ထက်ဝေအောင်(စစ်ကိုင်း)
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အခြေခံအဆောက်အအုံများကို ဦးတည် ဆောင်ရွက်ကြသကဲ့သို့ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးကိုလည်း တစ်ပါတည်း ကြိုးပမ်းဆောင်ရွက်ရလေ့ရှိပေ သည်။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာသည်လည်း ဖွံ့ဖြိုးစေရမည်ဖြစ်သည်။ ကျန်းမာကြံ့ခိုင်သော လူ့ပတ်ဝန်းကျင် ဖြစ်တည်ရေး ကျန်းမာရေးသည် လာဘ်ကြီးတစ်ပါးကဲ့သို့ အရေးပါလျက်ရှိပြီး လူတိုင်းကျန်းမာကြံ့ခိုင်မှသာ လုပ်ငန်းခွင်အသီးသီးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတိုင်းသည် မွေးကင်းစ ကလေးအရွယ်မှ အသက်အရွယ်အပိုင်းအခြားအလိုက် ကျန်းမာကြံ့ခိုင်ရေးသည် အရေးပါလျက်ရှိပြီး ကျန်းမာကြံ့ခိုင်သူများသာ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်များတွင် ကောင်းစွာ လှုပ်ရှားလည်ပတ်နိုင်ပေသည်။ ကျန်းမာကြံ့ခိုင်လိုသူတိုင်း လူထုအားကစား လှုပ်ရှားမှုများတွင် ပါဝင်ခြင်းဖြင့် မိမိ နှင့်တကွ မိမိပတ်ဝန်းကျင်ကို ကာကွယ် စောင့်ရှောက်ရမည် ဖြစ်ပါသည်။
သက်ရှည်ကျန်းမာမှုသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရပေါ်တွင် တည်မှီ
လူသားတစ်ဦး၏ သက်ရှည်ကျန်းမာ မှုသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရပေါ်တွင် တည်မှီနေသည်ကို တွေ့ရသည်။ လူတိုင်း ကံ၊ စိတ်၊ ဥတု၊ အာဟာရအပေါ် တည်မှီသက်ရောက်မှုကို သိရှိကြသော်လည်း ကျန်းမာရေးအသိစိတ်ဓာတ်ဖြင့် လိုက်နာသူမှာ အလွန်ပင်နည်းပါးလှပေသည်။ အဆိုပါ လျှို့ဝှက်ချက်ကြီးလေးရပ်၏ နက်ရှိုင်းသောအတွင်းပိုင်းကို ဆင်ခြင်သိမြင်ခြင်းဖြင့် ကျန်းမာခြင်း လာဘ်ကို ပိုင်ဆိုင်ရရှိမည်ဖြစ်သည်။
လူတိုင်း ကံတရားအသီးသီးကို ပိုင်ဆိုင်ထားရှိပြီး တစ်ဦးနှင့်တစ်ဦး ကံချင်းမတူညီနိုင်ကြပေ။ ကံကို ယုံကြည်သူတိုင်း မျက်မှောက်ခေတ်၏ ဆင်းရဲမှု၊ ချမ်းသာမှုအကြောင်းတရားများကို အတိတ်ကံကြောင့်ဟု လက်ခံထားကြသည်။ အတိတ်ကံကို ယှဉ်ပြိုင်၍ မရနိုင်ပေ။ သို့ဖြစ်၍ မျက်မှောက်ကာလတွင် ကံကောင်းအောင် နေထိုင်ကြရမည်ဖြစ်သည်။ မျက်မှောက်ကာလထိန်းသိမ်း အပ်သည့် ကာယကံ၊ ဝစီကံ၊ မနောကံတို့ သည် သံသရာခရီးမပြတ်မချင်း အသက် ရှည်၊ ကျန်းမာမှုကို အထောက်အကူ ပြုနေမည်ဖြစ်သည်။
စိတ်နှင့်ကိုယ်သည် တွဲစပ်နေသည်။ စိတ်မကြည်လျှင် ရုပ်သည်လည်း ထိုင်းမှိုင်းနေမည်ဖြစ်သည်။ ဒေါသ၊ လောဘ၊ မောဟတည်းဟူသော ကိလေသာမီးများကို သတိဖြင့်သာ ဟန့်တားနိုင်သည်။ ပျံ့လွင့်စိတ်ကို ထိန်းသိမ်းနိုင်ရေးသတိဖြင့် စိတ် တည်ငြိမ်အောင် ပြုလုပ်ကြရပေသည်။ နေ့စဉ်ဘဝတစ်လျှောက် စိတ်တည်ငြိမ် မှုရရှိရေးသည် အရေးကြီးပေသည်။ ပြဿနာအရပ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရာတွင် တည်ငြိမ်သောစိတ်ဖြင့်သာ ဖြေရှင်း နိုင်ပေသည်။ စိတ်အေးအောင် နေထိုင် နိုင်ရမည်ဖြစ်သည်။ စိတ်တည်ငြိမ်လျှင် ကိုယ်ခန္ဓာအစိတ်အပိုင်းများသည်လည်း မျှတကောင်းမွန်လာမည်ဖြစ်သည်။ စိတ် ကြောင့်ဖြစ်သော ရောဂါဆိုးများ၊ မကျန်း မာမှုများကိုလည်း အထိုက်အလျောက် ဖယ်ရှားသွားနိုင်မည်ဖြစ်သည်။
အလားတူပင် ဥတုရာသီနှင့် လိုက်လျောညီထွေနေထိုင်ရေး သတိပြုကြရမည်ဖြစ်သည်။ နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို မပေါ့မဆလိုက်နာကြရမည်ဖြစ်သည်။ ထို့ပြင် လူတစ်ဦးသည် အာဟာရ ပြည့်ဝမှသာလျှင် ကိုယ်ခံအားပြည့်ဝကာ ကျန်းမာသန်စွမ်းမည် ဖြစ်သည်။ ဘေးထွက်ဆိုးကျိုးများသည့် အစားအစာများကို ရှောင်ရှားပြီး အာဟာရပြည့်ဝသည့် အစားအသောက်ကို မှီဝဲသုံးဆောင်ကြရန်လည်း လိုအပ်ပေသည်။
ကာယကြံ့ခိုင်မှုရှိမှ စိတ်ဓာတ်ကြံ့ခိုင်နိုင်
စိတ်မလန်းလျှင် ကိုယ်မှာလည်း နွမ်းလျနိုင်ပေသည်။ ကျန်းမာကြံ့ခိုင်လိုသောစိတ်ဓာတ် ပိုင်ဆိုင်ရရှိရေး လွန်စွာအရေးကြီးသည်။ ကာယကြံ့ခိုင်မှုရှိမှ စိတ်ဓာတ်ကြံ့ခိုင်နိုင်သည်။ ထို့အတူ စိတ်ဓာတ်ကြံ့ခိုင်မှ ကာယကြံ့ခိုင်မှုရှိနိုင် သည်။ သို့ဖြစ်၍မျိုးဆက်သစ်လူငယ်များ ကျန်းမာကြံ့ခိုင်ရေး အလေးပေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ လူငယ် အများစုသည် ဂိမ်းအမျိုးမျိုးကို စိတ်ပါဝင်စားစွာ ဆော့ကစားလေ့ရှိသည်။ ဂိမ်းသည် ဉာဏ်ကောင်းစေသည်ဟု လေ့လာ သူများက အဆိုပြုထားသည်။ ဦးနှောက်ကို အလုပ်လုပ်စေသည့် ဂိမ်းကစားခြင်းကို သင့်ရုံမျှကစားခြင်းက ဘေးဥပဒ်မဖြစ် နိုင်ပေ။ အလွန်အကျွံကစားခြင်းကြောင့် အာရုံကြောရောဂါအမျိုးမျိုး ဖြစ်ပွားနိုင်သည်ကိုမူ သတိပြုကြရမည်ဖြစ်သည်။ လူငယ်သည် နိုင်ငံ့ခေါင်းဆောင် လောင်းလျာများပင်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး နယ်ပယ်အသီးသီးမှ ကြိုးပမ်း ဆောင်ရွက်ကြရမည့်သူများ ဖြစ်သဖြင့် ကျန်းမာကြံ့ခိုင်နေရန်လိုအပ်ပေသည်။
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် ရေးရည်မှန်းချက်ပြည့်မီရန် ပြည်သူ တစ်ရပ်လုံးပါဝင်သော လူထုအားကစား (Mass Sports) လှုပ်ရှားမှုပြုကြရမည် ဖြစ်သည်။ လူတစ်စု အားကစားမှစ၍ လူထုအားကစား ကြွေးကြော်သံ ဆောင်ပုဒ်နှင့်အတူ လူထုအားကစားလှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်နိုင်မှု၏ နောက်ကွယ်တွင် ကျန်းမာကြံ့ခိုင်မှု ကို ခိုင်မာစွာ ကိုယ်စားပြုနေမည်ဖြစ်သည်။ လူထုအားကစားလှုပ်ရှား ဆောင်ရွက်မှုသည် ငွေကုန်ကျမှု အနည်းဆုံးဖြစ်ပြီး အသက်အရွယ်မရွေး စုပေါင်းလေ့ကျင့်နိုင်သည့် ကိုယ်လက်လှုပ်ရှား အားကစားဖြစ်ခြင်းကြောင့် စိတ်ပျိုကိုယ်နုစေသည့် အားကစား လှုပ်ရှားမှုဖြစ်ပါသည်။ အဆိုပါလှုပ်ရှားမှုတွင် စုပေါင်းလမ်းလျှောက်ခြင်း၊ အစုအဖွဲ့ဖြင့် အားကစားအထောက် အကူပြုပစ္စည်းများ မပါဝင်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းများကို ကိုယ်စိတ်နှစ်ပါး ကြည်ရွှင်စွာပြုလုပ် နိုင်ပေသည်။ လမ်းလျှောက်ခြင်းသည် တစ်ဦးချင်း ကျန်းမာရေးကောင်းမွန်မှုကို အထောက်အကူပြုပေသည်။
နိုင်ငံတော်အစိုးရက ပြည်သူများ ကျန်းမာကြံ့ခိုင်မှုရှိစေရေး နှစ်စဉ် ဒီဇင်ဘာလကို လူထုအားကစားလ အဖြစ် သတ်မှတ်ပြီး အပတ်စဉ်စနေနေ့ တိုင်း စုပေါင်းလမ်းလျှောက်ခြင်းအလေ့ အကျင့်ကို ပျိုးထောင်ပေးလျက်ရှိသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန၏ ပြည်သူလူထု ကျန်းမာစေရေး စီမံချက်များချမှတ်ပြီး ပြည်သူများ အတူတကွ လိုက်ပါဆောင်ရွက်ရေး တိုက်တွန်းဆောင်ရွက်လျက်ရှိသည်။
မုချကျန်းမာစေရမည်
လူတိုင်း နေ့စဉ်ပုံမှန်လမ်းလျှောက် ကြရန်လိုအပ်သည်။ ခြေတစ်လှမ်း ကုဋေတစ်သန်းတန်သည့်ပမာ ပုံမှန် လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား မှုပြုခြင်းသည် သေချာသောကျန်းမာ ရေးစောင့်ရှောက်မှုကို ပြုလုပ်ခြင်းဖြစ်သည်။ ကျန်းမာရေးအသိဖြင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူတိုင်း မုချကျန်းမာစေရမည် ဖြစ်သည်။ လူတိုင်းကျန်းမာရေး အသိဖြင့် တစ်မျိုး သားလုံးကျန်းမာကြံ့ခိုင်ရေးလှုပ်ရှားမှု တွင် ပူးပေါင်းပါဝင်ကြပါလျှင် ပြည်သူ ရွှင်ပြုံး တစ်နိုင်ငံလုံး ကျန်းမာလာမည် ဖြစ်ပါကြောင်း ယုံကြည်စွာဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်။