နေပြည်တော် ၂၁ ဖေဖော်ဝါရီ 

 


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် Democracy Reporting International (DRI) အဖွဲ့အစည်းတို့ ပူးပေါင်း၍ “ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ” ကို ဖေဖော်ဝါရီ ၁၉ ရက်က နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပခဲ့သည်။ 

 


ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက မြန်မာနိုင်ငံက လက်ခံထားသော UPR အကြံပြု တိုက်တွန်းချက်များတွင် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (International Covenant on Civil and Political Rights – ICCPR) ကို စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ရေးလည်း ပါရှိကြောင်း၊ ICCPR တွင် ပါဝင်ခြင်းဖြင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်း ထူထောင်ရာတွင် အထောက်အကူ ဖြစ်စေမည့်အပြင် နိုင်ငံတကာ ယုံကြည်မှုနှင့် အသိအမှတ်ပြုမှုကိုလည်း ရရှိစေမည်ဖြစ်ကြောင်း၊ ICCPR နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်အတွက် ကော်မရှင်က အလုပ်ရုံဆွေးနွေးပွဲများလည်း ကျင်းပခဲ့ကြောင်း။

 


ICCPR ကို မြန်မာဘာသာသို့ ပြန်ဆိုဖြန့်ချိမှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ ICCPR တွင် ပါဝင်ချုပ်ဆိုရေးအတွက် ကော်မရှင်က နိုင်ငံတော်သမ္မတရုံးသို့ အကြံပြုတင်ပြခဲ့ကြောင်း ပြောကြားသည်။

 


ထို့နောက် ဘာသာရပ်ကျွမ်းကျင်သူ Prof. Vitit Muntarbhorn နှင့် ကော်မရှင် အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့က ICCPR နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး ဆွေးနွေးပွဲ တက်ရောက်ကြသူများကလည်း ပါဝင်ဆွေးနွေးကြသည်။ 

 


(သတင်းစဉ်)