ပြည်သူတို့၏ အိမ်

၂၄  ဖေဖော်ဝါရီ

 

ပြည်သူတို့၏သက်ရှင်ရပ်တည်နိုင်ရေး၌ “နေရေး” ဟူသော အိုးအိမ် ပိုင်ဆိုင်နိုင်ရေးသည် အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ တစ်ဖက်၌လည်း “ အိမ်”ဟူသည် မိသားစုတို့၏ နွေးထွေးခိုလှုံရာလည်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုက အိုးအိမ်ပိုင်ဆိုင်နိုင်ပါက နွေးထွေးလုံခြုံသော စိတ်ဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် ပိုမိုစွမ်းစွမ်းတမံ ဆောင်ရွက်လိုစိတ်တို့ ခိုင်မာအားကောင်းလာမည် ဖြစ်ပါသည်။

 

ပြည်သူလူထု၏ အိုးအိမ်လိုအပ်မှုကို ဖြည့်ဆည်းပေးရန် နိုင်ငံတော် ဘတ်ဂျက်တစ်ခုတည်းဖြင့် ဆောင်ရွက်ရန် ပြည့်စုံလုံလောက်မှု မရှိပါသဖြင့် နိုင်ငံတော်အစိုးရသည် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ချေးငွေရယူ၍ ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။ ဤအစီအစဉ်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)ချေးငွေဖြင့် အိမ်ရာစီမံကိန်းတစ်ခုကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဤစီမံကိန်း၌ ပြည်သူတို့အား တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများ ဝယ်ယူနိုင်ရန် သက်သာသော အတိုးနှုန်းဖြင့် နှစ်ရှည်ချေးငွေများ ထုတ်ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ချေးငွေ ဂျပန်ယန်း ၁၅ ဘီလီယံရယူသွားမည် ဖြစ်ပါသည်။

 

အဆိုပါစီမံကိန်းအရ (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်အထိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့် တိုက်ခန်းပေါင်း ၁၁၉၁၄ ခန်းကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် တည်ဆောက်သွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းအတွက် ငွေကြေးလည်ပတ်ပုံ အဆင့်ဆင့်မှာ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ ချေးငွေကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ခံ၍ ချေးယူသွားမည် ဖြစ်ပါသည်။ အဆိုပါ ချေးငွေတို့အား ထပ်ဆင့်ထုတ်ချေးရာ၌ မြန်မာ့စီးပွားရေးဘဏ်က ကြားခံအဖွဲ့အစည်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေတို့ကို လက်လွှဲယူ၍ ပြည်သူလူထုအား တိုက်ရိုက်ထုတ်ချေးမည့် အဖွဲ့အစည်းမှာ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ ဖြိုးရေးဘဏ် ဖြစ်ပါသည်။ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ ဖြိုးရေးဘဏ်သည် ပြည်သူလူထုအား အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် နှစ်ရှည်ချေးငွေ ထုတ်ပေးသွားမည် ဖြစ်ပါသည်။

 

တန်ဖိုးနည်းအိမ်ရာဝယ်ယူရန် ချေးငွေရယူလိုသော ပြည်သူတို့သည် လစဉ် မိသားစုဝင်ငွေအနည်းဆုံး ငွေကျပ် သုံးသိန်း ရှိရမည်ဖြစ်ပြီး တန်ဖိုး သင့်အိမ်ရာ ဝယ်ယူလိုသော ပြည်သူတို့သည် လစဉ်မိသားစု ဝင်ငွေအနည်းဆုံး ငွေကျပ်ငါးသိန်း ရှိရမည် ဖြစ်ပါသည်။ ချေးငွေအစီအစဉ်၏ လုပ်ငန်းစဉ်သဘောမှာ အိမ်ရာဝယ်ယူလိုသော ပြည်သူတို့သည် တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို ကနဦး ပေးသွင်းငွေအဖြစ် ပေးသွင်းရမည်ဖြစ်ပါသည်။ ကျန်ရှိသော တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၈၀ အား အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ၁၀ နှစ်မှ ၁၅ နှစ်ကာလအတွင်း ပြန်လည်ပေးဆပ်ရမည် ဖြစ်ပါသည်။ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ ချေးငွေကို ဆိုင်းငံ့ကာလ ၁၀ နှစ်အပါအဝင် နှစ် ၄၀ အတွင်း သတ်မှတ် အစီအစဉ်ဇယားဖြင့် ပြန်လည်ပေးဆပ်သွားရမည် ဖြစ်ပါသည်။

 

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ ချေးငွေတို့ကို သတ်မှတ်အစီအစဉ်နှင့်အညီ ပြန်လည်ပေးဆပ် နိုင်ရေးအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ ဖြိုးရေးဘဏ်က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းက ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ချေးငွေနှင့် ပတ်သက်၍ ရယူသုံးစွဲရေးနှင့် ပြန်လည်ပေးဆပ်ရေး လုပ်ငန်းစဉ်တို့အတွက် စနစ်တကျ စီမံဆောင်ရွက် ထားသည်ကို တင်ပြလိုရင်းဖြစ်ပါသည်။ ပြည်သူတို့၏ အခြေခံလိုအပ်ချက်ဖြစ်သော အိုးအိမ်တို့ ဖန်တီးနိုင်ရေးအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီရယူလျက် ဆောက်လုပ်ရေး ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေသည်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)