၁။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူနှင့် စက်မှုလက်မှုလုပ်ငန်းများ ဓာတ်အားသုံးစွဲမှုများ အတွက် လစဉ်ဓာတ်အားခများကို သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် ကောက်ခံဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွက်ကျသင့်သည့် လျှပ်စစ်မီတာခများကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် သတ်မှတ် မြို့နယ်ရုံးများ၌ မီတာခများအား (၂၀-၄-၂၀၂၀)၊ (၂၂-၄-၂၀၂၀)၊ (၂၄-၄-၂၀၂၀)၊ (၂၆-၄-၂၀၂၀) နှင့် (၂၈-၄-၂၀၂၀) တို့၌ နောက်ဆုံးထား၍ အသီးသီး ပေးသွင်းကြရန် မီတာဘေလ်များတွင် ရေးသားသတ်မှတ်ခဲ့ပါသည်။

 

၃။    လက်ရှိတွင် Coronavirus Disease 2019 (COVID-19) အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားရှိသဖြင့် ကူးစက်မှုအားထိန်းချုပ်နိုင်ရန် ဌာနမှ လာရောက်ပေးသွင်းသူများအား အပူချိန်တိုင်းတာခြင်း၊ လက်ဆေးရည်၊ လက်ဆေးကန်များ၌ ဆေးကြောစေခြင်းတို့အား ပြုလုပ်ရသဖြင့် အချိန်နှောင့်နှေးမှုဖြစ်ကာ လူစုလူဝေး ဖြစ်ပေါ်ခဲ့ရပါသည်။

 

၄။    ထိုလူစုလူဝေးဖြစ်ပေါ်မှုကို အထိုက်အလျောက် လျော့နည်းစေရန်အတွက် ကျသင့်သည့် မီတာခများအား စာပိုဒ်(၂)ပါ သတ်မှတ်ရက်များအပြင် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၀ ရက်နေ့အထိ နောက်ဆုံးထား ပေးသွင်းကြပါရန် အသိပေးကြေညာအပ်ပါသည်။

 

၅။    ထိုသို့ အပိုဒ်(၂)ပါ သတ်မှတ်ရက်များအတိုင်း ပေးသွင်းခြင်းမရှိခဲ့မှုအတွက် နောက်ကျကြေး ကောက်ခံခြင်း၊ လျှပ်စစ်မီးဖြတ်တောက်ခြင်းများ ပြုလုပ်မည် မဟုတ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

၆။ ငွေလက်ခံကောင်တာများကို နေ့စဉ် (စနေ၊ တနင်္ဂနွေ) ပိတ်ရက်မရှိ ဖွင့်လှစ်လက်ခံသွားမည် ဖြစ်ပါသဖြင့် တတ်နိုင်သမျှ သတ်မှတ်ရက်များအတိုင်း လာရောက်ပေးသွင်းနိုင်ပါရန်နှင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွက် ကျသင့်သည့် လျှပ်စစ်မီတာခ နောက်ဆုံးပေးသွင်းရမည့်ရက်ကိုလည်း ထပ်မံထုတ်ပြန် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန