မိုးယံ
ရှာဖွေကယ်ဆယ်ရေးဟူသည် မီး၊ ရေ၊ လေ၊ ငလျင်၊ မိုးကြိုးစသည့် သဘာဝဘေးအန္တရာယ်များ အပါအဝင် ရုတ်တရက်ဖြစ်ပွားစေတတ်သော ဘေးအန္တရာယ် တစ်စုံတစ်ခုကျရောက်မှုအပေါ် သတင်းအချက်အလက်များ လက်ဦးမှုရယူလျက် အလျင်မြန်ဆုံးနည်းလမ်းဖြင့် ဘေးဒုက္ခ ခံစားရသူများကို ရှာဖွေခြင်း၊ ထိရောက်သော နည်းစနစ်များဖြင့် ရရှိခဲ့သည့်စိတ်ဒဏ်ရာ၊ ကိုယ်ကာယ ဒဏ်ရာများအပေါ် အားပေးနှစ်သိမ့်ခြင်း၊ ရှေးဦးသူနာပြုစုနည်းဖြင့် ကူညီဖေးမစောင့်ရှောက်ပေးခြင်း၊ မှန်ကန်သော နည်းစနစ်ဖြင့် ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ထုတ်ခြင်းစသော လုပ်ငန်းဆောင်တာ ကိစ္စရပ်များအားလုံးပါဝင်သည်။
မည်သည့်ဘေးအန္တရာယ် ကျရောက် မှုတွင်မဆို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် ဘက်စုံ၊ ကဏ္ဍစုံ မှ ကယ်ဆယ်ရေးနည်းပညာ၊ အတတ် ပညာရပ်များ ကျွမ်းကျင်မှုရှိသောပုဂ္ဂိုလ် များအားလုံး စုပေါင်းလုပ်ဆောင်မှုကို ညီညွတ်မျှတစွာ ဆောင်ရွက်နိုင်ရန် အရေးကြီးလှသည်။
ဘေးအန္တရာယ်အမျိုးမျိုး
ကမ္ဘာပေါ်တွင် ဘေးအန္တရာယ် အမျိုးမျိုးဖြစ်ပွားလျက်ရှိရာ နှစ်စဉ် ဘေးအန္တရာယ်ဖြစ်ပွားမှုပေါင်း ၁၀ သိန်းနီးပါးခန့်ရှိကြောင်း သိရသည်။ မီးဘေးအန္တရာယ်ကျရောက်မှုကို တင်ပြ ရလျှင် လူဦးရေ ၅၁ သန်းကျော် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှု ပျမ်းမျှအကြိမ်ရေ ၂၀၀၀ ကျော်၊ ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၁၅ ဘီလီယံခန့်ရှိသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့် အမေရိ ကန်နိုင်ငံတွင် နှစ်စဉ်မီးလောင်မှု ပျမ်းမျှ အကြိမ်ရေ ၁၃ သိန်းကျော်၊ ရုရှားနိုင်ငံတွင် ၁၃၀၀၀၀ ခန့်နှင့် ဂျပန်နိုင်ငံတွင် ၃၆၀၀ ကျော် ဖြစ်ပွားလျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။
မီးဘေးအပြင် အခြားသောသဘာဝ ဘေးအန္တရာယ်များစွာကိုလည်း ကမ္ဘာပေါ်ရှိ လူသားတိုင်း နှစ်စဉ်ကြုံတွေ့ခံစား နေကြရသည်။
လူသားတိုင်းသည် ဖွံ့ဖြိုးမှုကို ခုံမင်ကြ၏၊ ဘေးဒုက္ခကိုမတွေ့ကြုံလိုကြ။ သို့သော် ဖွံ့ဖြိုးမှုနှင့် ဘေးန္တရာယ်သည် ဝိရောဓိဖြစ်နေ၏။ သဘာဝဘေးအန္တရာယ်များသည် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖျက်ဆီးနေကြသည်။
သဘာဝ ဘေးအန္တရာယ်များ၏ နှိပ်စက်စေတတ်မှုကြောင့် ကိန္နရီကိန္နရာ ချောင်းခြားခဲ့ရသည့် အလွမ်းအဖြစ် အပျက်ကို ဘိုးတော်ဘုရားလက်ထက် ၁၁၅၄ ခုနှစ်က “တွင်းသင်းမင်းကြီး မဟာစည်သူ ဦးထွန်းညို” ရေးစပ်ခဲ့သော “ဘလ္လာတိယပျို့”တွင် “မိုးသက် လေပြင်းတွေ ထန်၊ သစ်ပင်တွေ ကျိုးပြတ်လွင့်စဉ်၊ ချောင်းရေတွေ လျှံပြီး တစ်ဖက်၊ တစ်ကမ်းစီ တစ်ညတာကွဲကွာ ခဲ့ရသဖြင့် နှစ်ပေါင်းခုနစ်ရာတိုင်အောင် ငိုကြွေးခဲ့ရသည်”ဟု ရေးဖွဲ့ခဲ့သည်။
သဘာဝဘေးများကြောင့် လူသားများအပါအဝင် သတ္တဝါများအားလုံး ထိခိုက်ခံစားကြရ၏။ သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့မှုများကို ပြန်လည်လေ့လာကြည့်လျှင် ၁၈၁၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး အကျိုးသက်ရောက်မှု ဖြစ်စေခဲ့သော “တန်ဘိုရာမီးတောင်” ပေါက်ကွဲမှု၊ ၂၀၀၈ ခုနှစ် မေလက ဧရာဝတီတိုင်းဒေသကြီးကို ကြီးမားစွာ ပျက်စီးဆုံးရှုံးစေခဲ့သော “နာဂစ် မုန်တိုင်း”၊ ၂၀၁၁ ခုနှစ် မတ်လက လှုပ်ခတ်ခဲ့သော ဂျပန်နိုင်ငံ “ဆန်ဒိုင် ငလျင်နှင့် ဆူနာမီ”၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောမီးလောင်မှု ဖြစ်စဉ်တို့သည် အဖျက်စွမ်းအားကြီးမားသည့် သဘာဝ ဘေးများဖြစ်သည်။
ကြောက်မက်ဖွယ်ရာဖြစ်ရပ်ဆိုး
ထို့ပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ဘရာဇီးနိုင်ငံရှိ ကမ္ဘာ့ အကြီးဆုံး အမေဇုန်မိုးသစ်တော ပြုန်းတီးမှုများသည်လည်းကောင်း၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် တူကီယဲနှင့် ဆီးရီးယား နိုင်ငံတို့တွင် ၇ ဒသမ ၈ မဂ္ဂနီကျုပြင်းအားရှိ ငလျင်နှင့် မိနစ်အနည်းငယ်ခြားပြီး ၇ ဒသမ ၅ မဂ္ဂနီကျုပြင်းအားရှိ ငလျင်တို့ နှစ်ဆင့်လှုပ်ခတ်ခဲ့မှုကြောင့် တူကီယဲနိုင်ငံတွင် လူပေါင်း ၁၂၈၇၃ ဦးနှင့် ဆီးရီးယားနိုင်ငံတွင် လူပေါင်း ၃၁၆၂ ဦး သေဆုံးခဲ့ရကာ နှစ်နိုင်ငံပေါင်း ဒဏ်ရာရရှိသူ ၇၈၉၇၂ ဦး၊ အဆောက်အအုံပေါင်း ၄၀၀၀ ကျော် ပြိုကျပျက်စီးခဲ့သည့် ဖြစ်စဉ်များသည်လည်းကောင်း သမိုင်းတွင် မေ့မရနိုင်သော ကြောက်မက်ဖွယ်ရာဖြစ်ရပ်ဆိုး သဘာဝဘေး အန္တရာယ်များပင်ဖြစ်သည်။
ကူးစက်ရောဂါနှင့် သဘာဝဘေး အန္တရာယ် ကာကွယ်ရေးသုတေသန စင်တာ (Center for Research on the Epidemiology of Disasters)၏ အစီရင် ခံစာများအရ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၁၀နှစ်တာကာလအတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုကြောင့် ဘေးသင့်သူလူဦးရေမှာ တစ်နှစ် လျှင် ပျမ်းမျှ ၁၆၄ သန်းကျော်ရှိကြောင်း လေ့လာတွေ့ရှိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၁၀ နှစ်တာကာလ အတွင်းဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ် များမှာ မီးဘေးအန္တရာယ် ၇၃ ရာခိုင်နှုန်း၊ ရေလွှမ်းမိုးခြင်း ၁၁ ရာခိုင်နှုန်း၊ လေပြင်း မုန်တိုင်းကျရောက်ခြင်း ၁၂ ရာခိုင်နှုန်းနှင့် ကျန်လေးရာခိုင်နှုန်းမှာ မြေငလျင်၊ မြေပြိုခြင်းနှင့် ဆူနာမီကျရောက်ခြင်း တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
သဘာဝ ဘေးအန္တရာယ်တို့သည် နေရာဒေသတစ်ခု သို့မဟုတ် လူတစ်စုအပေါ်ကွက်၍ ရွေးချယ်ကျရောက်တတ် ခြင်းမျိုးမဟုတ်။ နိုင်ငံတစ်ခု၏ ဖွံ့ဖြိုး တိုးတက်ခြင်း၊ နည်းပညာအဆင့်မြင့် ခြင်း၊ နည်းပညာနောက်ကျခြင်းဟူ၍ ရွေးချယ်မှု၊ ညှာတာမှု၊ ခွဲခြားမှု၊ ထောက်ထားမှုမရှိ တွေ့ကြုံခံစားရမည်သာဖြစ်သည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်များသည် နယ်စည်းမခြား လူသားတိုင်း၊ ဒေသတိုင်း၊ နိုင်ငံတိုင်းတွင် ဆက်စပ်ထိခိုက် ဆုံးရှုံးတတ်သည်ကိုလည်း တွေ့ရှိရမည်ဖြစ်သည်။
ကာကွယ်စောင့်ရှောက်ရေးအစီအမံများ
ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသည် ဘေးအန္တရာယ်များ ကျရောက်လာပါက နယ်စည်းမခြား ကူညီကယ်ဆယ် မည့် အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း “ကြိုတင်ကာကွယ် ပြင်ဆင်မှုပြုခြင်းသည် ကျရောက်လာမည့်ဘေးအန္တရာယ် များအတွက် အကောင်းဆုံးပြင်ဆင် ဆောင်ရွက်ချက်ဖြစ်သည်” ဟူသော စကားနှင့်အညီ နိုင်ငံတော်အတွင်း အချိန်ကာလအလျောက် ဖြစ်ပေါ်လာ နိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ် စောင့်ရှောက်ရေးအစီအမံများ စနစ် တကျ ပြုလုပ်ထားနိုင်ရေးအတွက် လည်းကောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာသည့် အခြေအနေတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေး လုပ်ငန်းများကို လျင်မြန်သွက်လက်စွာ နှင့် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်စေရေး အတွက်လည်းကောင်း “အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ”ကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ၃၁-၅-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၃၀/ ၂၀၁၆)ဖြင့် ဖွဲ့စည်းခဲ့သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက နိုင်ငံတော်အတွင်း အချိန်ကာလအလျောက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို စီမံခန့်ခွဲမှုများ ပြုလုပ်ရာတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ကော်မတီက ပေးအပ်သောလုပ်ငန်း တာဝန်များကို ပူးပေါင်းဆောင်ရွက်နိုင် ရန်နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ မှုဆိုင်ရာလုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၃ ခုနှစ်)နှင့်အညီ အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်း ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်း ကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်း ကော်မတီ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ကနဦး လိုအပ်ချက် စစ်တမ်းကောက်ယူ၍ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ် ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ၊ အသက်မွေးဝမ်း ကျောင်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းကော်မတီ စသည့် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် များနှင့် စပ်လျဉ်း၍ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသအတွင်း အရေးပေါ်အသက် ဘေးအန္တရာယ် ကျရောက်သူများအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း များကို ဒေသတွင်းနိုင်ငံများအကြား ထိရောက်စွာ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက် လာပါက ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက် နိုင်ရန်နှင့် အမျိုးသားရှာဖွေကယ်ဆယ် ရေးအစီအမံများကို စနစ်တကျချမှတ် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ် ကာ “မြန်မာနိုင်ငံ အမျိုးသားရှာဖွေ ကယ်ဆယ်ရေးကော်မတီ”ကို နိုင်ငံတော် သမ္မတရုံး၏ ၃-၅-၂၀၁၆ ရက်နေ့ပါ အမိန့်ကြော်ငြာစာအမှတ် (၈/ ၂၀၁၆)ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
မြန်မာနိုင်ငံသည် ပင်လယ်ပြင်တွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကွန်ဗင်းရှင်း (SOLAS)၊ နိုင်ငံတကာ ပင်လယ် လေကြောင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးကွန်ဗင်းရှင်း၊ နိုင်ငံတကာ လေကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ကွန်ဗင်းရှင်းတို့ တွင် အဖွဲ့ဝင်နိုင်ငံဖြစ်သဖြင့် သက်ဆိုင် ရာ မြေပိုင်နက်များ၊ ရေပိုင်နက်များနှင့် ကမ်းဝေး ပင်လယ်ပြင်အတွင်း လေကြောင်းနှင့် ရေကြောင်းဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ဝန်ဆောင်မှုပေးခြင်း တို့အား လုပ်ဆောင်ပေးရန် တာဝန် ရှိခြင်းနှင့် မြန်မာနိုင်ငံအတွင်း သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း များကို ထိရောက်စွာဆောင်ရွက်ရန် တာဝန်ရှိခြင်းတို့ကြောင့် “မြန်မာ နိုင်ငံအမျိုးသား ရှာဖွေကယ်ဆယ်ရေး ကော်မတီ” ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ပေါင်းစပ်ဆောင်ရွက်
“မြန်မာနိုင်ငံ အမျိုးသားရှာဖွေ ကယ်ဆယ်ရေးကော်မတီ”၊ “အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ” နှစ်ရပ်နှင့် လုပ်ငန်း ကော်မတီ ၁၂ ရပ်တို့သည် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုး စီးပွားကို ထိခိုက်ဆုံးရှုံးမှုလျော့ပါး သက်သာစေရန်နှင့် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ် ကာကွယ်စောင့်ရှောက်ရာတွင် လိုအပ်ချက်များ၊ လစ်ဟာမှုများ မရှိစေရေးအတွက် ဘက်စုံထောင့်စုံ ကဏ္ဍစုံမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ကော်မတီအဖွဲ့ဝင် ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက အချိတ်အဆက်မိမိ ပေါင်းစပ်ဆောင်ရွက် ကြသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုင်းဒေသ ကြီး/ ပြည်နယ် အသီးသီးတွင် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းစုစုပေါင်း ၁၀၂၆ ကြိမ် ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၂၉၀၄ ဦးတို့သည် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်နိုင်ခဲ့သည်။
သဘာဝဘေးမဖြစ်ပွားမီ ကြိုတင် ပြင်ဆင်မှုများအနေဖြင့် သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်၏ ကွပ်ကဲမှုဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ကို တစ်မြို့နယ်လျှင် အင်အား ၃၅ ဦးစီ ပါဝင်သော တပ်စု တစ်စုစီဖြင့် တပ်စု ပေါင်း ၃၃၃ စု၊ တိုင်းဒေသကြီး/ ပြည်နယ် များ၏ မြို့ကြီးများတွင် အင်အား ၁၁၆ ဦးစီပါဝင်သော တပ်ခွဲ တစ်ခွဲစီဖြင့် တပ်ခွဲ ပေါင်း ၁၇ ခွဲဖွဲ့စည်းထားသဖြင့် စုစုပေါင်း ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်အင်အား ၁၃၆၂၇ ဦး စုဖွဲ့ပြင်ဆင် ထားနိုင်ခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီး ဌာနအနေဖြင့် နေပြည်တော်၊ ရန်ကုန် မြို့နှင့် မန္တလေးမြို့များတွင် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် (နိုင်ငံ့ဝန်ထမ်း) အင်အား ၁၁၆ ဦးတို့ ပါဝင်သည့် ရှာဖွေ ကယ်ဆယ်ရေး အထူးတပ်ခွဲ တစ်ခွဲစီ ထပ်မံစုဖွဲ့ထားရှိကာ သတ်မှတ်ထားသည့် ရေပြင်နှင့် မြေပြင်ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းသုံးပစ္စည်းများကို စုဆောင်း၍ ဒေသအလိုက် ဖြန့်ဝေထားရှိပြီး “မြန်မာနိုင်ငံ အမျိုးသားရှာဖွေကယ်ဆယ် ရေးကော်မတီ”နှင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ဖွဲ့စည်းတာဝန်ပေးအပ် သည့် “ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ကော်မတီ” တို့၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိသည်။
သဘာဝအလှတရားကို အကျည်းတန်စေ
သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံသားတို့၏ အသက်အိုးအိမ် ဥစ္စာ ပစ္စည်းများစွာဆုံးရှုံးခဲ့ရသည်။ လူမှု စီးပွားလုပ်ငန်းများတွင် အသက် သွေးကြောပမာဖြစ်သည့် လမ်းပန်း ဆက်သွယ်ရေးများ ပိတ်ဆို့ခဲ့ရသည်။ လမ်း/တံတား၊ မြေပြိုကျမှု (Land Slide)များဖြစ်ပွားပြီး ဆုံးရှုံးပျက်စီးခဲ့ရသည်။ ဘေးသင့်နေရာများတွင် ရေချိုများ ညစ်ညမ်းပြီး သောက်ရေ၊ သုံးရေ ပြတ်လပ်ရှားပါးခဲ့ရသည်။ စိုက်ပျိုးမြေ များစွာထိခိုက်ပျက်စီးခဲ့ရသည်။ တိရစ္ဆာန် များစွာသေကျေခဲ့ကြရသည်။ သီးနှံခင်း များလည်း စိုက်ပျိုးမရဖြစ်ခဲ့ရသည်။ ဓာတ်တိုင်များပြိုလဲ၍ လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ရသည်။ စာသင်ကျောင်း များလည်း ပိတ်ခဲ့ရသည်။ ရောဂါဘယ များထူပြောစေခဲ့ရသည်။ သဘာဝဘေး သည် သဘာဝအလှတရားကို အကျည်း တန်စေခဲ့ရသည်။
မည်သူ့အပေါ် အပြစ်တင်ရမည် နည်း။ သဘာဝတရားကိုတော့ အပြစ် တင်၍ ရမည်မဟုတ်။ သဘာဝ ဘေးအန္တရာယ်ဖြစ်စဉ်တွင် မြေပေါ်နှင့် မြေအတွင်းပိုင်းဟု သဘာဝဘေး အန္တရာယ်ဖြစ်စဉ် နှစ်မျိုးရှိသည်။ လေပြင်းမုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ ရေတိုက်စားခြင်း၊ မြေပြိုခြင်း၊ တောင်ပြို ခြင်းနှင့် အနည်ပို့ချခြင်းတို့သည် မြေပေါ် ဖြစ်စဉ်များဖြစ်ပြီး ကမ္ဘာ့အပေါ်ယံအလွှာ (Earth Crust)၌ ဖြစ်ပေါ်လေ့ရှိကြသည်။ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ တောင်တန်းများ၊ တိုက်ကြီးများ၊ သမုဒ္ဒရာချိုင့်ဝှမ်းများ ဖြစ်ပေါ်ခြင်း တို့သည် မြေတွင်းဖြစ်စဉ်များပင် ဖြစ်သည်။
လူတို့၏လောဘဇော
ထိုဖြစ်စဉ်နှစ်မျိုးတွင် မြေပေါ်ဖြစ်စဉ်က အကြိမ်ရေပိုမိုများပြားပြီး လူသားတို့ ၏ ပယောဂကြောင့် မြေပေါ်ဖြစ်စဉ်များက ဖြစ်ပွားရခြင်းသာဖြစ်သည်။ သစ်တစ်ပင်မျှပင် မစိုက်ပျိုးဖူးကြ သော်လည်း သစ်ပင်ဆယ်ပင်ခုတ်ရန် ဝန်မလေးသည့် လူတို့၏လောဘဇော ကြောင့် သစ်တောများစွာ ပြုန်းတီး ကြရသည်။ သစ်ပင်သစ်တောပြုန်းတီးသဖြင့် မိုးရေနှင့် မြေကြီး တိုက်ရိုက်ထိပြီး မိုးရေကို မကာကွယ်နိုင်၊ မိုးရေကို မထိန်း နိုင်ဖြစ်လာသည်။
သစ်တောသစ်ပင်ရှိခြင်းကရွာသော မိုးရေကို မြေအောက်သို့ ပိုမိုစိမ့်ဝင်စေသည်။ မြေအောက်ရေကို ဖြည့်တင်းရာ ရောက်သည်။ သစ်ပင်သစ်တောများ ပြုန်းတီးမှုကြောင့် မြေဆီလွှာပျက်စီးစေသည်။ ထိုမြေလွှာများသည် မိုးရေနှင့် အတူ မြစ်များ၊ ချောင်းများသို့ မျောပါသည်။ ထိုမြေဆီလွှာ အနည်အနှစ်များ ကြောင့် မြစ်ကြမ်းပြင်ကို တိမ်စေသည်။ သောင်ထွန်းစေသည်။ ထို့ကြောင့် မြစ်ကျဉ်းပြီး ရေကြီး ရေလျှံဖြစ်ပေါ်သည့် သဘာဝဘေးကို ခံစားရမည်ဖြစ်သည်။
အခြားသော အကြောင်းတရားတစ်ခု မှာ စည်းစနစ်မရှိသော သယံဇာတ တူးဖော်မှုများပင်ဖြစ်သည်။ မြစ်ထဲ၊ ချောင်းထဲ တူးချင်သလို တူးကြသည်။ စွန့်ပစ်မြေစာများ ပုံချင်သလိုပုံကြသည်။ ယင်းက ရေလမ်းကြောင်းများ ပျက်စီး၊ ပိတ်ဆို့၊ ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်လာသည်။ မြစ်ချောင်းတို့၏ ရေစီးဆင်းပုံစနစ် (Drainage System) ကွန်ရက်သည် လူတို့၏ မဆင်မခြင် ပြုမှုများကြောင့်သာ ပျက်စီးခြင်းဖြစ်သည်။ အကျိုးဆက်မူကား ရေကြီးမှုပမာဏများပြားလာခြင်း၊ ရေကြီးခြင်း အကြိမ်ရေစိပ်လာခြင်းတို့ ဖြစ်လာရသည်။
ထို့ပြင် ရိုးရာဓလေ့ဖြစ်သော ရွှေ့ပြောင်းတောင်ယာဆောင်ရွက်ခြင်း၊ တောမီးရှို့ခြင်း၊ အမှိုက်များ စည်းကမ်း မဲ့စွန့်ပစ်ခြင်းနှင့် လမ်းတံတားများ ဖျက်ဆီးခံရသည့် အဖျက်အမှောင့် လုပ်ဆောင်ခြင်းများကလည်း မြေပေါ်ဘေးအန္တရာယ်များတွင် ထည့်သွင်း ရမည်ဖြစ်သည်။ မိမိတို့ ပတ်ဝန်းကျင်ရှိ သဘာဝတရား၏ ဟန်ချက်များ ပျက်စီးလာသည်နှင့်အမျှ သဘာဝဘေးများက မိမိတို့ကို အချိန်တိုင်းစိန်ခေါ်နေမည်သာဖြစ်သည်။
အချုပ်ဆိုရသော် နိုင်ငံသားတိုင်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ခြင်းဖြင့် သတိပြု နေထိုင်ကြရမည်ဖြစ်ပြီး မိမိတို့ ရေမြေကို ချစ်မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်များဖြင့် ပူးပေါင်းကာကွယ်ဆောင်ရွက်မှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို သိသိသာသာ လျှော့ချပေးနိုင်မည်ဖြစ်သည်။
ထို့အတူ ဘေးအန္တရာယ်များ ကျရောက်လာပါကလည်း မြန်မာနိုင်ငံ အမျိုးသားရှာဖွေ ကယ်ဆယ်ရေး ကော်မတီအနေဖြင့် သတင်းလက်ဦးမှု ရယူ၍ အရေးပေါ်ထုတ်ပြန်ကြေညာ ခြင်း၊ လျင်မြန်ထိရောက်စွာ ကူညီ ကယ်ဆယ် တုံ့ပြန်ဖြေရှင်းခြင်းများ ဆောင်ရွက်ရာတွင် နိုင်ငံချစ်စိတ် မျိုးချစ် စိတ်ဖြင့် တစ်တပ်တစ်အား ပူးပေါင်း ပါဝင်ကြရန် ရေးသားတင်ပြလိုက်ရပါသည်။ ။