ကိုရင်သြ - ရေးသားသည်
တရုတ်နိုင်ငံသည် ဆယ်စုနှစ်ပေါင်း အတန်ကြာကာလအတွင်းပထမဆုံးအကြိမ် ယင်း၏နှစ်စဉ် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ) ရည်မှန်းချက်ကို သတ်မှတ်ခြင်းမရှိဆိုသော သတင်းတစ်ပုဒ် က ကမ္ဘာ့ကပ်ရောဂါဆိုး ကိုရိုနာဗိုင်းရပ်စ် ပိုး၏ ဆိုးညစ်ယုတ်မာပုံကို ထင်ဟပ်လျက်ရှိ ရကား “နှစ်ကုန်းတစ်ကော့” စီးပွားရေးဘဝ များသို့ တွန်းပို့နေသော ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ဆက်နွယ်နေသည့် အကြောင်း ခြင်းရာများကို ကျွန်ုပ် ကမျောသောပါး စေ့ငု လေ့လာမိလေ၏။
ခုနစ်စဉ် အမျှင်တန်း
ကမ္ဘာတစ်ဝန်းတွင် တစ်ရက်တာကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသည့် အတည်ပြုလူနာ တစ်သိန်းကျော်အထိ စံချိန်တင်ရောက်ရှိသည်ဟုကမ္ဘာ့ကျန်းမာရေး အဖွဲ့ (ဒဗလျူ၊ အိပ်ခ်ျအို)က မေလ ၁၉ ရက် တွင် မှတ်တမ်းတင်နိုင်ခဲ့၏။ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းအရ အမေရိကန်၊ ရုရှား၊ ဘရာဇီးနှင့် ဗြိတိန်နိုင်ငံတို့တွင် ကျန်းမာရေး ဆိုင်ရာ ကယောက်ကယက်အခြေအနေ ဆက်လက်ဖြစ်ပေါ်နေဆဲတွင် နိုင်ငံအသီးသီး တွင် စီးပွားရေးရာ ပြဿနာများက ခုနစ်စဉ် အမျှင်တန်း ပေါ်ပေါက်လာနေ၏။
ကမ္ဘာ့ကပ်ဘေးလွန်ကာလတွင် စီးပွားရေးကို ပြန်လည်တည်ဆောက်နိုင်ရန် တရုတ်နိုင်ငံက တစ်မုဟုတ် ချင်းကြိုးပမ်း လာနေသည့်တိုင်အောင် ၂၀၂၀ ပြည့်နှစ် စီးပွားရေးတိုးတက်မှု ရည်မှန်းချက်ကို ထုတ်ပြန်ကြေညာတော့မည်မဟုတ်ကြောင်း သတင်းတစ်ပုဒ်တွင် ကျွန်ုပ်ဖတ်ရှုရသော အခါ “ထိမိသည့်ခလုတ် နောက်ဆုတ်လည်း နာတုန်း” ဟု အေချမိပြန်၏။
တရုတ်နိုင်ငံတွင် နှစ်စဉ်ကျင်းပမြဲ အမျိုးသားပြည်သူ့ကွန်ဂရက် (လွှတ်တော်) အစည်းအဝေးတွင် ပုံမှန်အားဖြင့် စီးပွားရေး တိုးတက်မှုရလဒ်ကောင်းများကို အစိုးရ အဖွဲ့အကြီးအကဲက အားပါးတရ ထုတ်ဖော် ကြေညာလေ့ရှိသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် စီးပွားရေး တုံ့နှေးရသည်တွင် နှစ်အလိုက် စီးပွားရေး တိုးတက်မှုနှုန်း အသို့ရှိသည်ကို ချန်လှပ် လိုက်ခြင်းဖြစ်သည်။
သောင်ပြင်မှာ ဆင်သွားသလို
ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် စီးပွားရေးဘဝတွင် ကြီးမားလှသော မရေမရာ ဇဝေဇဝါ ဖြစ်စရာများ ကြုံနေရပုံကို တရုတ်ဝန်ကြီးချုပ် လီခချန်းက အမျိုးသားပြည်သူ့ကွန်ဖရင့် ညီလာခံတွင် အဖွင့်မိန့်ခွန်းပြောကြားရာ၌ ရှင်းလင်းပြောဆိုခဲ့သည်။ နှစ်စဉ် ဂျီဒီပီ တိုးတက်နှုန်းကို ယခုနှစ်တွင် အခိုင်အမာ ကြေညာခြင်းမရှိတော့ဘဲ အစိုးရအဖွဲ့ အနေဖြင့် “အလုပ်သမားဘဝတည်ငြိမ်ရေး” နှင့် “လူနေမှု အဆင့်အတန်းတိုးတက်ရေး” တို့အတွက် ဦးစားပေးဆောင်ရွက်ပါမည် ဟူ၍ ဝန်ကြီးချုပ်လီက ထုတ်ဖော်ပြောဆို ခဲ့ရာ ကပ်ရောဂါဆိုးကြောင့် စီးပွားရေးဘဝ ထိခိုက်ရပုံမှာ သောင်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပေသည်။
တရုတ်နိုင်ငံ၌ ၁၉၉၀ ပြည့်နှစ်မှ အစ ပြု၍ “ဂျီဒီပီ” တိုးတက်နှုန်းကို နှစ်စဉ် ထုတ်ပြန်ကြေညာလာခဲ့သော်လည်း ယခု နှစ်တွင် ပထမဆုံးအကြိမ် ဂျီဒီပီရည်မှန်း ချက်ကို သတ်မှတ်နိုင်ခြင်းမရှိပါချေ။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယ အင်အားအကြီးဆုံး စီးပွားရေးတည်ရာနိုင်ငံ အဖြစ် ရပ်တည်နေချိန်၌ မကြုံစဖူး ထူးထူး ကဲကဲ စီးပွားရေး ဂယက်လှိုင်းများ ရိုက်ပုတ်မှု နှင့် တွေ့ကြုံလာရခြင်းမှာ ကပ်ရောဂါ၏ အကြောင်းဖန်မှုကြောင့် ဖြစ်သည်။
အလေးအနက်မြွက်ဟခဲ့
ကိုဗစ်-၁၉ကူးစက်ရောဂါ ကနဦးကိုင်တွယ် ဆောင်ရွက်ပုံနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့အကြား ပြင်းပြင်းထန်ထန် အငြင်းပွားနေမှုကို နိုင်ငံတကာ ထိပ်တန်းသတင်းခေါင်းစဉ်များက လှစ်ဟနေ သော်လည်း နိုင်ငံတော် ဥပဒေပြုအမတ်များ၏ နှစ်ပတ်လည်ညီလာခံကြီးတွင် အဖွင့်မိန့်ခွန်း ပြောကြားသူဝန်ကြီးချုပ်လီကယင်းအငြင်းပွားမှုနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲပြည်တွင်း၌ ပြည်သူတို့တွေ့ကြုံနေကြရသော လူမှုရေးနှင့် စီးပွားရေးစိန်ခေါ်မှုများနှင့် ပတ်သက်၍ အလေးအနက်မြွက်ဟ ခဲ့သည်။ တရုတ်နှင့် အမေရိကန်တို့သည် နှစ်နိုင်ငံကုန်သွယ်ရေးဆက်ဆံမှုနှင့် ဟောင်ကောင် ဒီမိုကရေစီ အရေးတို့နှင့်ပတ်သက်၍လည်း သံတမန်ရေးတင်းမာမှုများ ဖြစ်ပေါ်လာနေချိန် ဖြစ်သည်။ တရုတ်နိုင်ငံသည် မကြုံစဖူး ထူးထူး ကဲကဲ စိန်ခေါ်မှုများကို ကာလကြာရှည် ရင်ဆိုင်သွားရမည် ဖြစ်ကြောင်း၊ သို့ရာတွင် မိမိတို့သည် အင်အားကြံ့ခိုင်သော ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု၊ စီးပွားရေးအင်အားခိုင်မာမှုနှင့် ကြီးမားသော ဈေးကွက်အလားအလာရှိမှုတို့ နှင့်အတူ ရင်ဆိုင်ကျော်လွှားသွားမည်ဖြစ် ကြောင်း ကွန်မြူနစ်ပါတီ၏ ဒုတိယအကြီး အကဲ ဝန်ကြီးချုပ်လီက ကိုယ်စားလှယ်တော် ၃၀၀၀ ခန့် တက်ရောက်သော ညီလာခံတွင် ပြောကြားခဲ့သည်။
ဒုတိယလှိုင်းရိုက်ပုတ်မှုမှ ရှောင်လွှဲနိုင်ရေး
နိုင်ငံတကာ စီးပွားရေးပညာရှင်များ၏ အမြင်တွင်မူ တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု ဒုတိယလှိုင်း ရိုက်ပုတ်မှုမှ ရှောင်လွှဲနိုင်ရေးဟူသော ရည်မှန်းချက်နှင့် စီးပွားရေးလှုပ်ရှားမှုများ ပြန်လည်စတင် နိုင်ကာ ရေရှည်စဉ်ဆက်မပြတ် စီးပွားရေးဘဝ ခိုင်မာအားကောင်းလာရေးဟူသော ရည်မှန်းချက်တို့ကို ဟန်ချက်ညီညီ အကောင်အထည် ဖော်နိုင်ရန် လိုအပ်မည်ဟု ရှုမြင်ကြသည်။
ယခုအချိန်တွင် ကပ်ရောဂါဆိုးကြီး ကမ္ဘာ့ လောကအလယ်မှ အပြီးတိုင် ကွယ်ပျောက် ချုပ်ငြိမ်းခြင်းမရှိသေးရကား ကိုဗစ်-၁၉ ကူးစက်ရောဂါသည် “မုန်ယိုနေသော ဆင်ပမာ ချွန်းကိုမမြင်” ဘိသကဲ့သို့ အချိန်အခါမရွေး လူသားတို့ကို ဒုက္ခပေးနိုင်သည်ဟု ကြီးစွာ သတိချပ်ကြရပေလိမ့်မည်။
အလမ္ပယ်ဆရာ မနိုင်သည့် မြွေပွေးငယ်ပမာ အမောက်တထောင်ထောင်၊ ပါးပျဉ်း တကားကားလုပ်နေသော ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ကမ္ဘာ့စီးပွားရေးထိခိုက်ရသည်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးမှာလည်း လုံခြုံမှု ရှိနိုင်မည်မဟုတ်ဟု စင်ကာပူအမျိုးသား တက္ကသိုလ်မှ အကြီးတန်း သုတေသီများဖြစ်ကြ သော ဆာရာတန်နှင့် လီယိုတို့က သုံးသပ်ကြသည်။
သိသိသာသာ ထိခိုက်မှုရှိနိုင်
ကမ္ဘာတစ်လွှား ဝယ်လိုအားကျဆင်းခြင်းနှင့်အတူ တရုတ်ထုတ်ကုန်ပစ္စည်းများအပေါ် ဝယ်လိုအား နည်းပါးနေခြင်းကြောင့် ပို့ကုန် အခြေပြု တရုတ်နိုင်ငံ၏စီးပွားရေးမှာ သိသိသာသာ ထိခိုက်မှုရှိနိုင်ပေလိမ့်မည်။
သို့ရာတွင် တရုတ်အစိုးရအဖွဲ့က မူဝါဒရေးရာ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များ အတိုင်း အကောင်အထည် ဖော်နိုင်ရန် ကြိုးပမ်း လျက်ရှိသည်။
မရှိမဖြစ်ကုန်စည်များအတွက် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ခြင်းကို ဦးစွာ ပြုလုပ်ခဲ့ပြီးနောက် လုပ်သားအင်အားစု၊ အခွန်အကောက်နှင့် စီးပွားရေးလုပ်ငန်းများအား ဘဏ္ဍာငွေ ထောက်ပံ့ပေးခြင်းစသည့် စီးပွားရေး ပြန်လည်ဦးမော့ရေးအစီအစဉ်များကို ဆက်လက် ဆောင်ရွက်ရပေသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်ရခြင်းမှ သက်သာစေရန် ကြိုးပမ်းမှုနှင့် အတူ တရုတ်အစိုးရက ယခုနှစ်တွင် ယွမ်ငွေ ၄ ဒသမ ၇၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၆၇ ဘီလီယံ) တန်ဖိုးရှိ ငွေချေးစာချုပ်များကို ထုတ်ဝေရောင်းချရန် စီစဉ်ထားကြောင်း၊ ကပ်ရောဂါကြောင့် အထိနာခဲ့ရသော စီးပွားရေး ကို ကုစားနိုင်ရန် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အခြေခံ အဆောက်အအုံ လုပ်ငန်းများအတွက် ရန်ပုံငွေထောက်ပံ့ပေးရန်ရည်ရွယ်ကြောင်း ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။
အထူးငွေချေးစာချုပ်များ ထုတ်ဝေခြင်းမှာ ဗဟိုအစိုးရအဖွဲ့အနေဖြင့် ဒေသန္တရ အစိုးရအဖွဲ့များအား အကူအညီပေးနိုင်ရန် ဖြစ်ပြီး အလုပ်သမားဈေးကွက်တည်ငြိမ်နိုင်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်များမှ လျော့ပါးသက်သာရေး၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို အထောက်အကူပေးရေး၊ နိုင်ငံတကာကုန်သွယ်မှု ပြန်လည်သွက်လက် လာစေရေးတို့အတွက် အစီအမံအမျိုးမျိုးကို ချမှတ်လုပ်ဆောင်သွားမည်ဆို၏။
ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားရန် ရည်မှန်း
အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှု ဦးစားပေး မူဝါဒသစ်များကို တရုတ်အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာ ခဲ့ရာတွင် 5G သတင်းအချက်အလက် နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ စသည့် နည်းပညာ နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် သွားရန် ရည်မှန်းထားသည်။
ရင်းနှီးမြှုပ်နှံမှုကို ပဓာနပြုသော ဖွံ့ဖြိုးတိုးတက်မှုပုံစံသို့ တရုတ်နိုင်ငံ ဦးတည်လျက် ရှိရာတွင် နည်းပညာ တိုးတက်မှုများ အရှိန် အဟုန်ဖြင့် ဖြစ်ပေါ်လာရေး၊ နည်းပညာ အခြေခံသွင်းကုန်ပစ္စည်းများအပေါ် အမှီ အခို လျှော့ချရေးတို့ ပြုလုပ်သွားရပေလိမ့်မည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကပ်ဘေး အလွန်ကာလတွင် တရုတ်နိုင်ငံ၏ စီးပွားရေး ပုံသဏ္ဌာန်ကို ပုံဖော်ထုဆစ်ပေးမည့် အလား အလာ ငါးရပ်ရှိသည်ဟု အမေရိကန် စီမံခန့်ခွဲရေး အတိုင်ပင်ခံကုမ္ပဏီဖြစ်သော မက္ကင်ဆေးကုမ္ပဏီ၏ သုတေသနလေ့လာ ချက်တစ်ရပ်မှာ ထူးခြားလှသည်ဟု ဆိုနိုင်ပေသည်။
အဆိုပါ အလားအလာ ငါးရပ်တို့မှာ (၁) ဒီဂျစ်တယ်နည်းပညာအသွင်ကူးပြောင်း ခြင်း၊ (၂)ပြည်တွင်းဈေးကွက်များ၊ နည်းပညာနှင့် မတည်ငွေရင်းတို့ အရေးပါလာခြင်း၊ (၃)တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများ အကြား စီးပွားရေးအရ တွေ့ထိဆက်ဆံမှု ကျဆင်းလာခြင်း၊ (၄)စီးပွားရေးအရယှဉ်ပြိုင် ရမှု အရှိန်အဟုန်မြင့်တက်လာခြင်း၊ (၅)ပုဂ္ဂလိကနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုး လာခြင်းတို့ ဖြစ်ကြသည်။
ပြည်သူသာ ပထမ
တရုတ်ကွန်မြူနစ်ပါတီ၏ အခြေခံ ပန်းတိုင်အဖြစ် အလုံးစုံပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တို့တွင် ပြည်သူများ စည်းစည်း လုံးလုံးနှင့် ညီညီညွတ်ညွတ် ပူးပေါင်းပါဝင် ရေးတို့ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကူးစက် ရောဂါထိန်းချုပ်ရေးနှင့် စီးပွားရေးနှင့် လူမှုရေးဘဝ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် “ပြည်သူသာ ပထမ” ဖြစ်ကြောင်း အမျိုးသားပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည်ညီလာခံ ပထမနေ့ ဖြစ်သော မေ ၂၂ ရက်က မိန့်ခွန်းမြွက်ကြား ရာတွင် သမ္မတရှီက အလေးပေးပြောဆို ခဲ့ပုံကို ကျွန်ုပ်အလေးမူမိရင်း “ပြည်သူနှင့်အတူ အလေးမူ ဖေးကူရမည့် ကပ်ကာလ” ဟု ကျူးရင့်မိပါသတည်း။ ။