ အတော်လည်း အချိန်ယူခဲ့ရပါတယ်။ ပြည်တွင်းစစ်ပြီးဆုံးတာ ၁၀ နှစ် ကြာခဲ့ပြီးတာတောင် ဒေသခံတွေရဲ့ စိတ်ထဲမှာ စစ်ပွဲအတွေ့အကြုံတွေ ကျန်ရှိနေတုန်းပါပဲ။ မစ္စတာ သီလာခါရက်နီတို့ ဇနီးမောင်နှံလိုပဲ ကိုလံဘိုမြို့မှာ နေထိုင်ကြတဲ့ အခြားသော မိဘတွေအတွက် လုံခြုံရေးဆိုင်ရာ အစီအမံတွေကို နေရာတိုင်းမှာ လုပ်နေကြပါတယ်။ အခုဆိုရင်သူတို့ဟာ အလုပ်နောက်ကျရင်တောင် မကြာခဏ ဖုန်းခေါ်တာတွေ၊ စာတိုပို့တာတွေ လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အန္တရာယ်ကင်းတယ်ဆိုတာကို သက်သေပြကြပါတယ်။ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးတဲ့ အချိန်ကစလို့ မစ္စသီလာခါရက်နီဟာ အလုပ်မသွားတော့ပါဘူး။ အဲဒီအစား အိမ်ကနေပဲ အလုပ်လုပ်ပါတယ်။ စာရွက်စာတမ်း တွေယူဖို့ အလုပ်သွားရင်လည်း သူ့အမျိုးသားက လိုက်ပို့ပါတယ်။
ကြေကွဲစရာဖြစ်ရပ်
ဗုံးပေါက်ကွဲမှုတွေကြားမှာ ကြေကွဲစရာဖြစ်ရပ်တွေလည်း ရှိပါတယ်။ မစ္စချန်ဒရာနီဖာနန်ဒိုဟာ ဗုံးပေါက်ကွဲမှုကြောင့် သူ့အမျိုးသား ကို ဆုံးရှုံးလိုက်ရပါတယ်။ သူတို့လင်မယားနှစ်ယောက်မှာ ကိုးနှစ်အရွယ် သမီးလေးတစ်ယောက် ရှိပါတယ်။ ဗုံးပေါက်ကွဲတဲ့ နေ့တုန်းက မစ္စတာဖာနန်ဒိုဟာ ဇနီးနဲ့ သမီးဖြစ်သူရဲ့ နောက်မှာရပ်နေပြီး ပေါက်ကွဲမှုအပြီးမှာတော့ သူဟာ သေဆုံးသွားခဲ့ ပါတယ်။ ဇနီးဖြစ်သူနဲ့ သမီးသာ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်ခဲ့ရလို့ မစ္စချန်ဒရာနီက မပျော်ရွှင်နိုင်ပါဘူး။ အတူတူသေသွားရင် ပိုကောင်းမှာပဲလို့ ပြောပါတယ်။ ဘုရားရှိခိုးကျောင်းနှစ်ခုအတွင်း ပေါက်ကွဲမှုကြောင့် မစ္စတာ သီလာခါရက်နီသိတဲ့ လူကိုးဦးဟာလည်း သေဆုံးသွားခဲ့ပါတယ်။
အတန်းချိန်တွေ ဖျက်ထား
အားလပ်ရက်တွေ ပြီးဆုံးပြီးတဲ့နောက်မှာတော့ ကျောင်းတွေဟာ တနင်္လာနေ့မှာပဲ ပြန်ဖွင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ရှိနေသေးလို့ အစိုးရကအတန်းချိန်တွေကို ဒီသီတင်းပတ် မကုန်ခင်အချိန်အထိ ဖျက်ထားပါတယ်။ ကျောင်းတွေ ပြန်ဖွင့်ပြီဖြစ်ပေမယ့် မစ္စတာ သီလာခါရက်နီကတော့ သူ့သားကို ခရစ်ယာန်ကျောင်းကို ပြန်မပို့သေးပါဘူး။ အစိုးရဘက်က ကျောင်းကိုရှင်းလင်းရေးတွေ လုပ်ပေးပြီးပြီလို့ ကြေညာပြီးမှ သားကိုကျောင်းပြန်ပို့မယ်လို့ ကျောင်းအုပ်ကြီးဆီ အကြောင်းကြားထားပါတယ်။ မစ္စတာ သီလာခါရက်နီက သူအပါအဝင် အခြားသော ကျောင်းသားမိဘ တွေဟာလည်း ကျောင်းအတွက် အကူအညီလိုအပ်လာရင် အလုပ်ကနေ နားပြီး လာကူဖို့အသင့်ပဲလို့ ပြောပါတယ်။
ဖမ်းမိဖို့ အစွမ်းကုန်ကြိုးစား
ဗုံးဖောက်ခွဲမှုတွေရဲ့ လက်သည်ကို ပြည်တွင်းက အစ္စလာမ္မစ် အစွန်းရောက်အဖွဲ့ဖြစ်တဲ့ အမျိုးသား သိုးဝှက်ချ်ဂျာမာ လားချ်အဖွဲ့လို့ အစိုးရက သံသယရှိနေပါတယ်။ နိုင်ငံအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေကို စုံစမ်းပေးသွားဖို့လည်း အပြည်ပြည် ဆိုင်ရာက ကမ်းလှမ်းမှုတွေ လုပ်လာပါတယ်။ အမေရိကန်နဲ့ ဩစတြေးလျနိုင်ငံတို့ကလည်း စုံစမ်းမှုတွေအတွက် ကူညီပေး သွားမယ်လို့ ကမ်းလှမ်းထားပါတယ်။ လက်ရှိမှာတော့ သံသယရှိသူ ၂၀ ကျော်ကို ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်။ မကြာခင်မှာ ပေါက်ကွဲမှုအတွင်း ပါဝင်ပတ်သက်ခဲ့သူတွေကို ဖမ်းဆီးနိုင်ဖို့လည်း အစွမ်းကုန်ကြိုးစားနေပါတယ်။ ဒါပေမယ့် သီရိလင်္ကာ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာတော့ အခုပေါက်ကွဲမှုတွေကြောင့် အတိတ်ကာလ ပြည်တွင်းစစ်ပွဲတုန်းက အမှတ်ရစရာတွေ ခေါင်းထဲကို ပြန်ဝင်လာတာကတော့ အမှန်ပါပဲ။ ။
ကိုးကား - နယူးယောက်တိုင်းမ်