နေပြည်တော် မေ ၃
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၁၆/၂၀၂၃)၊ ရဲသီဟတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်သည် ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲကို စစ်ဆေးပြီး ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြု ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က အကောင်းဆုံး ကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း ဇက်နင်ဆိန်း၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဖြိုးဇော်ထက်၊ ဥပဒေဘာ သာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း နီလာဗိုလ်၊ ကွန်ပျူတာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း လပြည့်ဝင်း၊ အင်္ဂလိပ်စာထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဇက်နင်ဆိန်း တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် သင်တန်းဆင်း ဒုတိယရဲအုပ်လောင်းများအနေဖြင့် တပ်ဖွဲ့အသီးသီး၌ ခေါင်းဆောင်ငယ်များအဖြစ် စတင် တာဝန်ထမ်းဆောင်ကြရမည့်သူများ ဖြစ်သည့်အတွက် ခေါင်းဆောင်မှု အင်္ဂါရပ် (၁၆)ရပ်နှင့်အညီ နေထိုင်ကျင့်ကြံပြီး ဥပဒေနှင့် ညီညွတ်သောအမိန့်၊ မျှတသောဆုံး ဖြတ်ချက်များနှင့် အဂတိတရား ကင်းရှင်းစွာဖြင့် မိမိလက်အောက်ကို ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်ပြီး ပြည်သူတို့ဘဝ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရည်မှန်းချက်တာဝန်(၄)ရပ်ကို အလေးထား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေးကို နောင်တော်တပ်မတော်နှင့်အတူ ဆောင်ရွက်နေကြရသည်ဖြစ် သည့်အတွက် စစ်ဆင်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သလို နိုင်ငံနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် အသက်နှင့်ခန္ဓာကိုယ် စွန့်လွတ်စွန့်စားရဲသည့် ရဲစွမ်းသတ္တိများနှင့် ပြည့်စုံနေစေရန်မှာကြား လိုကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့အနေဖြင့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည့်အပြင် ပြည်သူများ စိတ်အေးချမ်းသာယာစွာဖြင့် အသက်မွေးဝမ်းကြောင်းမှုကို ကောင်းမွန်စွာလုပ်ကိုင် နေထိုင်နိုင်ရန် အတွက် မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်(၆)ရပ်ကို မိမိတာဝန်ယူရသည့် နယ်မြေအတွင်း ဒေသနှင့် ကိုက်ညီသည့် နည်းလမ်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ မူးယစ်ဆေးဝါးပပျောက်သည်အထိ တားဆီးကာကွယ်ရေး၊ စုံစမ်းဖော် ထုတ်အရေးယူရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး တပ်ဖွဲ့ဝင်များအနေဖြင့် လူမှုရေးလုပ်ငန်းများ၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများစသည့် ပြည်သူ့အကျိုး ပြုလုပ်ငန်းများကိုလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ရဲတပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝထက်မြက်နေစေရန်အတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေးမူဝါဒနှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ရဲလုပ်ငန်း စနစ်များ၊ စစ်နည်းဗျူဟာများနှင့် စစ်အတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာနေရန် လိုအပ်ကြောင်း၊ အမျိုးသမီးရဲအရာရှိများ အနေဖြင့်လည်း မိမိတို့ ရောက်ရှိတာဝန်ထမ်းဆောင်ကြရမည့် လက်တွေ့နယ်ပယ်မှာ လေ့ကျင့်သင်ကြား ပျိုးထောင်ပေးလိုက်သည့် ပညာရပ်များကို အခြေခံပြီး လက်တွေ့ဘဝနှင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ လိုက်နာရမည့် အစဉ်အလာကောင်း(၁၂)ရပ်တွင်ပါရှိသည့် “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော်တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲ၍ ကာကွယ် စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့်အချက်နှင့်အညီ တပ်မတော်နှင့်အတူ လက်တွဲ၍ လက်ရှိ နိုင်ငံတော်၏ အခြေအနေကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။
သင်တန်းဆင်းပွဲသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ရဲထောက်ချုပ် ရဲမှူးချုပ် မြင့်တိုးနှင့် ရဲအရာရှိကြီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၁၁၆) ရဲသီဟတပ်ခွဲ တွင် တပ်တွင်းဘွဲ့ရအမျိုးသား (၂၃၂)ဦး၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ အမျိုးသား(၂)ဦး၊ တပ်တွင်း ဘွဲ့ရအမျိုး သမီး(၁၁၀) ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမျိုးသမီး(၁) ဦး၊ စုစုပေါင်း (၃၄၅)ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)