ပြည်ထဲရေးဝန်ကြီးဌာန မိသားစု မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဧပြီ ၁၃  

 

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်၊ ရုံးအမှတ် (၃၈)ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဇနီး၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး နှင့် ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ယိမ်းအကအဖွဲ့များနှင့် Dancer အကအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

 

ဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီတို့က မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။   

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဇနီး ဦးဆောင်သောအဖွဲ့က ယိမ်းအကအဖွဲ့များနှင့် တက်ရောက်လာသူများကို အတာသင်္ကြန်ရေဖြင့် ပက်ဖျန်းပေးပြီး တပ်ဖွဲ့/ ဦးစီးဌာနများမှ ဝန်ထမ်းနှင့်ဝန်ထမ်း မိသားစုများက မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)