နေပြည်တော် ဇူလိုင် ၂၅

ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးဧရိယာ၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ ဌာနဆိုင်ရာ အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင်/ဝန်ထမ်းများက သတ်မှတ်နေရာများတွင် သစ်ပင်များကို ဆက်လက်စိုက်ပျိုးပေးကြသည်။
 
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် တာဝန်ရှိသူများသည် တပ်ဖွဲ့ဝင်/ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ယနေ့အခမ်းအနားတွင် ရတနာတန်းဝင်ကျွန်း၊ ယမနေ၊ မဟော်ဂနီ၊ စိန်ပန်း(နီ)၊ စိန်ပန်း(ပြာ)စသည့် အပင်စုစုပေါင်း ၁၀၀၀ ကို စိုက်ပျိုးခဲ့ကြသည်။ ထို့ပြင် ပြည်ထဲရေး ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများ၏ ရုံးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရုံး၊ ဌာနများတွင်လည်း ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍  ရတနာတန်းဝင်ပင်၊ အရိပ်ရလေကာပင်၊ သီးပင်စားပင် စုပေါင်း ၈၈၉၄၁  ပင် စိုက်ပျိုးခဲ့ကြ ကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ယနေ့အထိ စုစုပေါင်း သစ်ပင်  ၁၃၁၁၃၁ ပင် တို့ကို စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်