၁၁ ဇူလိုင်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ (တတိယ အစည်းအဝေး)ကို ယနေ့ (ဇူလိုင် ၁၁ရက်)မှစ၍ ဇူလိုင် ၁၆ ရက်အထိ ရက်သတ္တတစ်ပတ်နီးပါး ကျင်းပတော့မည်။ ယခုအစည်းအဝေးဆီသို့ NCA ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (Nationwide Ceasefire Agreement) လက်မှတ်ရေးထိုးထား သည့် အဖွဲ့ ၁၀ ဖွဲ့တို့ သာမက မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့တို့ပါ တက်ရောက်လာကြခြင်းဖြစ်ရာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီး ပိုမို၍ပြည့်စုံခြင်းအဖြစ် ပြည်သူများက ဝမ်းမြောက်ဝမ်းသာ နှစ်ထောင်းအားရ ခံစားမိကြသည်။
မိမိတို့နိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးရှိသည်ဟု သတ်မှတ်ထားသည်။ စင်စစ်အားဖြင့် မိမိတို့၏ အိမ်နီးချင်း နိုင်ငံများသည်လည်း လူမျိုးတစ်မျိုးတည်း မဟုတ်မူဘဲ တိုင်းရင်းသားမျိုးနွယ်များစုပေါင်းနေ ထိုင်ကြခြင်းသာ ဖြစ်သည်။ မိမိတို့နိုင်ငံကို ကမ္ဘာ့အောက်ခြေ အဆင့်ဆီသို့ ကျရောက်စေခဲ့သော အကြောင်းရင်းများအနက် နိုင်ငံလွတ်လပ်ရေး ရပြီးချိန်မှ စတင်ခဲ့သော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများက အဓိက အကြောင်းတစ်ရပ် ဖြစ်နေသည်။ သမိုင်းကြောင်းတစ်လျှောက် နိုင်ငံအတွင်း စည်းလုံးညီညွတ်မှု ရရှိသည့်အခါတိုင်း အင်အားတောင့်တင်းကာ မြန်မာ နိုင်ငံ၏မြေပုံသည်လည်း ကျယ်ပြန့်ခဲ့ဖူးသည်ကို လေ့လာတွေ့ရှိနိုင်သည်။ စည်းလုံးညီညွတ်မှုပြိုကွဲခဲ့ချိန်တွင်မူ ကျူးကျော်ခံရကာ နိုင်ငံ့လွတ်လပ်ရေးလည်း ပျောက်ဆုံးခဲ့ရသည်ကို သင်ခန်းစာယူနိုင်သည်။ သည့်အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ရယူတည်ဆောက်ကာ လွတ်လပ်သော နိုင်ငံဘဝကို ပြန်လည်ရောက်ရှိစေခဲ့သည့် “ပင်လုံစိတ်ဓာတ်”ကိုလည်း ပြန်လည်အမှတ်ရကြဖို့လိုပါသည်။
“ပြည်သူလူထုအားလုံးရဲ့ လွတ်လပ်ရေးအတွက် မျှော်လင့်ချက်တွေကို ညီညွတ်ခြင်း၊ ပေါင်းစည်းခြင်းနဲ့ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့ ပင်လုံစိတ်ဓာတ်ဟာဆိ်ုရင် ကျွန်မတို့လက်ရှိရောက်ရှိနေတဲ့ (၂၁)ရာစု အတွက်လည်း မရှိမဖြစ်လိုအပ်ချက် ဖြစ်နေပါတယ်” ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစု ပင်လုံကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က (၂၁) ရာစုပင်လုံ ပထမအစည်းအဝေး၌ ပြောကြားခဲ့သည်။ ပြည်သူအားလုံး၏ မျှော်လင့်ချက်များအတွက် ညီညွတ်ခြင်းနှင့် ပေါင်းစည်းခြင်းတို့က ပင်လုံစိတ်ဓာတ် ဖြစ်သည်။ မိမိတို့အားလုံး မျှော်မှန်းကြသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဆိုလျှင် တိုင်းရင်းသား များအားလုံး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တန်းတူညီတူစုပေါင်းဆွေးနွေး ညှိနှိုင်းအဖြေရှာနိုင်စေမည့် (၂၀)ရာစု ပင်လုံညီလာခံနှင့် တူညီသည့် (၂၁)ရာစု ညီလာခံတစ်ခု ကျင်းပနိုင်ရန် အထူးလိုအပ်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ရာ (၂၁)ရာစု ပင်လုံသည် ပွင့်လင်းမှု၊ ရင်းနှီးမှု၊ တန်းတူရည်တူရှိမှုတို့ဖြင့် စုပေါင်းဆွေးနွေး အဖြေရှာကြရာ ညီလာခံကြီးတစ်ရပ်ပင် ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။
ယနေ့ နိုင်ငံတော်အတွက် အလိုအပ်ဆုံးအရာနှင့် နိုင်ငံသူနိုင်ငံသား ပြည်သူများ၏ အလိုလားဆုံးအရာမှာ “ငြိမ်းချမ်းရေး”ပင် ဖြစ်သည်။ နိုင်ငံတွင် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးသမျှ ကာလပတ်လုံး ဖွံ့ ဖြိုးတိုးတက်ရေးနှင့် အလှမ်းဝေးနေဦးမည်။ ပြည်သူတို့၏ ဘဝမှာလည်း လူလုံးမလှ နိမ့်ကျမြဲနိမ့်ကျနေဦးမည်။ နှစ်ပေါင်း ၇၀ ခန့်ကြာ မြင့်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်ဆိုင်းသွားရန်နှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်မှာ ခက်ခဲနက်ရှိုင်းလွန်းသည် မှန်ပါ၏။ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားလျှင်၊ နိုင်ငံနှင့် ပြည်သူတို့အပေါ် စိတ်စေတနာမှန်ကန် လျှင်မူခက်ခဲသည့် ငြိမ်းချမ်းရေးမှာ မြန်မြန်ဆန်ဆန်အောင်မြင်မှု ရရှိနိုင်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်း