နိုင်ငံတော်က ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ၅ ရက်ကို အများပြည်သူ အလုပ် ပိတ်ရက်၊ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ပေးထားသည်။
သင်္ကြန်ရုံးပိတ်ရက်များနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ၏ အမြင်သဘောထားနှင့် ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်များကို အသုံးချမည့် ၎င်းတို့၏ အစီအစဉ်များကို မေးမြန်းဖော်ပြလိုက်ရပါသည်။

ဦးတင်မောင်ဇော်၊ လက်ထောက်ညွန်ကြားရေးမှူး
ပြည်သူ့လွှတ်တော်
မြန်မာ့ရိုးရာပွဲတော်တွေထဲမှာ မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကတော့ အပျော်ဆုံးဖြစ်ပါတယ်။ သင်္ကြန်မှာ အသက်အရွယ်ကြီးတဲ့ ဆရာသမားတွေကို ကန်တော့ ဖြစ်ပါတယ်။ မိသားစုနဲ့လည်း ကုသိုလ်ဒါနအတူတူပြုလုပ်ပြီး နှစ်ဟောင်းမှ နှစ်သစ်ကို ကူးပြောင်းချိန်မှာ နှစ်ဟောင်းက အညစ်အကြေးများကင်းစင်စေဖို့ အလှူဒါနတွေလည်း လုပ်ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ အားလုံး အန္တရာယ်ကင်းစွာနဲ့ မဟာသင်္ကြန်မှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြစေ။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးလည်း ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်ပါစေ။ အေးချမ်းပါစေ။ မြန်မာနိုင်ငံသားအားလုံး လိုအင်ဆန္ဒပြည့်ဝကြ ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

ဦးစိုင်းမောင်မောင်၊ လက်ထောက်ညွန်ကြားရေးမှူး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
သင်္ကြန်ပိတ်ရက်မှာ လမ်းလျှောက်သင်္ကြန်ကို မိသားစုနဲ့ လျှောက်လည်ဖို့ စိတ်ကူးထားပါတယ်။ သင်္ကြန်ရက်မှာ မိဘနဲ့ ဆွေးမျိုးတွေဆီပြန်ဖို့ ကားလက်မှတ် အခက်အခဲတော့ရှိ ပါတယ်။ ဒါပေမယ့်လည်း အခက်အခဲကြားကနေ ပြန်ဖြစ်ပါတယ်။
သင်္ကြန်ရုံးပိတ်ရက်မှာ ပြန်ဖို့ကားလက်မှတ်ဝယ်ရတာ တစ်နှစ်မှ အဆင်ပြေတယ်လို့ မရှိပါဘူး။ တစ်နှစ်ပတ်လုံးမှ တစ်ခါသာ မိသားစုဆီပြန်ရတဲ့ ပိတ်ရက်ရှည် ဖြစ်ပါတယ်။ မိသားစုဆွေမျိုးတွေရှိရာ ရပ်ဝေးကိုမဖြစ်မနေပြန်ရတဲ့ ဝန်ထမ်းဖြစ်လို့ ရသလိုပြန်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကြိုတင်ကားလက်မှတ်ကို စောစောဝယ်ယူပေမယ့် ကုန်ပြီဆိုတာက ကြားနေကြ ဓာတ်ပြားဟောင်းကြီးပဲဖြစ်ပါတယ်။
ဒေါ်စန်းသူဇာဝင်း၊ ဒုတိယဦးစီးမှူး
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
သင်္ကြန်ပိတ်ရက်မှာ မုံရွာကိုပြန်မှာပါ။ ကားလက်မှတ်ကတော့ မတ်လကုန် ကတည်းက ဖြတ်ထားတာပါ။ ကားလက်မှတ်ကို စောစောဖြတ်မှ မုံရွာပြန်ဖို့ အဆင်ပြေ တာပါ။ ကားလက်မှတ်လည်း ဈေးမတက်ပါဘူး။ ပုံမှန်ဈေးနှုန်းပဲဖြစ်တယ်။ သင်္ကြန် ပိတ်ရက်မှာ မိဘတွေနဲ့ အသက်အရွယ်ကြီးသူတွေကို ကျွန်မရဲ့ လစာလေးနဲ့ နည်းတယ်၊ များတယ်တော့ မဟုတ်ပါဘူး။ တက်နိုင်သလောက် ကန်တော့ဖြစ်ပါတယ်။ ဒီ ပိတ်ရက်လေးပဲ နားရတာဆိုတော့ပျော်ပါတယ်။
ဦးအောင်မျိုးကျော်၊ ဒုတိယဦးစီးမှူး
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
ကျွန်တော်က အစိုးရဝန်ထမ်း တစ်ယောက်ဖြစ်တာကြောင့် တစ်နှစ်မှတစ်ခါ မွေးရပ်မြေဇာတိဖြစ်တဲ့ မိဘအိမ်ကိုပြန်ပြီး အေးချမ်းစွာနဲ့ မိဘနှစ်ပါးနဲ့ လူကြီးမိဘ တွေကို တတ်နိုင်သလောက် ကန်တော့မယ်။ အလုပ်တွေကူလုပ်ပေးမယ်။ မိဘအဝတ် အစားတွေကို လျှော်ပေးမယ်။ ဘုန်ကြီးကျောင်းသွားပြီး ဥပုသ်သီလဆောက်တည်မယ်။
နှစ်ဆန်းတစ်ရက်နေ့မှာ ရပ်ကွက်ကျေးရွာအလိုက် မြန်မာ့တို့ရဲ့ရိုးရာဖြစ်တဲ့ အတာ အိုးတွေနဲ့ ပရိတ်တရားတော်တွေရွတ်ဖတ်တာကို နာယူမယ်။ နှစ်ဟောင်းက အညစ်အကြေးတွေကို သန့်စင်တဲ့အနေနဲ့ အိမ်၊ ခြံဝန်း၊ ခြံစည်းရိုးတွေမှာ ပရိတ်ရေတွေ ပက်ဖျန်းပြီး သန့်စင်ဆေးကြောမယ်။ မွန်မြတ်လှတဲ့ မြန်မာတို့ရဲ့နှစ်သစ်ကူး အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်းတို့ နှစ်စဉ်မပြတ် မိမိအမျိုးဘာသာနဲ့ သာသနာကို ထာဝရစောင့်ထိန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ဒေါ်သင်းလှိုင်၊ ဒုတိယဦးစီးမှူး
အားကစားနှင့်ကာယပညာဦးစီးဌာန
ဒီနှစ် သင်္ကြန်က စနေ၊ တနင်္ဂနွေနဲ့ ထပ်နေတဲ့အတွက် ပိတ်ရက်နည်းပါတယ်။ သင်္ကြန်ပိတ်ရက်ဆိုတော့ နည်းနည်း၊ များများ သင်္ကြန်ဆိုတာနဲ့ ပျော်ပါတယ်။ ကျွန်မက ဒီနှစ် သင်္ကြန်မှာ ဥပုသ်သီလဆောက်တည်မယ်လို့ စိတ်ကူးထားပါတယ်။
ဒေါ်စောစန္ဒာထွန်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကျွန်မက မုံရွာခရိုင် ဒီပဲယင်းမြို့မှာရှိတဲ့ အိမ်ကိုပြန်ပါမယ်။ ဘယ်နေရာမှ မသွားတော့ပါဘူး။ အိမ်ကမိဘတွေနဲ့ပဲ အတူတူနေပါမယ်။ နှစ်တိုင်းလည်း အိမ်ကိုပြန်ဖြစ်ပါတယ်။ အိမ်ကိုရောက်ရင် ရွာကဘုရားပွဲသွားမယ်၊ ဘုန်းကြီးကျောင်းကို ဆွမ်းပို့တဲ့ ကုသိုလ်တွေလုပ်ဖြစ်ပါမယ်။
ဒေါ်ခိုင်ကုဋေဦး
အမျိုးသားလွှတ်တော်ရုံး
ဒီနှစ်သင်္ကြန်ပိတ်ရက်မှာ အိမ်ကိုပြန်မှာပါ။ အိမ်ရောက်တာနဲ့ သင်္ကြန်ကို လည်ပတ်ဖို့စိတ်ကူးမရှိပါဘူး။ ဥပုသ်သီလ ဆောက်တည်ပြီး ကုသိုလ်ယူမှာဖြစ်ပါတယ်။ သင်္ကြန်ပိတ်ရက်ရှည်တော့ ပိုပြီးပျော်ရွှင်ရပြီး ပိတ်ရက်တိုတော့ အများကြီးမပျော်ရဘဲ နည်းနည်းပဲပျော်ရတာဖြစ်ပါတယ်။ အိမ်ပြန်ဖို့ ကားလက်မှတ်ဖြတ်ရတာလည်း အဆင်ပြေပါတယ်။ ကားလက်မှတ်မဖြတ်ခင် ကားဂိတ်ကို ရက်ကြိုတင် ဖုန်းဆက်ပြီးမေးတဲ့ အတွက် အားလုံးအဆင်ပြေပါတယ်။ ဒီနှစ်သင်္ကြန်မှာ အားလုံးပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
ကိုအောင်မြတ်သူ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
ကျွန်တော်က နေပြည်တော်မှာ တာဝန်ကျတာ ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ဒီညနေကားနဲ့ ထားဝယ်မှာရှိတဲ့ မိသားစုဆီကို ပြန်မှာဖြစ်ပါတယ်။ မိသားစုနဲ့ တွေ့ချင်တာကြောင့်ပြန်တာပါ။ အပျော်ခရီးတော့မထွက်ဖြစ်ပါဘူး။ အခုသင်္ကြန်ရုံးပိတ်ရက်က တိုပေမယ့်လည်း အစိုးရဝန်ထမ်းဖြစ်တဲ့အတွက် ပိတ်ရက်ရသလောက်ပဲ ကျေနပ်ပါတယ်။ ပြည်သူတွေအနေနဲ့ သင်္ကြန်ရက်တွေမှာ သွားတာလာတာ သတိလေးနဲ့ ဆင်ဆင်ခြင်ခြင် နေကြပါလို့ ပြောချင်ပါတယ်။

ဦးချစ်စံဝင်း၊ လက်ထောက်မီးသတ်ဦးစီးမှူး
မီးသတ်ဦးစီးဌာန
ကျွန်တော်က မီးသတ် ဝန်ထမ်းဆိုတော့ သင်္ကြန်ကာလ ငါးရက်ကို တာဝန်ထမ်းဆောင်ရင်းနဲ့ ဖြတ်သန်းမှာဖြစ်ပါတယ်။ သင်္ကြန်လို့ ကြားလိုက်တာနဲ့ပဲ ဘယ်လိုပျော်မှန်း မသိပါဘူး။ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်တွေနဲ့ မိမိတို့တက်နိုင်တဲ့ဖက်က တာဝန်ကိုထမ်းဆောင်နိုင်ကြပါစေ၊ ဒီနှစ်သင်္ကြန်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး လိုအင်ဆန္ဒပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။
ဒေါ်လှဝင်း (ငါခြောက်၊ ပုဇွန် ရောင်းဝယ်ရေး)
ဒီနှစ် သင်္ကြန်အကြိုကာလမှာ ငါးခြောက်၊ ပုဇွန်၊ ငရုတ်သီးမှုန့်တို့ ရောင်းအား လျော့ပါတယ်။ ကျွန်မက အကြိုနဲ့ အကျနေ့ပဲဈေးရောင်းမှာပါ၊ ကျန်တဲ့ အကြတ်၊ အတက်၊ နှစ်ဆန်းတစ်ရက်နေ့ကို ဈေးမရောင်းပါဘူး။ ဘုန်းကြီးကျောင်းမှာ သီလယူ မယ်။ ဒီသင်္ကြန်မှာ ငါးခြောက်တစ်ပိဿာ အပေါ် ၁၀ဝ၀ ပဲဈေးတက်ပါတယ်။ ကျွန်မက ဈေးလည်း အများကြီးတင်မရောင်းပါဘူး။
ဒေါ်အေးအေးဝင်း (လက်ဆောင်ပစ္စည်းရောင်းဝယ်ရေး)
နန်းစိန်ကိတ်က သင်္ကြန်တိုင်းလိုလို ရောင်းအားကောင်းပါတယ်။ ဒါပေမယ့် တကယ်ရောင်းရမယ့်နေတွေမှာဆိုရင် မုန့်ကလိုသလောက်မရပါဘူး။ နန်းစိန်ကို ၁၁ ရက်နေ့က ၁၅၀ဝ နဲ့ရောင်းတယ်၊ ၁၂ ရက်နေ့မှာ ၁၈၀ဝ နဲ့ရောင်းတယ်ဆိုတာကလည်း မုန့်တိုက်မှာ လူငှားပြီး စောင့်ဝယ်ရတဲ့အတွက် ဈေးတက်ရောင်းရခြင်းဖြစ်ပါတယ်။ ဒီနေ့ ဆိုရင် ပုံမှန်ယူတာထက်ကို မုန့်အရေအတွက်လျော့ပြီး ရပါတယ်။
သင်္ကြန် အချိန်သခါသမယ အများပြည်သူ အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်များကို နိ်ုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအနေဖြင့် တန်ဖိုးရှိရှိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်အတွက် အကောင်းဆုံးဖြစ်အောင်၊ အကျိုးရှိဆုံးဖြစ်အောင် အသုံးချနိုင်ပြီး မြန်မာ့တို့၏ နှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင် လွတ်လွတ် လပ်လပ် ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်ကြစေရန် ဆုမွန်ကောင်းတောင်းလျက် ------- ။
အမေး၊ အရေး- မွှေးကြူဇင်၊ လူမော်
ဓာတ်ပုံ- ထိုက်ဖုန်