၈ ဩဂုတ်
သမိုင်းဆိုသည် ဖျောက်ဖျက်ပစ်ကောင်းသည့် အရာမဟုတ်။ သမိုင်းဟူသည် လိမ်လည်ပြင်ဆင်ရေးသားသင့်သည် မဟုတ်။ သမိုင်းဟူသည် ဖုံးကွယ်ထား၍လည်း ရမည်မဟုတ်။ အထူးသဖြင့်တော့ လူထုကရေးသော သမိုင်းတို့သည် ကျောက်စာတိုင်တို့ထက် ခိုင်၏ ဟု ဆိုချင်ပါသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကဲ့သို့သော ပြည်သူ့ငြိမ်းချမ်းရေး စာဆိုတော်ကြီးကို စာမျက်နှာများပေါ်မှ ဖယ်ရှားပစ်ဖို့ မည်သို့ပင် ကြိုးစားခဲ့ကြစေ၊ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဗိသုကာကြီးကို ဖုံးကွယ်မှိန်ဖျောက် ဖို့ကြိုးစားလိုသူတို့ မည်သို့ပင်ရှိစေ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကိုသော်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကို သော်လည်းကောင်း မြန်မာပြည်သူလူထု၏ သမိုင်းမှတ်တမ်းများထဲက ဖယ်ထုတ်၍ မရနိုင်ပေ။
အကျည်းတန်ရုပ်ဆိုးမှုကို ဖုံးကွယ်ထားလိုသူတို့ တန်ခိုးအာဏာကြီးစိုးချိန်တွင် ပြည်သူလူထုသည် သမိုင်းအမှန်တရားကို ရင်ထဲထည့်ကာ ထားရ၏။ သို့သော်လည်း မည်သည့်အကြောင်းနှင့်မျှ မေ့ပျောက်သွားလိမ့်မည်ကား မဟုတ်ချေ။ သမိုင်းတွင်အောင် လောကကို ဖျက်ဆီးခဲ့သူတို့က သမိုင်းကို ဖုံးကွယ်ဖို့ ကြိုးစားလေ့ရှိသည်။ အကျည်းတန်ဖြစ်ရပ်များကို မိတ်ကပ်ဖို့ကာ၊ သနပ်ခါးလိမ်းကာဖြင့် အကာအကွယ်ယူဖို့ ကြိုးစားကြလေ့ရှိ၏။ သို့သော်လည်း သမိုင်းနှင့်အတူ ဖြတ်သန်းခဲ့သောလူထုကိုလှည့်စားဖို့ကား မဖြစ်နိုင်။ လက်တွေ့ လျှောက်လှမ်းခဲ့ရသော ပြည်သူလူထုသည် အမှန်ကို သိသူများဖြစ်၏။
သမိုင်းအမှန်ကို သိသူများဖြစ်သည့်အတွက် ပြည်သူလူထုသည် အ သူများ မဟုတ်ချေ။ လူတွေ မအဖို့အတွက် သမိုင်းသင်ရသည်ဟု သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်းက ပြောဖူးသည်။ အနာဂတ် မျိုးဆက်တို့ မအအောင် သမိုင်းအမှန်တို့ကို သင်ကြားရန်လိုမည် မဟုတ်ပါလား။ သမိုင်းအမှန်တရားတို့ကို ကျောင်းသင်ခန်းစာများထဲတွင် မှန်မှန်ကန်ကန် ထည့်သွင်းသင်ကြားနိုင်ရေးသည် အနာဂတ် မျိုးဆက်တို့ မအကြဘဲ လောကရေးရာတို့တွင် နှံ့စပ်သိနားလည်ရန် အတွက် အရေးကြီးလှပါသည်။
ယနေ့ဆိုလျှင် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးသည်ပင် ၃၂ နှစ်လည်ခဲ့ပြီတည်း။ မြန်မာနိုင်ငံ၏ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးကဲ့သို့ပင် ၁၉၈၈ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ပြည်သူ့ဒီမိုကရေစီရေး အရေးတော်ပုံကြီးသည် အရေးပါသော သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါသည်။
ပြည်သူလူထု ရွေးချယ်တင်မြှောက်ဖွဲ့စည်းထားသည့် လွှတ်တော်များကို ဖျက်သိမ်းကာ အာဏာသိမ်း လိုက်ခြင်းဖြင့် နိုင်ငံတွင်းဒီမိုကရေစီ ဆိတ်သုဉ်းကွယ်ပျောက်သွားမှုကို လူထုအင်အားဖြင့် ပြန်လည်ကြိုးစား ပြောင်းလဲခဲ့သော အရေးတော်ပုံကြီးဖြစ်ပါသည်။
လက်နက်အင်အားဖြင့် အာဏာရယူသောစနစ်ကို ပြည်သူ့အင်အားဖြင့်သာ အာဏာရယူနိုင်သည့် ဒီမိုကရေစီ စနစ်ဖြင့် အစားထိုးပြောင်းလဲရန် ကြိုးပမ်းသည့် သမိုင်းစာမျက်နှာသစ်တစ်ခု၏ အစဖြစ်သော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးသည် သမိုင်းဖြစ်ပေသည်။
ပါလီမန်ဒီမိုကရေစီစနစ် ရပ်ဆိုင်းခဲ့ပြီးနောက် ပြည်သူတို့၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးတို့ တစ်စတစ်စ ဆုတ်ယုတ်လျော့ပါးခဲ့မှုက အရေးတော်ပုံသမိုင်း၏ ရင်းမြစ်ဖြစ်ပေသည်။
လူထု၏ဒီမိုကရေစီက ပိန်းပိန်းပိတ်မှောင်ကျသွားချိန်တွင် အခြား တစ်ဖက်၌ အာဏာရှင်တို့၏ ကြီးပွားချမ်းသာမှု၊ တန်ခိုးအာဏာ ချဲ့ကားမှုတို့က အတိုင်းအဆမရှိ ဖြစ်ခဲ့သည်မှာလည်း သမိုင်းဖြစ်ပါသည်။
မဟုတ်မခံလိုသော အမှန်တရားကို မြတ်နိုးသော ကျောင်းသားလူငယ်တို့က အစပြု၍ တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏အင်အားဖြင့် အာဏာရှင်စနစ်ကို စစ်ကြေညာကာ ဒီမိုကရေစီအလံကို မြှင့်တင်လိုက်ခြင်းက သမိုင်းဖြစ်ပါသည်။ ထိုခမ်းနားလှသည့် မော်ကွန်းမှတ်တမ်းသည် ပြည်သူလူထု၏ သမိုင်းဖြစ်ပါသည်။
သမိုင်းကို မမေ့မလျော့ခြင်း၊ သမိုင်းသင်ခန်းစာများကို သင်ယူခြင်းတို့နှင့်အတူ အချုပ်အခြာအာဏာကို ပြည်သူလူထုကသာ လုံးလုံးလျားလျား ပိုင်ဆိုင်ရမည်ဟူသည့် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးက ချမှတ်လိုက်သော ဒီမိုကရေစီပန်းတိုင်ဆီသို့ ပြည်သူ့အင်အားဖြင့် မရောက်အရောက် ဆက်လက် ချီတက်ကြရဦးမည် ဖြစ်ပါသတည်း။ ။
မြန်မာ့အလင်း