နေပြည်တော် ၂၂ ဇွန်
ပြည်သူ့အတွက် စတုတ္ထ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ (၄) နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ အနေဖြင့် ခေတ်အဆက်ဆက်က ပြဋ္ဌာန်းထားရှိသော ဥပဒေများကို ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် လိုက်လျောညီထွေပြီး အစိုးရ၏မူဝါဒနှင့် ကိုက်ညီမှုရှိမည့် ပြည်သူလူထုတို့၏ အကျိုးစီးပွားကို ကာကွယ်သည့်ဥပဒေ ဖြစ်စေရေးတို့အတွက် လက်ရှိစီမံခန့်ခွဲ လျက်ရှိသော ဥပဒေ ၃၄ ခု အနက် မူလအတိုင်းထားရှိမည့် ဥပဒေ ၁၉ ခု၊ ပြင်ဆင်ရေးဆွဲဆဲ ဥပဒေ ၂ ခု၊ ရုပ်သိမ်းရန် အသစ်ရေးဆွဲသည့် ဥပဒေ ၁၀ ခု နှင့် အသစ်ရေးဆွဲဆဲ ဥပဒေ ၃ ခု တို့ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်သူလူထုအခြေပြု ရဲလုပ်ငန်းစနစ်ကို ကျင့်သုံး၍ နိုင်ငံတော်အစိုးရ၏ စတုတ္ထ(၁)နှစ်တာ ကာလအတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၁ ရုံး၊ နယ်မြေရဲစခန်း ၂ ခု၊ ရဲကင်းစခန်း ၇ ခု တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သဖြင့် (၄)နှစ်တာ ကာလအတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၃ ရုံး၊ နယ်မြေရဲစခန်း ၂၇ ခုနှင့် ရဲကင်းစခန်း ၃၁ ခုတို့အား အသစ်တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ခဲ့ ပါကြောင်း။
ရခိုင်ပြည်နယ်တွင် နယ်စပ်ဒေသလုံခြုံရေးအတွက် ယခင် (၃)နှစ်တာကာလအထိ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးနှင့် အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ (၈)အထိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (၈)ခုတို့ဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် အမှတ်(၉) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနှင့် အမှတ်(၁၀) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများ ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ပြီး ယခုအခါ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၁၀ ခုဖြင့် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် နယ်ခြားစောင့်တပ်များအကြား အလံတင်အစည်းအဝေးများ ပြုလုပ်ခဲ့ရာ ယခင် (၃)နှစ်တာကာလအတွင်း ၂၆ ကြိမ်ဆောင်ရွက်ခဲ့ပြီး ယခုအစီရင်ခံ သည့်ကာလတွင် ၄ ကြိမ်ဆောင်ရွက်နိုင်ခဲ့သဖြင့် (၄) နှစ်တာကာလအတွင်း စုစုပေါင်း အစည်းအဝေးအကြိမ် ၃၀ ဆောင်ရွက်ခဲ့ပြီး နှစ်ဖက်ညှိနှိုင်း၍ ခြေလျင်ကင်းလှည့်ခြင်း ၂၁၆ ကြိမ်၊ မြစ်ကြောင်းကင်းလှည့်ခြင်းအကြိမ် ၁၀၀ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အခြားမှုခင်းများနှင့် ပတ်သက်၍ မှုခင်းကာကွယ်တားဆီးရေးနှင့် စုံစမ်းဖော်ထုတ် မှုများတွင် INTERPOL ရဲအဖွဲ့၊ အာဆီယံရဲအဖွဲ့၊ ဥရောပရဲအဖွဲ့၊ နိုင်ငံအလိုက် ရဲအဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် အိမ်နီးချင်းနိုင်ငံများနှင့် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေး (BLO)ရုံးများ အပြန်အလှန် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ၄ ရုံး၊ လာအိုနိုင်ငံနှင့် ၂ ရုံး၊ ထိုင်းနိုင်ငံနှင့် ၃ ရုံး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၁ ရုံး၊ အိန္ဒိယနိုင်ငံနှင့် ၃ ရုံး၊ စုစုပေါင်း ၁၃ ရုံး ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်း။
လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် (၅) နှစ်စီမံကိန်း ၂၀၁၇-၂၀၂၁ ကို ရေးဆွဲ၍ မဟာဗျူဟာ (၃)ရပ်ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါပြီး ယခု စတုတ္ထ(၁)နှစ်တာ ကာလအတွင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေဖြင့် အမှုပေါင်း ၁၉၁ မှု အရေးယူဆောင်ရွက်ခဲ့ပြီး တရားခံပေါင်း ၅၇၀ ဦးနှင့် လူကုန်ကူး ခံရသူပေါင်း ၂၄၇ ဦး ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ လူကုန်ကူးခံရသူများအား ပြန်လည်လွှဲပြောင်း၊ လက်ခံမှုများ ဆောင်ရွက်ခဲ့ရာ အကြိမ်ပေါင်း ၁၃၂ ကြိမ်နှင့် စုစုပေါင်း ၂၅၆ ဦးတို့အားလည်းကောင်း၊ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူများအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေး၍ အချက်အလက် မပြည့်စုံသူများတွေ့ရှိပါက မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်စေရေးအတွက် တားဆီး၊ ပြန်လွှတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ အကြိမ်ပေါင်း ၅၁ ကြိမ်၊ စုစုပေါင်း ၂၅၅ ဦး တို့အား တားဆီး/ပြန်လွှတ်နိုင်ခဲ့ပါကြောင်း။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ အား ရေးဆွဲခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်/ ထုတ်လုပ်မှု အဓိကပစ်မှတ်များ၊ ပြည်တွင်း၊ ပြည်ပဂိုဏ်းအဖွဲ့များနှင့် ပူးပေါင်းကျူးလွန်သူများကို အလေးထားဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ ယခင်(၃)နှစ်တာ ကာလအတွင်း အထူးစစ်ဆင်ရေး ၁၁ ကြိမ် ဆောင်ရွက်ခဲ့ပြီး စတုတ္ထ (၁) နှစ်တာကာလတွင်း အထူးစစ်ဆင်ရေး ၄ ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း၊ (၄)နှစ်တာကာလ အတွင်း အထူးစစ်ဆင်ရေး စုစုပေါင်း ၁၅ ကြိမ် ဆောင်ရွက်ခဲ့ပြီး အမှုပေါင်း ၄၀၇၀ နှင့် တရားခံပေါင်း ၅၅၇၅ ဦး တို့ကို ဖမ်းဆီးအရေးယူ နိုင်ခဲ့ပါကြောင်း။
ယခင် (၃) နှစ်တာသက်တမ်းကာလအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၃၃၀၇၃ မှုနှင့် တရားခံပေါင်း ၄၈၆၇၇ ဦး ကိုလည်းကောင်း၊ ယခုစတုတ္ထ (၁)နှစ်တာကာလအတွင်း အမှုပေါင်း ၁၀၈၈၂ မှုနှင့် တရားခံပေါင်း ၁၅၃၉၄ ဦးကို လည်းကောင်း အရေးယူနိုင်ခဲ့သဖြင့် (၄)နှစ်တာ ကာလအတွင်း စုစုပေါင်းအမှု ၄၃၉၅၅ မှုနှင့် တရားခံပေါင်း ၆၄၀၇၁ ဦးတို့ကို မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း။
ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုလျော့နည်းကျဆင်းရေး ဆောင်ရွက်လျက်ရှိရာ (၃)နှစ်တာ သက်တမ်း ကာလအတွင်း ဘိန်းခင်း ၂၀၁၄၁ ဒသမ ၀၃ ဧက ဖျက်ဆီးခဲ့ပြီး စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ဘိန်းခင်း ၄၁၃၀ ဒသမ ၀၁ ဧက ဖျက်ဆီးနိုင်ခဲ့သဖြင့် (၄)နှစ်တာကာလအတွင်း ဘိန်းခင်းစုစုပေါင်း ၂၄၂၇၁ ဒသမ ၀၄ ဧကအား ဖျက်ဆီးခဲ့ပါကြောင်း၊ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်းကောက်ယူရာ၌ ၂၀၁၇ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၉ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ထုတ်လုပ်မှုတွင် ၂ ရာခိုင်နှုန်း ကျဆင်း ခဲ့သဖြင့် ယခင်ဘိန်း စိုက်ပျိုးထုတ်လုပ်မှု ဒုတိယနေရာမှ တတိယနေရာသို့ လျော့နည်းကျဆင်းအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ (၄)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် စီးပွားရေး ပြစ်မှုများနှင့် ဝန်ထမ်းမသမာမှုများ စုံစမ်းဖော်ထုတ်အရေးယူရေးတို့ကို ဆောင်ရွက်လျက်ရှိရာ (၄)နှစ်တာကာလ အတွင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ပေးအပ်သည့် အမှုများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေးရေး အဖွဲ့များဖြင့် ဖွဲ့စည်းစုံစမ်းစစ်ဆေးသည့် အမှုများတွင် အဖွဲ့ဝင်အဖြစ်ပါဝင်၍ စုံစမ်းစစ်ဆေးခဲ့သည့် အမှုများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ တာဝန်ပေးအပ်သည့်အမှု ၂၆၈ မှု အပါအဝင် စုစုပေါင်း ၆၇၁ မှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါကြောင်း။
ဝန်ထမ်းမသမာမှုများနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်သည့် မသမာမှု ၁၉၉ မှုအား စုံစမ်းဖော်ထုတ် အရေးယူခဲ့ပါကြောင်း။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် စုံစမ်းစစ်ဆေးခဲ့သည့် အမှုအရေအတွက်မှာ စီးပွားရေး ဆိုင်ရာ ပြစ်မှု ၂၀၄ မှု၊ ဝန်ထမ်းမသမာမှု၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ တာဝန်ပေးအပ်မှု ၂၆၈ မှု စုံစမ်းစစ်ဆေးနိုင်ခဲ့ ပါကြောင်း၊ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်သွားနိုင်ရေးတို့ကို ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ Corruption Prevention Unit-CPU အဖွဲ့ ၃ ဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။
အကျဉ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် အကျဉ်းထောင်များအတွင်း ပြစ်ဒဏ်ကျခံလျက်ရှိသော ပညာတစ်ပိုင်းတစ်စဖြင့် လူငယ်အကျဉ်းသားများကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း၍ အတန်းပညာ ဆက်လက်သင်ကြားပေးခဲ့ရာ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် အကျဉ်းသား၊ အကျဉ်းသူ ၃၄၇ ဦးအား သင်ကြား ပေးနိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အကျဉ်းသား၊ အကျဉ်းသူ ၁၇၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အကျဉ်းသား ၈၇ ဦး၊ အကျဉ်းသူ ၇ ဦး ၊ စုစုပေါင်း ၉၄ ဦး အောင်မြင်ခဲ့ပါကြောင်း၊ ၎င်းတို့အနက် သုံးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၆ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၂၁ ဦး ထွက်ပေါ်ခဲ့ပါကြောင်း၊ ယခု ၂ဝ၁၉-၂ဝ၂ဝ ပညာ သင်နှစ်မှာလည်း အကျဉ်းသား၊ အကျဉ်းသူ ၃၃၅ ဦးအား အတန်းပညာသင်ကြားပေးခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁၇၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ပါကြောင်း။
မန္တလေးဗဟိုအကျဉ်းထောင်တွင် မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ရေး စီမံချက်အရ UNOPS အဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် TB (၂)ထပ် ဆေးရုံဆောင်အသစ်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၀ ရက်တွင် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။
အကျဉ်းဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)တို့ပူးပေါင်း၍ မန္တလေးဗဟို အကျဉ်းထောင် တွင် အသက်မွေးမှုအတတ်သင် သင်တန်းကျောင်း နှစ်ထပ်ဆောင်အား ဆောက်လုပ်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ အဆိုပါသင်တန်းကျောင်းတွင် အကြီးစားအင်ဂျင် ပြုပြင်ရေးလုပ်ငန်း၊ ဆံသလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းနှင့် လက်သမား/ပန်းရံလုပ်ငန်းတို့ကို သင်ကြားလျက်ရှိပါကြောင်း။
မီးသတ်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး အထပ်မြင့်အဆောက်အဦ ၈၉၇၈ လုံးအတွက် မီးဘေး လုံခြုံရေး စစ်ဆေးအကြံပြုပေးနိုင်ခဲ့သဖြင့် ဆောင်ရွက်ပေးမှု ရငွေကျပ် ၁၈၃၀၁ ဒသမ ၁၄ သန်းကို နိုင်ငံတော်သို့ ပေးသွင်းနိုင်ခဲ့ပြီး အဆောက်အဦ ၅၉၄၈ လုံးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ထောက်ခံချက်အား ထုတ်ပေးနိုင်ခဲ့ ပါကြောင်း။
ခေတ်မီ၍စွမ်းအားပြည့်ဝသော တပ်ဖွဲ့ဖြစ်စေရန်အတွက် ပိုလန်နိုင်ငံအစိုးရ နောက်ခံအခြေပြု ဥရောပသမဂ္ဂ၏ တစ်စိတ်တစ်ပိုင်း ကူညီထောက်ပံ့မှုချေးငွေ OECD မှ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ ODA အစီအစဉ်အရ ယူရိုသန်း ၅၀ ထောက်ပံ့ချေးငွေဖြင့်ရရှိသည့် မီးငြှိမ်းသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် မီးသတ်အထောက် အကူပြုယာဉ်၊ စုစုပေါင်း ၇၅ စီးကို ဖြည့်တင်းဆောင်ရွက်ခဲ့ပါကြောင်း၊ မီးသတ်ဦးစီးဌာနသည် သဘာဝဘေးအန္တရာယ် အပါအဝင် မတော်တဆဖြစ်စဉ်များတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိရာ အစီရင်ခံသည့် ကာလအတွင်း ရှာဖွေကယ်ဆယ်ရေးဖြစ်စဉ် ၂၈၉၂ ကြိမ်ရှိပြီး ပျက်စီးခဲ့သည့် အိမ်ခြေ ၃၉၉၈၇ လုံးမှ ဒုက္ခရောက်ရှိခဲ့သူ ၇၈၉၉၂ ဦးအား ကူညီဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း။
Covid-19 ရောဂါကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာနအနေဖြင့် ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တပ်မတော် တို့နှင့် ပူးပေါင်း၍ ပိုလန်နိုင်ငံ ODA အစီအစဉ်ဖြင့် ဝယ်ယူရရှိထားသည့် ခေတ်မီ မီးသတ်ယာဉ်/စက် များကို အသုံးပြုပြီး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၉ ရက်အထိ ၁၂၅၅၅ ကြိမ်အား အများပြည်သူဆိုင်ရာ အဆောက်အဦများ၊ ကျန်းမာရေးစောင့်ရှောက်မှု နေရာများတွင် ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း။
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ပြည်သူများ၏ အကျိုးကို ရှေးရှုပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ ဝန်ထမ်းများသည် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် ပြည်တွင်း/ ပြည်ပ သင်တန်း များ၊ အစည်းအဝေးများနှင့် အလုပ်ရုံဆွေးနွေးပွဲများ စေလွှတ်တက်ရောက်လျက်ရှိပြီး ကျား/မ ခွဲခြားမှုမရှိဘဲ ရာထူးတာဝန်များပေးအပ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ပြောင်းရွှေ့နေရာချထားရေး မူဝါဒ၊ ဦးဝီရသူနှင့် ဦးလှဆွေတို့ကို ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေမှု၊ အကျဉ်းထောင်များနှင့် ပတ်သက်သည့် ဝေဖန်မှုများအပေါ် ဝန်ကြီးဌာန၏ သုံးသပ်ချက်၊ အကျဉ်းထောင်များ၏ လူဦးရေကြပ်တည်းမှုအခြေအနေ၊ ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးရာ တွင် လက်လွန်ခြေလွန် မဖြစ်စေရေး ဆောင်ရွက်ထားရှိမှုနှင့် ယင်းကိစ္စများနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များအား အရေးယူမှုကို ပွင့်လင်းမြင်သာမှုရှိစေရေး စီမံဆောင်ရွက်နေမှု၊ ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်၌ ရဲတပ်ဖွဲ့ဝင်များ အင်အားဖြည့်တင်း ဆောင်ရွက်ရေးနှင့် ရဲတပ်ဖွဲ့ဝင်များ အရည်အသွေးမြင့်မားရေး ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ထိန်းချုပ်နိုင်ရေးဆောင်ရွက်နေမှု၊ မီဒီယာများအနေဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး ဉပဒေအရ အရေးယူခံရနိုင်မှုတို့နှင့် စပ်လျဉ်း၍ မေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခိုင်ထွန်းဦးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
သတင်းစဉ်


