နေပြည်တော် ဇူလိုင် ၂၅
ပြည်ထဲရေးဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့ / ဦးစီးဌာနများမှ တပ်ဖွဲ့ဝင် / ဝန်ထမ်းများ၏ သား / သမီး၊ ကျောင်းသား / ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ တပ်ဖွဲ့ / ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင် / ဝန်ထမ်းများ၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား / ကျောင်းသူများနှင့် မိဘများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား / ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်အနက် လူမှုရေးဦးတည်ချက် (၁) ရပ်ဖြစ်သည့် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” အတွက် လိုအပ်သော နည်းပညာမြင့်မား တိုးတက်မှုနှင့် စည်းကမ်းပြည့်ဝမှုတို့သည် ပညာရေးမြင့်မားခြင်း အပေါ်တွင် မူတည်ပါကြောင်း၊ ကျောင်းသား မိဘ ဝန်ထမ်းများအနေဖြင့် သားသမီးများကို ပညာအမွေ လက်ဆင့်ကမ်းကာ မိမိတို့ထက်သာလွန်သော နိုင်ငံ့သားကောင်း ရတနာများဖြစ်စေရေး ဆုံးမသွန်သင်ပေးရန်နှင့် ကောင်းမွေပေးရန်လိုကြောင်း၊ ထို့ပြင် “စဉ်ဆက်မပြတ် ကိုယ်တိုင်လေ့လာသင်ယူမှု” သည်လည်း အရေးကြီးကြောင်း၊ စဉ်ဆက်မပြတ် ကိုယ်တိုင်လေ့လာ သင်ယူနိုင်စေရန် အခြေခံအကျဆုံး Infrastructure သည် စာကြည့်တိုက်များဖြစ်ပြီး “စာမတတ်သူ ပပျောက်ရေး” မှသည် “စာမဖတ်သူ ပပျောက်ရေး” ကိုလည်း စာဖတ်ရှိန်မြှင့်တင်၍ အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ခြောက်ဘာသာ ဂုဏ်ထူးရှင် ၅ ဦးနှင့် ပြည်ထောင်စုဝန်ကြီး၏ ဇနီးက ခြောက်ဘာသာဂုဏ်ထူးရှင် ၅ ဦးကိုလည်းကောင်း၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၏ဇနီးက ခြောက်ဘာသာဂုဏ်ထူးရှင်၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် တိုးရီက ခြောက်ဘာသာ ဂုဏ်ထူးရှင်၊ ငါးဘာသာ ဂုဏ်ထူးရှင်နှင့် ဒုတိယဝန်ကြီး၏ဇနီးက ငါးဘာသာ ဂုဏ်ထူးရှင်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ် (၂) နှင့် အရာရှိကြီးများက ငါးဘာသာ၊ လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာ၊ တစ်ဘာသာ ဂုဏ်ထူးရှင်များကိုလည်းကောင်း ပညာထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယနေ့အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ / ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၏ သား / သမီး၊ ကျောင်းသား / ကျောင်းသူများ အနက်မှ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၇ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၂၂ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၂၃ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၃၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၆၀ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၁၅၇ ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၃၁၃ ဦး၊ ရိုးရိုးအောင်မြင်သူ ၇၉၇ ဦးတို့ကို ဒုတိယအကြိမ် ပညာသင်စရိတ်အဖြစ် ချီးမြှင့်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်