ပြည်သူတို့အတွက် နှစ်သစ်ကူးလက်ဆောင်မွန်

နေပြည်တော် ၁၉ ဧပြီ

 

မြန်မာ့နှစ်သစ်ကူးခဲ့ပြီ။ ပိတောက်ပန်း ထိန်ထိန်ဝါဝါတို့ ဝင်းကာပကာ လင်းကာလှကာနှင့် အေးမြငြိမ်းချမ်းသွားစေခဲ့သော သင်္ကြန်ရေတို့နှင့်အတူ နှစ်ဟောင်းတစ်နှစ်ကုန်ဆုံးကာ နှစ်သစ်တစ်နှစ်ဆီသို့ ကူးပြောင်းခဲ့ပြီဖြစ်ပါသည်။

 

 

မြန်မာတို့၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာတို့အရ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကူးပြီဆိုသည်ကို ကုသိုလ်ကောင်းမှုတို့နှင့် ကြိုဆိုကြခဲ့ပြီဖြစ်ပါသည်။

 

 

အဟောင်းအမြင်းတို့ကို ချန်ထားခဲ့ကြပြီ။ မကောင်းမှုများ၊ စိတ်ညစ်စိတ်ဟောင်းများ၊ အတွေးညစ်၊ အတွေးဟောင်းများ၊ အပြုအမူအညစ် အထေးများအားလုံးကို ချန်၍ စိတ်သစ်လူသစ် ကုသိုလ်ဖြစ်စေသော အတွေးသစ်အမြင်သစ် အယူအဆသစ်တို့ကို မွေးမြူရင်း နှစ်သစ်ကို ကြိုဆို ခဲ့ကြပြီဖြစ်ပါသည်။

 

 

နှစ်သစ်နှစ်ဦးဆိုသည်နှင့်အညီ နှစ်ဟောင်းက အညစ်အကြေးများ၊ မကောင်းမှုများ နှစ်ဟောင်းမှာပဲ ထားရစ်ကာ နှစ်သစ်မှာ ပိုမိုကောင်းမွန်သည်များ၊ ပိုမိုသန့်ရှင်းဖြူစင်သည်များနှင့် ကုသိုလ်တရားများနှင့်သာ ပြည့်စုံရအောင် ကိုယ်တိုင်အားထုတ် ထိန်းသိမ်းစောင့်ရှောက်ကျင့်ကြံရင်း နှစ်သစ်ကို ကြိုဆိုခဲ့ကြပြီ။

 

 

သည်လိုမင်္ဂလာရှိသော ကျက်သရေတင့်လှသော မြန်မာနှစ်သစ်ကူးကာလ အခါသမယမှာ နိုင်ငံတော်သမ္မတကြီးက ပြည်သူလူထုကို နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားသည်ကိုလည်း ကြားနာလိုက်ရပါ၏။

 

 

သမ္မတအသစ်အဖြစ် တာဝန်ယူပြီးသည့်နောက် ပြည်ထောင်စုအစိုးရအနေဖြင့် ဦးစားပေးဆောင်ရွက်သွားမည့် ရည်မှန်းချက် ပန်းတိုင်များကို ကြေညာခဲ့ပြီး မည်သို့မည်ပုံ ဆက်လက်အကောင်အထည်ဖော်သွားမည် ဆိုသည်ကို သိလိုကြမည်ဖြစ်သော မြန်မာပြည်သူလူထုကို ရှင်းလင်းတင်ပြသွားသည့် လုပ်ငန်းစဉ်အချို့ကို နှစ်သစ်ကူးစကားတွင် ထည့်သွင်းပြောခဲ့ခြင်းဖြင့် မြန်မာပြည်သူတို့ ကျေနပ်အားရ ဖြစ်ခဲ့ကြရပါသည်။

 

 

အထူးသဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နှေးကွေးမှုများရှိနေသည်ကို ပြည်ထောင်စုအစိုးရက ချမှတ်ထားသော တိုးတက်ရေး မူဝါဒများအတိုင်း ကြပ်မတ်သွားမည်ဟု နားလည်ရပါသည်။ ပြည်သူတို့ကြုံတွေ့နေရသော စားဝတ်နေရေးပြဿနာများတွင် အဓိကလိုဖြစ်နေသည့် နေရေးပြဿနာကို အာရုံစိုက်ကာ ဦးစားပေး ဖြေရှင်းသွားမည်ဆိုသည်က အားတက်စရာဖြစ်ပါသည်။ မြို့ ပြများဆီသို့ ရေကြည်ရာ မြက်နုရာဆိုသလို ဦးတည်ရွှေ့ပြောင်းလာကြသော လူထုမှာ နေစရာအကျပ်အတည်းက အခြေခံပြဿနာကြီးဖြစ်နေသည်မှာ ကြာပါပြီ။

 

 

မြို့ ကြီးများရှိ ကျူးကျော်အိမ်ရာများ အဆမတန် တိုးပွားများပြားလာနေခြင်းက ထိုအကျပ်အတည်းများကို တစ်စိတ်တစ်ပိုင်း ဖော်ပြနေခြင်းပဲဖြစ်ပါသည်။ အချို့သော မသမာသူများက ထိုသို့သော ပြည်သူ့အခက်အခဲများကို အခွင့်ကောင်းယူကာ ကျူးကျော်ပြဿနာကို အခြေခံ၍ ကိုယ်ကျိုးစီးပွားရှာနေမှုများကိုပါ ပူးတွဲကိုင်တွယ်သွားမည်ဟု မျှော်လင့်ရပါသည်။

 

 

ဤသို့သော မြို့ ပြ အကျပ်အတည်းများကို နင့်နင့်သီးသီးခံရသူများမှာ ဝန်ထမ်းပြည်သူများနှင့် မြို့ ပြရွှေ့ပြောင်းလာသူများ ဖြစ်ပါသည်။

 

 

ပြည်ထောင်စုအစိုးရအနေဖြင့် ဒုက္ခခံစားနေရသော ပြည်သူတို့၏ နေရေးပြဿနာကို ဖြေရှင်းပေးမည်ဟူသော ဦးစားပေး အစီအမံကို သိရသည်က နှစ်သစ်ကူး မင်္ဂလာကျက်သရေရှိလှသည့် လက်ဆောင်ဖြစ်ပါသည်။

 

 

ထို့ပြင် အခြားသော ပြင်ဆင်မှုများအဖြစ် လျှပ်စစ်မီးတိုးချဲ့ ဖြန့်ဖြူးမှုအစီအစဉ်၊ ဖြောင့်မတ်မှန်ကန်မျှတသော တရားစီရင်ရေး ဖြစ်မြောက်ရေးအတွက် တည့်မတ်သွားမည့် အစီအစဉ်၊ အဂတိကင်းစင်ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ပေးရေး၊ မူးယစ်ဆေးဝါးပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်နှိမ်နင်း ဖြေရှင်းရေး၊ ပြည်သူ့ဘဏ္ဍာများကို အလေအလွင့်မရှိအောင် စီမံနိုင်ရေး၊ ဥပဒေမဲ့သိမ်းဆည်းထားသည့် မြေယာများကို ပြန်လည်ပေးနိုင်ရေး၊ လျော်ကြေး နစ်နာကြေးများ ပေးနိုင်ရေးတို့ကို ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ရေး၊ လယ်သမားတို့ အခွန်ကင်းလွတ်နိုင်ရေး၊ အလုပ်သမားတို့၏ဘဝများ စိုပြည်နိုင်ရေး၊ ကျောင်းသားများ အဆင့်မြင့်ပညာသင်ကြားနိုင်ရေးတို့နှင့်အတူ အစိုးရအနေဖြင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ တည်တည်ငြိမ်ငြိမ်နှင့် ပြောင်းလဲတိုးတက်ရေး စသည်တို့ကို စနစ်တကျ စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး အကျဉ်းသားများကို စနစ်တကျလေ့လာစိစစ်၍ လွတ်လပ်ခွင့်ပေးခဲ့သည်တို့က ပြည်သူတို့အတွက် အကောင်းဆုံး နှစ်သစ်လက်ဆောင်ဖြစ်သည်ဟု ယူဆပါသည်။

 

 

ပြည်သူလူထု အကျိုးကို အမှန်တကယ် စေတနာထား စီမံဆောင်ရွက်အကောင်အထည်ဖော်မှုများစသည့် ကောင်းမှုကံစေတနာတို့ကိုအကြောင်းပြု၍ ကျန်းမာချမ်းသာလန်းဖြာကြကာ နိုင်ငံတော်ငြိမ်းချမ်းသာယာဖွံ့ ဖြိုးအောင် ဆက်လက်ဆောင်ရွက်နိုင်ကြပါစေသတည်း။

 

မြန်မာ့အလင်း