မန္တလေး၊ နိုဝင်ဘာ ၆

 

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (၃) ထပ်ဆောင် အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး တရားသူကြီးချုပ် တရားသူကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ကာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရသည့်ဌာနဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရသည့်ဌာနလည်း ဖြစ်ကြောင်း၊ လုပ်ငန်းနှင့် ဆက်နွယ်သည့် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတရရှိမည့် စာအုပ်စာပေများကို လေ့လာမှတ်သားနေရမည် ဖြစ်ကြောင်း၊ နိုင်ငံအတွက် ပြည်သူအတွက် ဝန်ထမ်းကောင်းများဖြစ်အောင် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ စေတနာ၊ အနစ်နာ၊ ဝါသနာတို့ဖြင့် စဉ်ဆက်မပြတ် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားပြီး အခမ်းအနားသို့ တက်ရောက် လာသူများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သမိုင်းကြောင်းဖြစ်စဉ်အား Video clip ဖြင့် ပြသခဲ့သည်။

 

mdn

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးတို့က နိုင်ငံဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဖွင့်လှစ်သည့် သင်တန်းများတွင် ထူးချွန်ဆုများရရှိခဲ့သည့် ရုံးအဆင့်ဆင့်မှ ဝန်ထမ်းများအား ဂုဏ်ပြုငွေနှင့် ဆုတံဆိပ်များချီးမြှင့်ခြင်း၊ ဝန်ထမ်းများအတွက် တန်ဖိုးငွေကျပ်သိန်း (၂၃၀) ကျော်ရှိ ဆုမဲများကို ကံစမ်းမဲဖောက် ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရသည်။

 

သတင်းစဉ်