နေပြည်တော် ဩဂုတ် ၃၀
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၃)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြ သည်။
နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ တွင် ယခုအစည်းအဝေးသည် အစိုးရသစ်၏ပထမဆုံး အစည်းအဝေးဟု ဆိုနိုင်ကြောင်း၊ အစိုးရတစ်ရပ်၏ တာဝန်မှာ နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံတိုးတက်အောင်နှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတိုးတက်အောင်ဆောင်ရွက်ရာတွင် နိုင်ငံသားများ၏အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေးကောင်းမွန်ရန်၊ ပညာရေးကောင်းမွန်ရန်နှင့် အလုပ်အကိုင်များရရှိပြီး လူတိုင်းဝင်ငွေရရှိအောင်၊ ဆင်းရဲမွဲတေမှု လျှော့ချနိုင် အောင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တစ်ဦးချင်း၏ လူမှုစီးပွားဘဝများတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူတစ်ဦးချင်း၏ လူမှုစီးပွားဘဝတိုးတက်ရေးကို ဦးတည်ချက်ထား ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ အလိုက် ရည်ရွယ်ချက်များချမှတ်၍ ဆောင်ရွက်ရန်လိုကြောင်း။
ဆင်းရဲမွဲတေမှုများ လျှော့ချရေးကို ဒီမိုကရေစီ အစိုးရပထမသက်တမ်းမှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ဆင်းရဲမွဲတေမှုလျှော့ချ၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအားဖြင့် ပညာရည်မြင့်မားနေရန်လိုကြောင်း၊ ယေဘုယျအားဖြင့် မြို့ပေါ်နေပြည်သူအများစုမှာ အတန်းပညာ တတ်မြောက်မှုမြင့်မားပြီး ကျေးလက်ဒေသနှင့်အစွန်အဖျား နေရာများရှိ ပြည်သူများ၏ အတန်းပညာ တတ်မြောက်မှုမှာ နည်းပါးနေသေးကြောင်း၊ ထို့ကြောင့် အဆိုပါ ဒေသများရှိ ပြည်သူများအတန်းပညာ တတ်မြောက် မှုမြင့်မားလာစေရေး ရည်ရွယ်ဆောင်ရွက်ရန်လိုကြောင်း၊ ယခင်က တစ်နိုင်ငံလုံး စာမတတ်မြောက်သူ ပပျောက်ရေးအတွက် “အ” သုံးလုံးသင်တန်းများကို ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှု များရရှိခဲ့ကြောင်း၊ ယခုအခါတွင်လည်း ကျေးလက်ဒေသနေပြည်သူများ နှင့် အစွန်အဖျားဒေသများရှိ ပြည်သူများအားလုံး စာတတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဘာသာစကား အခက်အခဲများရှိနိုင်သည်ဖြစ်သော်လည်း အခြေခံမှတစ်ဆင့် စာတတ်မြောက်ရေးကို ဆောင်ရွက်သွားရန် လိုကြောင်း၊ စာတတ်အောင်ပြုလုပ်ပြီးမှ အတန်းပညာမြင့်မားရေးကို ဆက်လက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း။
လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေး၌ လူမှုရေးတွင် ပညာရေးနှင့် ကျန်းမာရေး ပါဝင်ကြောင်း၊ ထို့ကြောင့် ပြည်သူများပညာရည်တိုးတက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ ပြည်သူများအားလုံး ကျန်းမာရေးကောင်းမွန်နေစေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ သို့ဖြစ်၍ ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးရ မည်ဖြစ် ကြောင်း၊ ဝင်ငွေရသည့်စီးပွားရေးလုပ်ငန်း အောင်မြင်မှသာ စားသောက်နေထိုင်ရေးအတွက် သုံးစွဲနိုင်ပြီး ကျန်းမာရေးအတွက် ကိုယ်ခံစွမ်းအားများ ကောင်းမွန်စေမည်ဖြစ်ကြောင်း၊ စီးပွားရေးကို ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံတစ်ဝန်းလုံး၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကိုဆောင်ရွက်ကြခြင်း ဖြစ်သဖြင့် နိုင်ငံအတွက် လက်တွေ့ကျသည့် စိုက်ပျိုးမွေးမြူရေးအခြေခံပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများ တိုးတက်စေရေးနှစ်အလိုက် အဆင့်ဆင့် ဆောင်ရွက်သွားမည်ဆိုပါက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုအခြေခံပြီး ခေတ်နှင့်လျော်ညီသည့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။
ကုန်ထုတ်လုပ်မှုစီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် လိုအပ်သည့်လူသားအရင်း အမြစ်များကိုမွေးထုတ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်နှင့်လျော်ညီသည့်စက်မှုလုပ်ငန်းများ ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ၎င်းမှတစ်ဆင့် နည်းပညာနှင့် စက်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ် စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများကို နည်းပညာများနှင့် ပေါင်းစပ်ထုတ်လုပ် သွားမည်ဆိုပါက တန်ဖိုးမြင့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် မိမိတို့နိုင်ငံစီးပွားရေး လုပ်ငန်းများတွင် အခြေခံ အကျဆုံးလုပ်ငန်းများဖြစ်သဖြင့် ကုန်ကြမ်းသေချာသည့် စိုက်ပျိုးမွေးမြူရေး ကိုအခြေခံသော MSME လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ပြည်နယ် အစွန်အဖျားပါမကျန် နိုင်ငံတစ်ဝန်းအကြားအလပ်မရှိ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေများ တိုးတက်ကာ ပြည်သူများ၏ စီးပွားရေးများ ကောင်းမွန်လာမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် ကျန်းမာရေးနှင့် စားသောက်နေထိုင်ရေးတို့ကို မြှင့်တင်လာနိုင်မည်ဖြစ်ကြောင်း။
ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ နိုင်ငံပိုင်လုပ်ငန်း များနှင့် ပုဂ္ဂလိကလုပ်ငန်းများရှိပြီး ပန်းတိုင်ရည်မှန်း ချက်များ ရှိပြီးဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများအလိုက် ရည်မှန်းချက်များအတိုင်း ပြည့်မီအောင် ထုတ်လုပ်နိုင်ရန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ရည်မှန်းချက်များအတိုင်း အပြည့်အဝဆောင်ရွက်နိုင် ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း၊ ယခင်ကအကြောင်းအမျိုးမျိုးကြောင့် လျှော့ချရပ်ဆိုင်းခဲ့ရသည့် စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင် စက်ရုံများရှိ လက်ရှိစက်စွမ်းအားများအပေါ်မူတည်၍ ထုတ်လုပ်မှုများကို ဆောင်ရွက်သွားရန် လိုကြောင်း၊ အလားတူ ပုဂ္ဂလိက ကုန်ထုတ်လုပ်မှုများကိုလည်းစွမ်းအား ပြည့်ထုတ်လုပ်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်လိုပြီး လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် စိုက်ဧကများ တိုးချဲ့ခြင်းထက် တစ်ဧကချင်း ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းများ တိုးတက်ရေး ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် ပြည်တွင်းကုန်ထုတ် လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လိုအပ်ချက်ရှိသဖြင့် ဈေးကွက်ရှိပြီးဖြစ်ကြောင်း၊ တစ်ဆက်တည်း သီးထပ်စွမ်းအားကိုလည်း မြှင့်တင်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် နိုင်ငံ့စီးပွားရေး အတွက် များစွာအထောက်အကူပြုကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အားလုံးအနေဖြင့် လုပ်ငန်းများအောင်မြင်စေရေး စနစ်တကျဖြင့် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
လုပ်ငန်းများဆောင်ရွက်ရာတွင် မှားယွင်းမှုများ အနည်းဆုံးဖြစ်စေရေး တိတိကျကျဖြင့် ဆောင်ရွက် ရန်နှင့် စာရင်းဇယားများ မှန်ကန်မှုများရှိစေရေးကိုလည်း စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ စာရင်း ဇယားများမှန်ကန်မှုရှိမှသာ လုပ်ငန်းများကိုထိရောက် အောင်မြင်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တင်ပြသည့် စာရင်းဇယားအချက်အလက်များသည် မြေပြင်အခြေအနေနှင့် အနီးစပ်ဆုံး မှန်ကန်မှုရှိမှသာလျှင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို သုံးသပ်သိရှိနိုင်မည်ဖြစ်ပြီး သုံးသပ်မှုမှန်ကန်မှသာလျှင် မှန်ကန်သည့် ဆုံးဖြတ်ချက်များနှင့် မူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည် ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အားလုံးမှ အလေးထားစဉ်းစားသုံးသပ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိုးတွင်းကာလအတွင်း လမ်းများပျက်စီးမှုများရှိခဲ့သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ပြန်လည်ပြင်ဆင်နိုင်ရေး ကြိုတင် ပြင်ဆင်ရန်လိုကြောင်း၊ မည်သည့်လမ်း အမျိုးအစားဖြစ်စေ ပွင့်လင်းကာလအတွင်း ခရီးသွားပြည်သူများ ချောချောမွေ့မွေ့ဖြင့်သွားလာနိုင်ရေး ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း။
နိုင်ငံတကာအဆင့်မီဝန်ဆောင်မှု
လုပ်ငန်းများဖြစ်အောင် ဆောင်ရွက်ရန်လို
စီးပွားရေးနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုသာမက ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဝန်ဆောင်မှုလုပ်ငန်းတွင် ခရီးသွားလုပ်ငန်းလည်းပါဝင်ကြောင်း၊ ယခုအခါ ပြည်တွင်း၊ ပြည်ပခရီးသွားများ များပြားလာပြီဖြစ်ကြောင်း၊ ခရီးသွားများ များပြားလာ မှုနှင့်အညီ ခရီးသွားလုပ်ငန်းများအတွက် လိုအပ်သည့်တည်းခိုရေး၊ နေထိုင်စားသောက်ရေးနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများလည်း လည်ပတ်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ ခရီးသွားလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်၍ နိုင်ငံအတွက် အကျိုးရှိ စေရေးဆောင်ရွက်ရန် လိုကြောင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရေးအတွက်လည်း စားသောက်နေထိုင်မှုများ သပ်ရပ် ကောင်းမွန်နေစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ မီဒီယာကဏ္ဍမှလည်း သက်ဆိုင်ရာဝန်ကြီးဌာန များအလိုက် လူမှုကွန်ရက်များမှတစ်ဆင့် ခရီးသွားလုပ်ငန်းများအတွက် ဆွဲဆောင်မှုများရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်သွားရန်လိုကြောင်း၊ လာရောက်သည့်ခရီးသွားများအနေဖြင့် မိမိတို့နိုင်ငံ၏ ပုံရိပ်ကောင်း များကို မြင်တွေ့သွားနိုင်ရေးနှင့် ဝန်ဆောင်မှုများကို ရရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်း၌သာရှိသည်ဖြစ်သည့်အတွက် အလေးထားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး မိမိတို့အနေဖြင့် ကြိုးစားအားထုတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
စဉ်ဆက်မပြတ်တာဝန်ထမ်းဆောင်နိုင်ရေး
လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရန်လို
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် လုပ်ငန်းများအောင်မြင်စေရေးဆောင်ရွက် ရာတွင် လူမှန်နေရာမှန် တာဝန်ပေးအပ်နိုင်ရန်လည်းလိုကြောင်း၊ လုပ်ငန်းများ စဉ်ဆက်မပြတ် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ပညာတတ်လူသားအရင်းအမြစ်များကို စဉ်ဆက်မပြတ်မွေးထုတ် ပေးနေရန်လိုကြောင်း၊ အရာထမ်း အမှုထမ်းများ ခန့်အပ်တာဝန်ပေးရာတွင်လည်း အဆင့်အလိုက် လုပ်ငန်းအတွေ့အကြုံများအပေါ်မူတည်၍ ရာထူးတာဝန်များ ပေးအပ်ထားခြင်းဖြစ်ပြီး ၎င်းတို့၏ အရည်အသွေးများ တိုးတက်စေရေးအဆင့်လိုက် သင်တန်းများ တက်ရောက်လေ့ကျင့်စေလျက်ရှိ ကြောင်း၊ သင်တန်းများစေလွှတ်ရာတွင် ပြည်တွင်းသင်တန်းများကိုသာမက ပြည်ပသင်တန်းများ ကိုလည်း စေလွှတ်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ နောင်မျိုးဆက်သစ် လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် လည်း ရည်မှန်းဆောင်ရွက်သွားရန်လိုကြောင်း။
ဌာနအလိုက် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ အားလုံးကို ကျွမ်းကျင်နားလည်နေရန်နှင့် တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာထားပြီး စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက် ကြရန်နှင့် တာဝန်ရှိသူများကလည်း ကြပ်မတ်ဆောင်ရွက်သွားကြရန်လို ကြောင်း၊ မိမိတို့ဌာနအပေါ် စေတနာထားရန်နှင့် မိမိတို့နိုင်ငံအပေါ် စေတနာထားပြီး ဆောင်ရွက်ရန်လိုကြောင်း၊ ယင်းသည် နိုင်ငံကောင်းအောင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း။
အမျိုးသားယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုကို
မထိခိုက်စေရေး ကြပ်မတ်ဆောင်ရွက်
INGO နှင့် NGO အဖွဲ့များကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် စနစ်တကျကြပ်မတ် ထိန်းသိမ်းဆောင်ရွက်နေရန်လိုကြောင်း၊ အချို့သော ပြည်ပအကူအညီများသည် INGO ၊ NGO များမှတစ်ဆင့် မျှဝေဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများကအသုံးချနေမှုများရှိကြောင်း၊ နိုင်ငံနှင့်လူမျိုး၏ အမျိုး သားရေးစရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့်လုပ်ဆောင်မှုများ၊ ရေးသားထုတ်ဝေမှုများ၊ ထုတ်လွှင့်မှုများ မရှိစေရေး အတွက်လည်း စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက် စသည့်နယ်ပယ်များအလိုက် သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် စနစ်တကျဖြင့် ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အောင်မြင်မှုရှိစေရေး၊ တိုင်းပြည် ကောင်းစေရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်