မင်းခန့်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ ဆီကို အိတ်ဖွင့်ပေးစာရေးတယ်ဆိုလို့ ဘယ်သူများလဲလို့ စိတ်ဝင်စားနေကြပါလိမ့်မယ်။
ကျွန်တော်က ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ချစ်မြတ်နိုးတဲ့ သာမန်ပြည်သူတစ်ယောက်သာ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ပျက်စီးရာပျက်စီးကြောင်း တစ်ဖက်သတ် စွပ်စွဲချက်တွေ၊ ဖိအားပေးမှုတွေကို လက်မခံနိုင်တဲ့ သာမန်ပြည်သူတစ်ဦးဆိုရင် ပိုမှန်ပါလိမ့်မယ်။ သာမန် ပြည်သူတစ်ဦးအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဆီကို ဒီလိုအိတ်ဖွင့်စာပေးပို့ခြင်းကလည်း ဒီမိုကရေစီအခွင့်အရေးအရ မိမိရဲ့ထင်မြင်ယူဆချက်၊ ခံစားချက်တွေကို သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ သိရှိနိုင်အောင် ပေးပို့ရခြင်း ဖြစ်ပါတယ်။ ဒီစာကို သက်ဆိုင်သူထံ ရောက်အောင် နည်းမျိုးစုံနဲ့ ပေးပို့ထားပြီး ဖြစ်သလို နိုင်ငံတကာနဲ့ အများပြည်သူ သိရှိနိုင်အောင် အခုလိုဆောင်းပါးရေးသား ဖော်ပြရခြင်းဖြစ်ပါတယ်။
ဒီအိတ်ဖွင့်ပေးစာမှာ ရေးသားထားတဲ့ အချက်တွေကတော့ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က နိုလင်းဟေဇာအနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တစ်ဖက်သတ် စွပ်စွဲပြောကြားချက်တွေကို တုံ့ပြန် အသိပေးထောက်ပြလိုရင်း ဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန က ဘယ်လိုတုံ့ပြန်ထားတယ်ဆိုတာ မသိပေမယ့် နိုလင်းဟေဇာရဲ့ ပြောကြား ချက်တွေဟာ တည်ဆဲအစိုးရကို ဆန့်ကျင်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရဲ့ လူမှုကွန်ရက်က အခြေအမြစ်မရှိတဲ့ သတင်းအတု၊ သတင်းအမှားတွေ၊ ဝါဒဖြန့်မှုတွေ၊ ပေးပို့ချက်တွေကို အခြေခံပြီး သံယောင်လိုက် ပြောဆိုထားခြင်းဖြစ်တာကြောင့် ယခုလို အိတ်ဖွင့်ပေးစာပေးပို့ ရခြင်းဖြစ်ပါတယ်။
နိုလင်းဟေဇာက မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာရယူလိုက်ခြင်းကြောင့် အကြီးအကျယ် ပျက်စီးနေပြီလို့ ဆိုပါတယ်။ နိုလင်းဟေဇာ သိသင့်တာက မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ တပ်မတော်က အာဏာ ထိန်းလိုက်လို့ ဖြစ်ပေါ်လာတာမဟုတ်ဘဲ NLD ပါတီမှ အကြမ်းဖက်မှုကို လိုလားသော အစွန်းရောက်ပါတီဝင်အချို့နဲ့ ဖွဲ့စည်းထားတဲ့ NUG အမည်ခံ အကြမ်းဖက်အဖွဲ့ရဲ့ အလုံးစုံပျက်သုဉ်းရေး လမ်းစဉ်အရ သူတို့လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်သာ ဖြစ်တယ်ဆိုတာကို အသိပေးလိုပါတယ်။
တကယ်တော့ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ နိုင်ငံရေး ရည်မှန်းချက်ကို အကြမ်းဖက်နည်းလမ်းတွေသုံးပြီး ရယူလိုကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စတင်ခဲ့တဲ့ ပဋိပက္ခဟာ ရွေးကောက်ပွဲမသမာမှုနဲ့ နိုင်ငံရေး ပဋိပက္ခဖြစ်လို့ နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ယခုအခါ မှာ NUG အမည်ခံ အကြမ်းဖက်အဖွဲ့ စတင်ပေါက်ဖွားလာတဲ့ NLD အဖွဲ့ အတွင်းမှာတင် လက်နက်ကိုင်လမ်းစဉ်ကို မထောက်ခံတဲ့ အုပ်စုတွေရဲ့အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ ပြည်ပြေးအကြမ်းဖက်အုပ်စုတွေက မြန်မာပြည်တွင်းက အကြမ်းဖက်လမ်းစဉ်ကို မထောက်ခံတဲ့ NLD တွေကို ဖြုတ်/ ထုတ်/ သတ်လုပ်ဖို့ ကြိုးစားနေတဲ့ အချက်အလက်တွေ၊ အင်တာဗျူးတွေကို အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ တပ်မတော်က အာဏာထိန်းလို့လား။ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ အစွန်းရောက် အကြမ်းဖက်လမ်းစဉ်ကြောင့်လားဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ NUG အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ကြံသတ်ဖြတ်မယ့် “Hit List” ထဲမှာပါနေလို့ နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းကို အကူအညီတောင်းတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သူတစ်ဦးရဲ့ စာကိုလည်း နိုလင်းဟေဇာ မသိလိုက်ဘူးလားလို့ မေးရမလိုရှိပါတယ်။ ဒီ “Hit List” မှာ တပ်မတော်ကို ထောက်ပံ့ပေးနေတယ်လို့ NUG အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ယူဆထားတဲ့ စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေ အပြင် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ ပညာရှင်တွေပါ ပါဝင်နေကြောင်း၊ ပြည်သူ့ပါတီမှ ဦးကိုကိုကြီး၊ မွန်ညီညွတ်ရေးပါတီမှ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦးနဲ့ ပါတီဝင်တွေကိုလည်း အကြိမ်ပေါင်းများစွာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခံနေရကြောင်း၊ NUG နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ၆၀ ကျော်နဲ့ အွန်လိုင်းတွေ့ဆုံပွဲလုပ်နေတဲ့ အထောက် အထားဓာတ်ပုံကိုပါ တွဲဖက်ပြီးပေးပို့ပါကြောင်း စသဖြင့်ဖော်ထုတ်ရေးသား ထားပြီး နိုင်ငံတကာသံတမန်အသိုင်း အဝိုင်းကို အကူအညီတောင်းခံခဲ့တာကို တွေ့ရပါတယ်။ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ သူတို့ကို မထောက်ခံတဲ့ ပြည်သူတိုင်းကို ရန်သူလို့ သတ်မှတ်ပြီး အကြောင်းမဲ့ရန်ရှာ သတ်ဖြတ်နေကြတယ်ဆိုတာ အလွယ်တကူ သိရှိနိုင်ပါတယ်။ သူတို့ရဲ့သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေက အကောင်းဆုံးသက်သေ အဖြစ်ရှိနေပါတယ်။
နောက်တစ်ချက်အနေနဲ့ နိုလင်းဟေဇာက မြန်မာ့တပ်မတော်ဟာ သူ့ရဲ့ အာဏာကို ချုပ်ကိုင်နိုင်ဖို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ်ဆောင်ရွက်နေတယ်လို့ စွပ်စွဲထားပါတယ်။ မြန်မာနိုင်ငံမှာ တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အားလုံးဟာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေကို တရားဥပဒေနဲ့အညီ ကာကွယ် ပေးနေရတာသာဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိပါတယ်။ အခုအချိန်အထိ တစ်နိုင်ငံလုံးစစ်အုပ်ချုပ် ရေးကြေညာထားတာမဟုတ်ဘဲ PDF အမည်ခံ အကြမ်းဖက်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထကြွသောင်းကျန်းတဲ့ မြို့နယ် ၄၇ မြို့နယ်ကိုသာ စစ်အုပ်ချုပ်ရေးကြေညာပြီး အကန့်အသတ်နဲ့ ဆောင်ရွက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။
NUG အမည်ခံ အကြမ်းဖက်အဖွဲ့က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှ စပြီး D-Day အမည်ခံ အကြမ်းဖက် လုပ်ရပ်တွေ အရှိန်မြှင့်တင်ဖို့ လှုံ့ဆော်ခဲ့ကြတာ ကမ္ဘာသိဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ NUG၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေရဲ့ တိုက်ခိုက်မှုနဲ့ ဒလန်လို့ စွပ်စွဲပြီး အကြမ်းဖက်သတ်ဖြတ်မှု ကြောင့် လက်နက်မရှိတဲ့ အပြစ်မဲ့ပြည်သူ ၄၉၅၇ ဦး သေဆုံးခဲ့ပါတယ်။ ရဟန်း၊ သံဃာတော် အပါး ၇၀ နဲ့ သီလရှင်နှစ်ပါးပျံလွန်တော်မူခဲ့ရပြီး အစိုးရဝန်ထမ်း ၂၃၄ ဦး၊ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေနဲ့ သက်ဆိုင်ရာဝန်ထမ်း ၆၁၇ ဦး သေဆုံးခဲ့ပါတယ်။ ကျန်းမာရေး ဝန်ထမ်း ၁၄ ဦး၊ ဆရာ ဆရာမတွေ အပါအဝင် ပညာရေးဝန်ထမ်း ၆၇ ဦး သေဆုံးခဲ့ရပြီး စာသင်ကျောင်းနဲ့ ပညာရေး အဆောက်အအုံတွေကို ဗုံးခွဲမီးရှို့ ဖျက်ဆီးခံရမှုဖြစ်စဉ်ပေါင်း ၆၄၈ ခု ရှိပါတယ်။ ဒီလိုနေ့စဉ်နဲ့အမျှ အများ ပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေကို အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၁၅၄၅၂ ကြိမ် ရှိခဲ့ပြီဖြစ်ပါတယ်။
ဒီအချက်အလက်တွေကို နိုင်ငံတကာ သံရုံး/စစ်သံရုံးတွေ၊ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေဆီကို အမြဲပေးပို့နေကြောင်းသိရလို့ ဒီအကြောင်းအရာတွေကို နိုလင်းဟေဇာ မသိတာမဖြစ်နိုင်ပါဘူး။ မသိချင်ဟန်ဆောင်တာပဲ ဖြစ်ပါလိမ့် မယ်။ အစိုးရဆန့်ကျင်ရေး လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက မြေပြင်သတင်း အချက်အလက်အမှန်တွေကို မီဒီယာအား၊ နည်းပညာအားနဲ့ နည်းလမ်းမျိုးစုံ အသုံးပြုပြီး ပိတ်ဆို့ထားကြပေမယ့် လက်ရှိပကတိ ဖြစ်ပေါ်တိုးတက်နေတဲ့ မှန်ကန်တဲ့ သတင်းတွေရနိုင်တဲ့ www.infosheet.org ကဲ့သို့သော သတင်း စာမျက်နှာတွေ ရှိပါတယ်။ မြန်မာ၊ အင်္ဂလိပ်၊ ရုရှား၊ တရုတ် ဘာသာစကား လေးမျိုးနဲ့ ဖတ်ရှုနိုင်တာ တွေ့ရပါတယ်။ အနောက်အုပ်စု လက်ဝေခံမီဒီယာတွေနဲ့ အကြမ်းဖက်အုပ်စုရဲ့ ဝါဒဖြန့်သတင်းတွေမှာပဲ လမ်းဆုံးမနေဖို့ နိုလင်းဟေဇာကို တိုက်တွန်းလိုပါတယ်။ တာဝန် ကြီးကြီးမားမားယူထားသူ ပညာရှင်တစ်ယောက်အနေနဲ့ နှစ်ဖက်သတင်းကို မျှတစွာနားထောင်တတ်ဖို့ဆိုတာ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။
အထူးသဖြင့် မြေပြင်အခြေအနေကို မသိဘဲ အဆင်အခြင်မဲ့ပြောကြားချက်က ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာမှာ ပြည်သူ ၂၈ ဦးကို တပ်မတော်က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ တင်ပြချက်တစ်ခု ရရှိထားတယ်ဆိုတဲ့ ပြောကြားချက်ဖြစ်ပါတယ်။ ဒီလိုအနောက်အုပ်စု မီဒီယာတွေက တပ်မတော်ရဲ့ပုံရိပ်ထိခိုက်အောင် ပုံဖျက်ထားတဲ့ မဟုတ်မမှန်သတင်းဟာ ပအိုဝ်း ပြည်သူတစ်ရပ်လုံးက KNDF/KNPP နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ သတ်တာပါလို့ ကွင်းလုံးပြည့် ဆန္ဒဖော် ထုတ်ပွဲကြောင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရပြီးပြီဖြစ်ပါတယ်။ ဒီလိုမဟုတ် မမှန် စွပ်စွဲချက်တစ်ခုကို နိုလင်းဟေဇာ က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကိုးကားသွားတော့ မြေပြင်အခြေအနေ မှန်တွေနဲ့ ဘယ်လောက်ကင်းကွာနေတဲ့ ပြောကြားချက်တွေ ဖြစ်တယ်ဆိုတာ အလွယ်တကူသိရှိနိုင်ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာအနေနဲ့ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ ဝါဒ ဖြန့်ချိရေးယန္တရားရဲ့ အသုံးချခံ လက်ကိုင် တုတ်ဖြစ်နေတာ အလွန်ရှက်စရာကောင်း ပါတယ်။
မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ ပါမချန် အစုလိုက်အပြုံလိုက် လူသတ်နေကြတာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အထိ NUG ၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေ ကျူးလွန်ထားတဲ့ မိသားစုဝင် ဦးရေ သုံးဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ပေါင်း ၇၆ ခု ရှိပြီး အပြစ်မဲ့ပြည်သူပေါင်း ၃၄၅ ဦး သေဆုံးခဲ့ကာ ၇၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အချို့အသတ်ခံရသူတွေထဲမှာ အရွယ်မရောက်သေးသူ ကလေးငယ်တွေ ပါဝင်နေတာ တွေ့ရပါတယ်။ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေသတ်လို့ သေဆုံးခဲ့ရတဲ့ ကလေးသူငယ် အရေ အတွက် ၁၄၃ ဦး ရှိပြီဖြစ်ပြီး ဒဏ်ရာရရှိ ခဲ့တဲ့ အရေအတွက် ၃၉၂ ဦး ရှိပြီ ဖြစ်ပါတယ်။ စာရင်းဇယားတွေအရ စစ်ကိုင်းတိုင်းဒေသကြီးက ကလေး သူငယ်တွေဟာ အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး မကွေးတိုင်းဒေသကြီးက ဒုတိယအများဆုံး ဖြစ်ပါတယ်။ သေဆုံးခဲ့ကြရတဲ့ ကလေးငယ်အများစုဟာ နိုင်ငံရေး အရောင်အသွေးမတူတဲ့အတွက် ဒလန်မိသားစုဆိုပြီး စွပ်စွဲသတ်ဖြတ်လို့၊ အကြမ်းဖက်သမားတွေထောင်ထားတဲ့ လက်လုပ်မိုင်းတွေ ပေါက်ကွဲလို့၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ လက်နက်စမ်းသပ်ရင်း ကျေးရွာတွေထဲကို ရမ်းသန်းပစ်ခတ်လို့၊ ကျေးရွာမီးရှို့လို့၊ ဒရုန်းတွေမှာ ဗုံးသီးတွေချိတ်ပြီး ထိချင်ရာထိ ပစ်ချလို့ သေဆုံးခဲ့ကြရတာ အများစုဖြစ်ပြီး PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေ အကြမ်းဖက်မှု ဆောင်ရွက်ဖို့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို ဓားစာခံအဖြစ် အသုံးချတဲ့အတွက် သေဆုံးခဲ့ကြရတဲ့ ဖြစ်စဉ်တွေလည်း ပါဝင်နေပါတယ်။
ဒီဖြစ်စဉ်တွေအားလုံးဟာ တပ်မတော် က ဝါဒဖြန့်လုပ်ကြံရေးသားထားတဲ့ ဖြစ်စဉ်တွေမဟုတ်ဘဲ CRPH၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ ကျူးလွန်နေကြတယ်ဆိုတာ မြန်မာ ပြည်သူတွေအားလုံး သက်သေရှိပါတယ်။ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ တွေကိုယ်တိုင်လည်း ဒီလိုအကြမ်းဖက်မှု၊ ရာဇဝတ်မှုတွေကို သူတို့ရဲ့ မဟာအောင်မြင်မှုကြီးတွေအဖြစ်၊ တော်လှန် ရေးလှုပ်ရှားမှုအဖြစ် ထုတ်ဖော်ဂုဏ်ဆာ နေကြတဲ့ အထောက်အထားတွေ မရေ မတွက်နိုင်အောင် ရှိပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေကို မျက်ကွယ်ပြု၊ မသိချင်ယောင်ဆောင်နေပြီး အစိုးရဘက်က တရားဥပဒေအရ အရေးယူ ဆောင်ရွက်နေတာကို တစ်ဖက်သတ် ဖိအားပေးနေတာက နိုင်ငံရေး၊ သံတမန်ရေး ဘက်လိုက်မှုရှိနေတယ်ဆိုတာ သိသာလွန်းအားကြီးပါတယ်။ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကို သွယ်ဝိုက်ပြီး အားပေးထောက်ခံရာလည်း ရောက်နေ လို့ ငြိမ်းချမ်းစွာ နေထိုင်လိုတဲ့ သာမန်ပြည်သူတွေ ဘယ်လိုမှ လက်ခံလို့မရနိုင် ဘူးဆိုတာကို သိစေချင်ပါတယ်။
နိုလင်းဟေဇာက မြန်မာနိုင်ငံရဲ့ ပြီးခဲ့တဲ့ နိုင်ငံရေးပွင့်လင်းလာမှုကြောင့် အသီးအပွင့်ခံစားခဲ့ရတဲ့ လူငယ်အများစု ဟာ ယခုအခက်အခဲတွေနဲ့ အခြေအနေ တွေကို စိတ်ပျက်ပြီး လက်နက်ကိုင် တိုက်ပွဲဝင်ဖို့အပြင် အခြားမရှိတော့ဘူးလို့ ခံစားနေရတယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ NLD အစွန်းရောက်တွေနဲ့ NUG အမည်ခံ အကြမ်းဖက်အဖွဲ့ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် အကြမ်းဖက် သမားဖြစ်သွားရတဲ့ PDF အမည်ခံ အကြမ်းဖက်လူငယ်တွေ လက်တစ်ဆုပ် စာတောင် မပြည့်ပါဘူး။ မြန်မာနိုင်ငံ ရဲ့ အခြေအနေမှန်ကို နားလည် သဘောပေါက်ပြီး ငြိမ်းချမ်းစွာ ပညာ သင်ကြားနေတဲ့ လူငယ်ထုကြီးက နိုလင်း ဟေဇာရဲ့စကားကို ပြက်ရယ်ပြုနေကြပါ တယ်။ လူငယ်သဘာဝ စွန့်စားလိုစိတ်ကို နိုင်ငံရေးမှိုင်းတိုက်ခံရပြီး လမ်းမှားလိုက် မိလို့ တောထဲရောက်ပြီး ဘဝပျက်နေရတဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ လူငယ် လေးတွေကိုယ်တိုင် ရင်ဖွင့်ပြောဆိုချက် တွေအရ NUG အမည်ခံ အကြမ်းဖက်အဖွဲ့ ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့ပုံတွေ ကို နိုင်ငံတကာကလည်း ကြားသိကြမယ်လို့ ယုံကြည်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတချို့မှာ ပြည်သူတွေ ဒုက္ခရောက်နေကြတာက တပ်မတော်က ဖြတ်လေးဖြတ် ဆောင်ရွက်နေလို့ မဟုတ်ပါဘူး။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ ရွာမီးရှို့၊ လူသတ်၊ ပြန်ပေးဆွဲနေကြလို့ ဒုက္ခရောက်နေရတာ ဖြစ်ပါတယ်။ ဒီလိုနေရာတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ လိုအပ်သလောက် အင်အားသုံးပြီး ကာကွယ်ရုံမှတစ်ပါး အခြားမရှိဘူးဆိုတာ စဉ်းစားတတ်သူတိုင်း သိကြပါတယ်။ နိုလင်းဟေဇာက NUG အမည်ခံ အကြမ်းဖက်အဖွဲ့အနေနဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို လူသားမဆန်တဲ့ သတ်ဖြတ်မှုတွေ မကျူး လွန်ကြဖို့ သတိပေးထားတယ်ဆိုပြီး နိုင်ငံရေး၊ သံတမန်ရေးအရ ကာကွယ် ပြောဆိုသွားတာကို တွေ့ရပါတယ်။ တကယ်တမ်းလက်တွေ့မှာ NUG အမည်ခံ အကြမ်းဖက်အဖွဲ့က အကြမ်း ဖက်မှုတွေကို ဦးဆောင်နေတာဖြစ်ပါ တယ်။ ဒါကြောင့် နိုလင်းဟေဇာရဲ့ ဒီလို ပြောကြားချက်တွေက အကြမ်းဖက် သမားတွေကို အားပေးထောက်ခံရာ ရောက်နေပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ အကြမ်းဖက် လူသတ်နေတာ NUG အမည်ခံ အကြမ်း ဖက်အဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ကျူးလွန် နေကြတယ်ဆိုတာကို သိသိကြီးနဲ့ ဒီလို ကာကွယ်ပြောဆိုသွားတာဟာ အလွန်ပဲ ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ဓမ္မဓိဋ္ဌာန် ကျကျ သုံးသပ်ဖော်ထုတ်ရမှာ ဖြစ်ပါ တယ်။ သို့ပေမယ့် ထောက်ပံ့ကြေး ပေးထားတဲ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ အလိုကျ ဘက်လိုက်ပြောဆိုနေတာတွေ၊ မဟုတ်မမှန် ကိုးကားချက်တွေက မြန်မာ ပြည်သူတွေရဲ့ ဆန္ဒအမှန်နဲ့ ကင်းကွာနေ တယ်ဆိုတာကို တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ မြန်မာပြည်သူတွေရဲ့ ကိုယ်စားမခံမရပ်နိုင်ဖြစ်လွန်းလို့ တုံ့ပြန် ပြောကြားရခြင်းဖြစ်ပါတယ်။
အမိနိုင်ငံကို စွန့်ခွာထွက်ပြေးပြီး အဝေးကနေ အလုံးစုံပျက်သုဉ်းရေး လမ်းစဉ်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွား ကို ဖျက်ဆီးနေသူတွေရဲ့ ပြောဆိုလုပ်ကိုင် မှုတွေဟာ မြန်မာပြည်သူလူထုကို ကိုယ်စားမပြုပါဘူး။ ပြည်သူလူထုရဲ့ ဆန္ဒအမှန်လည်း မဟုတ်ပါဘူး။ နိုင်ငံ တစ်နိုင်ငံဟာ ဘယ်လိုနိုင်ငံရေးစနစ်ကို လျှောက်လှမ်းတာဖြစ်စေ နိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတွေရဲ့ လူနေမှု ဘဝတွေ မြင့်မားတိုးတက်မှာ ဖြစ်ပါတယ်။
ဒီနေ့မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေအရ ပြည်တွင်းမှာရှိနေတဲ့ ပြည်သူအများစုက CRPH၊ NUG၊ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံသတ် ဖြတ်နေတာတွေကို ရွံရှာမုန်းတီးနေပြီ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝတွေကို ပိုင်ဆိုင်ရရှိဖို့ အကြမ်းဖက်လုပ်ရပ်တွေ လျော့နည်းပပျောက်စေချင်တာ ပြည်သူ တွေရဲ့ဆန္ဒအမှန်ဖြစ်ပါတယ်။ မြန်မာ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို ဖြည့်ဆည်း ပေးချင်တယ်ဆိုရင် နိုလင်းဟေဇာအပါ အဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရွေးကောက်ပွဲ အမြန်ကျင်းပနိုင်အောင်၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက် နိုင်အောင် အပြုသဘောဆောင် ပူးပေါင်း ဆောင်ရွက်ပေးစေချင်ပါတယ်။ တစ်ဖက် သတ် အပြစ်ဖို့ခြင်း၊ ဖိအားပေးခြင်းနဲ့ တော့ လမ်းကြောင်းမှန်ပေါ် ရောက်လာ မှာမဟုတ်ပါဘူး။
ဒါ့ကြောင့် အထက်ပါအကြောင်း အရာတွေဟာ မိမိနိုင်ငံနဲ့လူမျိုးအကျိုး စီးပွားကို ပျက်စီးစေဖို့ ရည်ရွယ်ပြောဆို ချက်တွေကို လက်မခံနိုင်တဲ့၊ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေရဲ့ဆန္ဒ အစစ်အမှန်တွေ ဖြစ်တယ်ဆိုတဲ့အကြောင်း နိုလင်းဟေဇာနဲ့တကွ နိုင်ငံတကာကသိရှိ အောင် ဒီအိတ်ဖွင့်ပေးစာကနေတစ်ဆင့် သတင်းစကားပါးလိုက်ရပါတယ်။ ။
(ဤဆောင်းပါးသည် ဆောင်းပါး ရှင်၏အာဘော်သာဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။)