၁၁  ဧပြီ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူမှုသည် ထူးထူးခြားခြား ယခု ရက်သတ္တတစ်ပတ်ခန့်အတွင်း နှစ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။ ဧပြီ ၃ ရက်နေ့က အမှုဖွင့်လှစ်မှုတွင် နိုင်ငံ့ဝန်ထမ်းများအား နစ်နာစေရန်ရည်ရွယ်၍ အဂတိလိုက်စားမှု ကျူးလွန်သည်ဟု မမှန်မကန် တိုင်ကြားသူနှင့် အားပေးကူညီခဲ့သူများကို အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၁၀ ရက်နေ့ အမှုဖွင့်လှစ်မှုတွင်မူ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ငွေကျပ်သန်းပေါင်းများစွာကို အဂတိလိုက်စားမှု ကျူးလွန်သူ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးအဆင့်ပုဂ္ဂိုလ်များအား အမှုဖွင့်လှစ်ခဲ့ခြင်းပင် ဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေသည် ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး ပြင်ဆင်ချက်အားဖြင့် လေးကြိမ်ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ ပြင်ဆင်ချက်များအရ အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်က ကျယ်ပြန့်လာသည်။ လာဘ်ပေးလာဘ်ယူမှုတွင် ပေးသူကလည်း တာဝန်ရှိသည့်အလျောက် ပုဂ္ဂလိက အဖွဲ့အစည်းများသည်လည်း ကျင့်ဝတ်နှင့်ညီညွတ်စေရန် ထုတ်ပြန်လာနိုင်သည်။ ထို့ပြင် ကျော်စောသတင်း သည်လည်း အရေးယူနိုင်သည့်အခြေအနေသို့ ရောက်လာသည်။ ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်တာကာလအတွင်း အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ထံ တိုင်ကြားစာ ၉၆၈ စောင်ရောက်ပြီး နောက်တစ်နှစ် ၂၀၁၅ ခုနှစ်တွင် ၉၈၃ စောင်၊ ၂၀၁၆ ခုနှစ်တွင် စောင်ရေ ၇၁၀ နှင့် ၂၀၁၇ ခုနှစ်တွင် ၂၀၁၄ စောင်ရောက်ရှိခဲ့သည်။ ထူးထူးခြားခြား ၂၀၁၈ ခုနှစ်တွင် ၁၀၅၄၃ စောင်ရောက်ရှိခဲ့ရာ ယခင်နှစ်ထက် ငါးဆခန့်ပို၍ တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သည် နိုင်ငံတော်သမ္မတကို တာဝန်ခံပြီး လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်များဖြစ်သော-လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊ သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်၊ လာဘ်ပေးလာဘ်ယူမှုများကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေး အတွက် အကာအကွယ်ပေးရန်၊ လာဘ်ပေးလာဘ်ယူမှု ကျူးလွန်သူများအား ထိရောက်စွာအရေးယူရန်၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ မှုများဖြင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်လာစေရန်ဆိုသည့် အချက်များ အကောင်အထည်ဖော် ဖြစ်ထွန်းလာရေး အတွက် တာဝန်များကို ကျင့်ဝတ်များနှင့်အညီ ထမ်းဆောင်နေကြခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ သတင်းပေးတိုင်ကြားကြရာတွင် ပုဂ္ဂိုလ်ရေးအကြောင်းအရာက အများဆုံးဖြစ်ပြီး လယ်ယာမြေကိစ္စများ၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာများ၊ တရားစီရင်ရေးကိစ္စများ စသည်တို့က နောက်မှအစဉ်လိုက် ရပ်တည်နေကြသည်။ အဂတိလိုက်စား မှုအခြေအနေများ လျော့ကျသင့်သလောက် လျော့ကျခြင်းမရှိသေးဘဲ ယခင်အတိုင်းပင် ရှိနေသည်ဟု အများစုက ရှုမြင်နေကြကြောင်းကော်မရှင်ဥက္ကဋ္ဌ၏ အစီရင်စာတွင် ပြည်သူများထံတင်ပြခဲ့ရာ ဆင်ခြင်သုံးသပ်ဖွယ်ရာပင် ဖြစ်သည်။ အထူးသဖြင့် အများပြည်သူနှင့် ဆက်စပ်ပတ်သက်နေသည့် လုပ်ငန်းဌာနများမှ အောက်ခြေအဆင့် တာဝန်ရှိသူများကိုလည်း အဆင့်ဆင့်ကွပ်ကဲကြပ်မတ်ဖို့ လိုအပ်နေသည်ကို ပြဆိုနေခြင်း ဖြစ်သည်ဟု ယူဆမိသည်။

အများပြည်သူဝန်ဆောင်မှု ဆောင်ရွက်နေကြရသည့် ဌာနများတွင် ဝန်ထမ်းများ၏ ပြည်သူကိုအလေးမမူသော ပြုမူဆက်ဆံမှုများ၊ တာဝန်မကျေပွန်မှု၊ ကြန့်ကြာမှု၊ အချိန်ဆွဲမှုများ၊ လုပ်ထုံးလုပ်နည်းများကို အကြောင်းပြကာ ငွေညှစ်သကဲ့သို့ ပြုမူနေမှုများ ရှိနေသေးပါသလား ဆိုသည်ကို သက်ဆိုင်ရာဌာနအသီးသီးတို့မှ တာဝန်ရှိသူ အဆင့်ဆင့်တို့က ပြန်လည်စစ်ဆေးစေ့ငုကြဖို့ပင်ဖြစ်သည်။ အကျင့်ပျက်ဝန်ထမ်းအချို့ ၊ ရေသာခို အချောင်လိုက်ကာ တာဝန်မကျေသည့် ဝန်ထမ်းဆိုး၊ ဝန်ထမ်းညစ်အချို့ကြောင့် အဂတိလိုက်စားမှုများ ရှိနေဆဲဖြစ်သည်ဟု အများပြည်သူက ရှုမြင်နေကြသည်ဟု ယူဆမိသည့်အလျောက် ပြည်သူနှင့်ထိတွေ့ ဆက်ဆံနေရသည့် အဆင့်များတွင်လည်း ဝိုင်းဝန်းပြုပြင်ပြောင်းလဲ တည့်မတ်ပေးနိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း