ပြည်သူတွေရဲ့ အသံတွေကြားမှာ

နေပြည်တော် ၁၇ ဇွန်

 

ငြိမ်းချမ်းရေးကိုအကြောင်းပြု ပြောဆိုဆွေးနွေးကြသော ပြည်သူ့စကားဝိုင်းများကတစ်ဆင့် ပြည်သူတို့ ၏ ရင်တွင်းကထွက်ပေါ်လာသည့် အသံများ၊ ဆန္ဒများနှင့် သဘောထားအယူအဆများကို ကြားနာခွင့် ရလိုက်သည်။

 

သွေးချင်းညီအစ်ကို တိုင်းရင်းသားတို့၏ ခံစားချက်များ၊ ကျေးလက်တောရွာများက ပြည်သူတို့ လက်တွေ့ရင်ဆိုင်နေရသော အခက်အခဲများ၊ ပြည်သူတို့ကြားမှာ နားမလည်နိုင် ဖြစ်နေရသည့် အမျိုးသားရေးမူဝါဒ၊ စီမံကိန်းတို့နှင့် ပတ်သက်သော မေးခွန်းများ စသည်တို့သည် ဒေသတစ်ခု လုံးမှသည် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့လာနေသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်နယ်ဒေသခံပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းကို ၁၄ ဇွန် ၂၀၁၈ နံနက်ခင်းက မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပစဉ်က ထွက်ပေါ်လာသော အသံများဖြစ်၏။

 

ဆွေးနွေးကြသည်တို့ထဲ မှတ်မှတ်သားသားဖြစ်ရသည်မှာ နိုင်ငံတစ်ခု၏ ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲ ဖို့ဆိုသည်မှာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်နေသည်ဆိုတာကို မီးမောင်းထိုးပြောပြသွားခြင်း ဖြစ်ပါ သည်။ နိုင်ငံဖွံ့ ဖြိုးတိုးတက်မှုရှိပါမှ နိုင်ငံသားတို့၏ ဘဝများမှာ စိတ်ပိုင်း ရုပ်ပိုင်းလုံခြုံမှုရှိမှာ ဖြစ်သည်။

 

အပြန်အလှန်ဆိုသလို ငြိမ်းချမ်းရေးမရှိသည့်အခါ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တည်တည် ငြိမ်ငြိမ်နှင့် အားသွန်ခွန်စိုက် မလုပ်နိုင်ဖြစ်ကြရပြန်သည်။ ငြိမ်းချမ်းရေးမရှိဘဲ စစ်ပွဲများကြားမှာ နေရ သည့် ကျေးလက်ဒေသများမှာ နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများဖြစ်သော လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လွယ်ကူအောင် မတည်ဆောက်နိုင်။ ဒေသခံပြည်သူတို့၏ ပညာရေးအဆင့်မြင့်မားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်များ ကောင်းမွန်ရေးစသည်တို့ကို တည်ဆောက်ရန်မလွယ်ကူ၊ စွမ်းအင်လျှပ်စစ်မီးလုံလောက်အောင် မဆက်သွယ် မဖြန့်ဖြူးနိုင် စသည့် ကရွတ်ကင်းလျှောက်ပြဿနာများကို တွေ့ရပါမည်။

 

ဤသည်တို့က ဒေသဖွံ့ ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်နေသည်။ သည်လိုထဲမှာ ဒေသခံကလေးငယ်နှင့် လူငယ်တို့အတွက် ခိုင်မာအားကောင်းသည့် ပညာရေးစနစ် တည်ဆောက် မပေးနိုင်သည့်အခါ အနာဂတ်မျှော်မှန်းချက်က ကင်းမဲ့သကဲ့သို့ ဖြစ်လာပြီး မူးယစ်ဆေးဝါးသုံးစွဲမှု ဖြန့်ဖြူးရောင်းချမှုတို့ ရောယှက်လာတော့သည်။

 

ပညာရေးဆိုရာ၌လည်း ဘွဲ့ရပညာတတ်ကြီးတွေ အများကြီးပေါ်ထွန်းရေး သက်သက်မဟုတ်ဘဲ ပြင်ပလက်တွေ့လုပ်ငန်းများမှာဝင်ရောက်လုပ်ကိုင်နိုင်မည့် အလုပ်နှင့် ယှဉ်တွဲလုပ်ဆောင်နိုင်သည့် လုပ်ငန်းအတတ်ပညာများကို သင်ကြားနိုင်မည့် သင်တန်းအများအပြား ပေါ်ပေါက်ရေးတို့ လိုအပ် ကြောင်းကိုလည်း ဆွေးနွေးကြသည်။

 

ဆွေးနွေးကြသည်များက ဆင်းရဲတွင်းက လွတ်မြောက်ရေး၊လက်ငင်း စားဝတ်နေရေးချောင်လည် ရေးမှစ၍ အနာဂတ် တိုးတက်ဖွံ့ ဖြိုးရေးအထိ ဖြေရှင်းရမည့် စိန်ခေါ်မှု အမြောက်အမြားဖြစ်၏။

 

ဤသည်တို့၏ အခြေခံဖြစ်သည့် စစ်ပွဲများရပ်စဲနိုင်ရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား လူမျိုးစု အားလုံးတို့အကြား တန်းတူညီမျှရေး စသည့်ရည်မှန်းချက်များ၏ အခရာဖြစ်သော ငြိမ်းချမ်းသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်ရန် လုပ်ငန်းစဉ်က အားလုံး၏ အသက်တမျှ အရေးကြီးနေပြီ ဖြစ်သည်။

 

ယနေ့ လိုအပ်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ရန်မှာ နိုင်ငံရေးအင်အားစုများ၊ လက်နက် ကိုင်ထားသူများအားလုံး ရင့်ရင့်ကျက်ကျက်နှင့် လူကြီးလူကောင်းတို့၏ စကားဝိုင်းများ ဖော်ဆောင်ကာ ဆွေးနွေးညှိနှိုင်းကြရန်သာ ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။ ။

 

မြန်မာ့အလင်း