နေပြည်တော် ၂၃  မေ 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး ဦးဟန်ဇော် ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ လမ်း၊ တံတားနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များသည် ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်မှ Video Conferencing ဖြင့်ချိတ်ဆက်၍ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ လမ်း၊ တံတားနှင့် ကျေးလက် လမ်း/တံတား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက် နေမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက် များမှာကြားသည်။ 

 

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ထွန်းလင်းက ရွှေဘို-မြစ်ကြီးနား လမ်း (စစ်ကိုင်းတိုင်းဒေသကြီးအပိုင်း) ရွှေဘို(၀/၀)မှ နန့်စီးအောင်(၁၇၄/၁) အထိ ၊  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကတ္တရာကွန်ကရစ်လမ်း (AC)(၂)မိုင် (၁)ဖာလုံ၊ ၁၈ ပေအကျယ် ကွန်ကရစ်လမ်း (၂၇)မိုင် (၃)ဖာလုံ၊ ၂၄ ပေအကျယ်၊ ကတ္တရာလမ်း (၄)မိုင် (၂)ဖာလုံနှင့်  ၁၈ ပေအကျယ် ကတ္တရာလမ်း မိုင်(၁၄၀) (၃)ဖာလုံ ဆောင်ရွက်ထားရှိမှု၊ နာဂဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ခန္တီး-လဟယ်လမ်း ဆောင်ရွက်ထားရှိမှုတို့ကို Power Point ဖြင့် ရှင်းလင်း တင်ပြသည်။

 

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘို-မြစ်ကြီးနားလမ်း ၊ သက္ကယ်ကျင်း-ဖောင်းပြင် - ဟုမ္မလင်း -ခန္တီးလမ်း ၊ ခန္တီး-ဆင်သေ-လဟယ်လမ်း ၊ လဟယ်-ဒုံဟီး-နန်းယွန်းလမ်း ၊ ထမံသီ-လေရှီး-ပန်ဆပ်-ဆွမ်မ္မရာလမ်း ၊ မြစ်ကြီးနား - ပန်ဆောင် -လီဒိုလမ်း လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။

 

ထို့နောက် အိန္ဒိယနိုင်ငံကုမ္ပဏီမှ တာဝန်ရှိသူက အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်သည့် မုံရွာ-ယာကြီး-ကလေးဝ လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စက်ယန္တရားများဖြင့် လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို Video Clip ဖြင့် ပြသသည်။

 

ဆက်လက်၍စစ်ကိုင်းတိုင်းဒေသကြီး ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး (မြို့ပြ) ၊ ဦးဇော်မျိုးထွေး က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ် (World Bank ) တို့ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည့် ဝက်လက်မြို့နယ်ရှိ စိုင်နိုင်ကွေ့ - မြင်းသည်-ကွန်ဆိပ်လမ်း၊ အရှည် (၂၀ ဒသမ ၄၂၄) ကီလိုမီတာနှင့် ကန့်ဘလူမြို့နယ်ရှိ ကန့်ဘလူ-ထန်းကုန်း-ကာဘိုး လမ်းအရှည် (၁၉ ဒသမ ၇၆၅) ကီလိုမီတာတို့၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊၊ 

 

ကလေးမြို့နယ်အတွင်း ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဒိုးဝိုင်းချောင်း-မင်းလှ-ရာဇဂြိုလ် လမ်းအရှည်(၄၁ ဒသမ ၄၃၄)ကီလိုမီတာ ကွန်ကရစ်ခင်းခြင်းနှင့် ၎င်းလမ်းပေါ်ရှိ ဆည်ကြီးတံတားအရှည် မီတာ (၁၅၀) ၊ နတ်တံခါးတံတားအရှည် (၁၃၀) မီတာ၊ နတ်မြောင်းရေကျော်တံတား မီတာ (၂၁၀)၊ မှန်လုံးချောင်း တံတား အရှည်  (၁၉၉) မီတာတို့၏  တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး ကျေးလက် လမ်း/တံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။ 

 

ယင်းနောက် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၂) မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇေယျာစိုးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရေဦး-ခင်ဦးလမ်းပေါ်ရှိ မူးမြစ်ကူးတံတား (ရေဦး)တည်ဆောက်နေမှု ၊ အင်းတိုင်-ကျွဲတဲ-အင်လှ-လိပ်စင်းတောင် လမ်းပေါ်ရှိ ပြောင်သွယ်ချောင်းတံတား တည်ဆောက်နေမှုနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး တံတားတည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။

 

မူးမြစ်ကူးတံတား(ရေဦး)သည် ရေဦး-ခင်ဦး လမ်းပေါ်တွင်တည်ရှိပြီး စုစုပေါင်းတံတား အရှည် (၂၁၂၅)ပေ၊ တံတား အမျိုးအစားမှာ အပေါ်ထည်ကြိုတင်အားဖြည့် သံကူကွန်ကရစ် ယက်မ၊ ကိုယ်ထည်-သံကူကွန်ကရစ်နှင့် အုတ်မြစ်ကို 1.2Øm သံကူကွန်ကရစ် ဘိုးပိုင်အုတ်မြစ်တို့ဖြင့် တည်ဆောက်ထားပြီး ယာဉ်သွားလမ်းအကျယ် (၂၈)ပေနှင့် ယာဉ်တစ်စီးသွား ခွင့်ပြုအလေးချိန်မှာ AASHTO HS-25 ဖြစ်သည်။ ယခုအခါ တံတားတစ်စင်းလုံး၏ (၅၀ ရာခိုင်နှုန်း) ပြီးစီးနေပြီးဖြစ်ကြောင်း သိရှိရသည်။

 

ထို့နောက် တံတားဉီးစီးဌာန ၊ တံတားအထူးအဖွဲ့(၄) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးမြင့်နိုင်ဦး က မူးမြစ် ကူးတံတား (ပင်လယ်ဘူး) တည်ဆောက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး လုပ်ငန်း ဆောင်ရွက်နေမှုနှင့် တိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။ 

 


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရွှေဘို-မြစ်ကြီးနားလမ်းသည် အဓိကအရေးပါသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း ၊ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေး၊ လမ်းဘေးဝဲယာရေမြောင်းများစနစ်တကျ ဆောင်ရွက်ရန်လိုပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်နေသည့် မုံရွာ-ယာကြီး-ကလေးဝလမ်း လုပ်ငန်းများ အခက်အခဲမရှိ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်း ၊ မိုးဦးကျလာပြီ ဖြစ်၍ သဘာဝဘေးအန္တရာယ်  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို   ယခုအချိန်မှစ၍   ပြင်ဆင်ဆောင်ရွက်ထားရန် လိုပါကြောင်း၊ နာဂဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေး အထူးအလေးထား ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း လမ်း၊ တံတား ကျေးလက်လမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန်တို့ကို မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်