တွေ့ဆုံမေးမြန်း - ရှင်မင်း၊
ဓာတ်ပုံ - ကေကေ ၊ ပြည်ထဲရေးဝန်ကြီးဌာန
ပြည်ထဲရေးဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းထားရှိပြီး နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးတို့သည် ဝန်ကြီးဌာန၏ ရည်မှန်းချက်များဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ယင်းရည်မှန်းချက် (၄) ရပ်ဖြင့် ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့် ပြည်သူ့အတွက် ပြောင်းလဲ ဖော်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည် -
ဦးခိုင်ထွန်းဦး (ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန)
မေး။ ပြည်သူ့အစိုးရရဲ့ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ပြည်ထဲရေးဝန်ကြီး ဌာနအနေနဲ့ ဘယ်လိုမူဝါဒတွေနဲ့ ပြည်သူ့ အတွက် ဆောင်ရွက်ခဲ့တယ်ဆိုတာ သိပါရစေ ရှင့်။
ဖြေ။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ (၄) နှစ်တာ သက်တမ်းကာလအတွင်း ဝန်ကြီးဌာနရဲ့ ခေတ်အဆက်ဆက်က ပြဋ္ဌာန်းထားရှိတဲ့ ဥပဒေတွေကို ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ လိုက်လျောညီထွေမှုရှိအောင် ပြောင်းလဲဆောင်ရွက်ခဲ့ပါတယ်။ အစိုးရရဲ့ မူဝါဒနဲ့ ကိုက်ညီမှုရှိတဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွား ကို ကာကွယ်တဲ့ ဥပဒေဖြစ်စေရေးအတွက် လက်ရှိစီမံခန့်ခွဲလျက်ရှိတဲ့ ဥပဒေ ၃၄ ခုအနက် မူလအတိုင်းထားရှိမယ့် ဥပဒေ ၁၉ ခု၊ ပြင်ဆင် ရေးဆွဲဆဲ ဥပဒေ ၂ ခု၊ ရုပ်သိမ်းပြီး အသစ် ရေးဆွဲရမယ့် ဥပဒေ ၁၀ ခုနဲ့ အသစ်ရေးဆွဲဆဲ ဥပဒေ ၃ ခု ရှိပါတယ်။
မေး။ ဝန်ကြီးဌာနရှိ ဌာန ၄ ခုရဲ့ စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက် ချက်တွေနဲ့ ပြည်သူအတွက် ပြောင်းလဲဆောင် ရွက်ပေးရာမှာ သိသာထင်ရှားတဲ့အချက်တွေ ကို ပြောပြပေးပါဦးရှင်။
ဖြေ။ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ ဌာနတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်တွင်းလုံခြုံရေးနဲ့ ရပ်ရွာအေးချမ်းသာယာ ရေးဆောင်ရွက်ရာမှာ ပြည်သူလူထုအခြေပြု ရဲလုပ်ငန်းစနစ်ကို ကျင့်သုံးဆောင်ရွက်လျက် ရှိပါတယ်။
ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော် အစိုးရရဲ့ စတုတ္ထ (၁) နှစ်တာကာလအတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၁ ရုံး၊ နယ်မြေရဲစခန်း ၂ ခု နဲ့ ရဲကင်းစခန်း ၇ ခုကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ ပြီး အစိုးရသက်တမ်း (၄) နှစ်တာကာလ အတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၃ ရုံး၊ နယ်မြေ ရဲစခန်း ၂၇ ခုနဲ့ ရဲကင်းစခန်း ၃၁ ခုကို အသစ် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ နယ်စပ်ဒေသလုံခြုံရေး အတွက် အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးနဲ့ အမှတ် (၁) မှ (၈) အထိ နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲ ၈ ခုတို့နဲ့ လုံခြုံရေးဆောင် ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုအဖြစ် နယ်ခြားစောင့် တပ်တွေအကြား အလံတင်အစည်းအဝေးတွေ ပြုလုပ်ခဲ့တာလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ (၃) နှစ်တာကာလအတွင်း ၂၆ ကြိမ် ဆောင်ရွက် ခဲ့ပြီး စတုတ္ထ(၁) နှစ်တာ ကာလအတွင်း ၄ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် (၄)နှစ်တာကာလအတွင်း အစည်းအဝေး စုစုပေါင်း အကြိမ် ၃၀ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် နှစ်ဖက်ညှိနှိုင်းပြီး ခြေလျင်ကင်းလှည့်ခြင်း ၂၁၆ ကြိမ်နဲ့ မြစ်ကြောင်းကင်းလှည့်ခြင်းအကြိမ် ၁၀ဝ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။
နိုင်ငံဖြတ်ကျော်မှုခင်းတွေ၊ အခြားမှုခင်း တွေနဲ့ပတ်သက်ပြီး မှုခင်းကာကွယ်တားဆီး ရေးနဲ့ စုံစမ်းဖော်ထုတ်မှုတွေမှာ INTERPOL ရဲအဖွဲ့၊ အာဆီယံရဲအဖွဲ့၊ ဥရောပရဲအဖွဲ့၊ နိုင်ငံ အလိုက် ရဲအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက် လျက်ရှိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများ (Border Liaison Offices - BLOs) အပြန်အလှန် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ ၄ ရုံး၊ လာအိုနိုင်ငံနဲ့ ၂ ရုံး၊ ထိုင်း နိုင်ငံနဲ့ ၃ ရုံး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ၁ ရုံး၊ အိန္ဒိယ နိုင်ငံနဲ့ ၃ ရုံး စုစုပေါင်း ၁၃ ရုံး ဖွင့်လှစ်ဆောင် ရွက်ခဲ့ပါတယ်။
လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် (၅) နှစ်စီမံကိန်း (၂၀၁၇ - ၂၀၂၁) ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ရှိပါတယ်။ စတုတ္ထ (၁) နှစ်တာကာလအတွင်း မှာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေနဲ့ အမှုပေါင်း ၁၉၁ မှု အရေးယူဆောင်ရွက် ခဲ့ပြီး တရားခံပေါင်း ၅၇၀ နဲ့ လူကုန်ကူးခံရသူ ပေါင်း ၂၄၇ ဦးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
လူကုန်ကူးခံရသူတွေကို ပြန်လည် လွှဲပြောင်း၊ လက်ခံမှုတွေ ဆောင်ရွက်ခဲ့ရာ အကြိမ်ပေါင်း ၁၃၂ ကြိမ်နဲ့ စုစုပေါင်း ၂၅၆ ဦး၊ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့် သူတွေကို ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးပြီး အချက်အလက်မပြည့်စုံသူတွေ တွေ့ရှိရင် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေ ဖို့အတွက် တားဆီး၊ ပြန်လွှတ်ခြင်းတွေ ဆောင်ရွက်ခဲ့ရာမှာ အကြိမ်ပေါင်း ၅၁ ကြိမ်နဲ့ စုစုပေါင်း ၂၅၅ ဦး ရှိပါတယ်။
မူးယစ်ဆေးဝါးပြဿနာဟာ အမျိုးသား ရေးတာဝန်တစ်ရပ်ဖြစ်တဲ့အပြင် နိုင်ငံတော် အဆင့် အလေးထား ကိုင်တွယ်ဖြေရှင်းလျက် ရှိပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီ ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ နိုင်ငံတကာနဲ့ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။
ဒီလိုဆောင်ရွက်တဲ့အခါ မူးယစ်ဆေးဝါး သယ်ဆောင်/ထုတ်လုပ်မှု အဓိက ပစ်မှတ်တွေ၊ ပြည်တွင်း၊ ပြည်ပဂိုဏ်းအဖွဲ့တွေနဲ့ ပူးပေါင်း ကျူးလွန်သူတွေကို အလေးထား ဖော်ထုတ် ဖမ်းဆီးလျက်ရှိပါတယ်။ အစိုးရ (၃) နှစ်တာ ကာလအတွင်းမှာ အထူးစစ်ဆင်ရေး (၁၁) ကြိမ် ဆောင်ရွက်ခဲ့ပြီး စတုတ္ထ (၁) နှစ်တာကာလ တွင်း အထူးစစ်ဆင်ရေး ၄ ကြိမ် ဆောင်ရွက် ခဲ့ပါတယ်။ (၄) နှစ်တာကာလအတွင်း အထူး စစ်ဆင်ရေး စုစုပေါင်း ၁၅ ကြိမ် ဆောင်ရွက် ခဲ့ပြီး အမှုပေါင်း ၄၀၇၀ နဲ့ တရားခံပေါင်း ၅၅၇၅ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။
အစိုးရ (၃) နှစ်တာ သက်တမ်းကာလ အတွင်းမှာ မူးယစ်ဆေးဝါး အမှုပေါင်း ၁၆၂၂၃ မှု၊ တရားခံ ၄၈၆၇၇ ဦးနဲ့ စတုတ္ထ (၁) နှစ်တာ ကာလအတွင်းမှာ အမှုပေါင်း ၁၀၈၈၂ မှုနဲ့ တရားခံ ၁၅၃၉၄ ဦးကို အရေးယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် (၄)နှစ်တာကာလအတွင်း စုစုပေါင်း အမှု ၂၇၁၀၅ မှုနဲ့ တရားခံ ၆၄၀၇၁ ဦးကို မူးယစ် ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေ၊ ဆက်စပ် ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့နည်း ကျဆင်းရေးကို ဆောင်ရွက်လျက်ရှိရာမှာ (၃) နှစ်တာ သက်တမ်းကာလအတွင်း ဘိန်းခင်း ၂၀၁၄၁ ဒသမ ဝ၃ ဧက ဖျက်ဆီးနိုင် ခဲ့ပါတယ်။
စတုတ္ထ (၁) နှစ်တာ ကာလအတွင်းမှာ ဘိန်းခင်း ၄၁၃၀ ဒသမ ဝ၁ ဧက ဖျက်ဆီးနိုင်ခဲ့ ပြီး (၄) နှစ်တာကာလအတွင်း ဘိန်းခင်း စုစုပေါင်း ၂၄၂၇၁ ဒသမ ဝ၄ ဧကကို ဖျက်ဆီး ခဲ့ပြီးဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်းကောက်ယူရာမှာ ၂၀၁၇ ခုနှစ်မှာ ၂၅ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်မှာ ၉ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ၂၀၁၉ ခုနှစ်မှာ ၁၁ ရာခိုင်နှုန်း အဖြစ် ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့ပါတယ်။ ထုတ်လုပ်မှုအနေနဲ့ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့တဲ့ အတွက် အရင်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယနေရာကနေ တတိယနေရာကို လျော့ နည်းကျဆင်းသွားပါတယ်။ ဒါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေပါ။
မေး။ ကျန်တဲ့ဦးစီးဌာနတွေရဲ့ ဆောင်ရွက်ချက်တွေကို သိပါရစေ။
ဖြေ။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနဟာ စီးပွားရေးပြစ်မှုတွေနဲ့ ဝန်ထမ်းမသမာမှုတွေ စုံစမ်း ဖော်ထုတ်အရေးယူရေး ကို ဆောင်ရွက်လျက်ရှိတဲ့ ဌာနတစ်ခုဖြစ်ပါ တယ်။ဦးစီးဌာနအနေနဲ့ (၄) နှစ်တာကာလ အတွင်း ပြည်ထဲရေးဝန်ကြီးဌာနက တာဝန် ပေးအပ်တဲ့ အမှုတွေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့ ဖွဲ့စည်းစုံစမ်းစစ်ဆေးတဲ့ အမှုတွေမှာ အဖွဲ့ဝင် အဖြစ်ပါဝင်ပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က တာဝန်ပေးအပ်တဲ့ အမှု ၂၆၈ မှု အပါအဝင် စုစုပေါင်း ၆၇၁ မှုကို စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဝန်ထမ်းမသမာမှုတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ အမိန့်နဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ကျူးလွန်တဲ့ မသမာမှု ၁၉၉ မှုကို စုံစမ်းဖော်ထုတ် အရေးယူခဲ့ပါတယ်။ အဂတိ လိုက်စားမှုတွေ မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်သွားနိုင်ရေးကို ရည်ရွယ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ CPU အဖွဲ့ ၃ ဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါတယ်။
နောက်ဌာနတစ်ခုဖြစ်တဲ့ အကျဉ်းဦးစီးဌာနရဲ့ ဆောင်ရွက်မှု ရှိပါတယ်။ အကျဉ်းဦးစီး ဌာနအနေနဲ့ အကျဉ်းသား၊ အချုပ်သားတွေရဲ့ အကျင့်စာရိတ္တ ပြုပြင်ပြောင်းလဲရေး၊ အသက် မွေးဝမ်းကျောင်း အတတ် ပညာရပ်တွေ တတ်မြောက်သွားစေရေး၊ ပြစ်ဒဏ်ကာလ စေ့ပြီး လွတ်မြောက်သွားတဲ့အခါ လူမှုအသိုက် အမြုံအတွင်းမှာ ဘဝရပ်တည်နိုင်ရေးအတွက် အထောက်အကူပြုစေနိုင်မယ့် အစီအမံတွေ ကို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ အညီ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ပါ တယ်။
အကျဉ်းထောင်/စခန်းတွေက စာပေ ပညာမတတ်သူတွေကို “အ”သုံးလုံးပညာ သင်ကြားပေးလျက် ရှိရာမှာ ၂ဝ၁၆ ခုနှစ်ကနေ ၂ဝ၁၉ ခုနှစ်အထိ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၂၇၇ ဦးကို သင်ကြားပေးခဲ့ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားပေးတဲ့အနေနဲ့ လုပ်ငန်း အမျိုးအစား ၃ဝ ကို သင်ကြားပေးနိုင်ခဲ့ပါတယ်။
အကျဉ်းထောင်တွေအတွင်းမှာ ပြစ်ဒဏ် ကျခံလျက်ရှိတဲ့ ပညာတစ်ပိုင်းတစ်စနဲ့ လူငယ် အကျဉ်းသား တွေကို ပညာရေးဝန်ကြီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အတန်းပညာဆက်လက် သင်ကြားပေးတာ ရှိပါတယ်။
၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်မှာ အကျဉ်း သား၊ အကျဉ်းသူ ၃၄၇ ဦးကို သင်ကြားပေး နိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အကျဉ်းသား၊ အကျဉ်းသူ ၁၇၁ ဦး ဝင်ရောက် ဖြေဆိုခဲ့ရာမှာ အကျဉ်းသား ၈၇ ဦး၊ အကျဉ်းသူ ၇ ဦး စုစုပေါင်း ၉၄ ဦး အောင်မြင်ခဲ့ပါတယ်။ ဒီထဲက သုံးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၆ ဦးနဲ့ တစ်ဘာသာဂုဏ်ထူးရှင် ၂၁ ဦး ထွက်ပေါ်ခဲ့ပါတယ်။
၂ဝ၁၉ - ၂ဝ၂ဝ ပညာသင်နှစ်မှာ အကျဉ်း သား၊ အကျဉ်းသူ ၃၃၅ ဦးကို အတန်းပညာ သင်ကြားပေးလျက်ရှိပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁၇၈ ဦး ဝင်ရောက်ဖြေဆိုမှာ ဖြစ်ပါတယ်။
ကျန်းမာရေး ဆောင်ရွက်မှုအနေနဲ့ မန္တလေးဗဟိုအကျဉ်းထောင်မှာ မြန်မာနိုင်ငံ အကျဉ်းထောင် တွေအတွင်း ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်ရေးစီမံချက်အရ UNOPS အဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ TB နှစ်ထပ် ဆေးရုံဆောင်အသစ်ကို ၂၀၁၉ ခုနှစ် အောက် တိုဘာလ ၂၀ ရက်မှာ တည်ဆောက်ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ အကျဉ်းထောင်/စခန်းတွေမှာ ဆရာဝန်တွေ၊ ကျန်းမာရေးမှူးတွေနဲ့ နေ့စဉ် ဆေးဝါးကုသပေးလျက်ရှိပြီး လိုအပ်ရင် ပြင်ပ ပြည်သူ့ဆေးရုံတွေကို တင်ပို့ကုသခြင်းတွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
အကျဉ်းဦးစီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)တို့ ပူးပေါင်းပြီး မန္တလေးဗဟိုအကျဉ်းထောင်မှာ အသက်မွေးမှု အတတ်သင် သင်တန်းကျောင်း နှစ်ထပ် ဆောင်ကို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၁၈ ရက်မှာ ပြီးစီးဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီသင်တန်း ကျောင်းမှာ အကြီးစား အင်ဂျင်ပြုပြင်ရေး လုပ်ငန်း၊ ဆံသလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းနဲ့ လက်သမား/ပန်းရန်လုပ်ငန်းတွေကို သင်ကြား ပေးလျက်ရှိပါတယ်။
မေး။ မီးသတ်ဦးစီးဌာနရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ပြောပြပေးပါ ဦးရှင်။
ဖြေ။ မီးသတ်ဦးစီးဌာနဟာ မီးဘေးလုံခြုံရေးနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့ ဌာနတစ်ခုဖြစ်ပါတယ်။ မီးသတ်ဦးစီးဌာန အနေနဲ့ (၄) နှစ်တာကာလအတွင်း အထပ်မြင့် အဆောက်အဦ ၈၉၇၈ လုံးအတွက် မီးဘေး လုံခြုံရေး စစ်ဆေးအကြံပြုပေးနိုင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ပေးမှုအတွက် နိုင်ငံတော်ကို ငွေကျပ် ၁၈၃၀၁ ဒသမ ၁၄ သန်း ပေးသွင်း နိုင်ခဲ့ပြီး အဆောက်အဦ ၅၉၄၈ လုံးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ထောက်ခံချက်တွေ ကို ထုတ်ပေး နိုင်ခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ကို ခေတ်မီပြီး စွမ်းအား ပြည့်ဝတဲ့ တပ်ဖွဲ့ဖြစ်စေဖို့အတွက် ပိုလန်နိုင်ငံ အစိုးရနောက်ခံအခြေပြု ဥရောပသမဂ္ဂရဲ့ တစ်စိတ်တစ်ပိုင်း ကူညီထောက်ပံ့မှုချေးငွေ (Organization for Economic Co-operation and Development - OECD)က တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ (Official Development Assistance - ODA) အစီအစဉ် အရ ထောက်ပံ့ချေးငွေ ယူရိုသန်း ၅၀ ရရှိခဲ့ ပါတယ်။ ဒီချေးငွေနဲ့ မီးငြှိမ်းသတ်ယာဉ်၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ်နဲ့ မီးသတ်အထောက် အကူပြုယာဉ် စုစုပေါင်း ၇၅ စီးကို ဖြည့်တင်း ဆောင်ရွက်ခဲ့ပါတယ်။
ဒီလို ဖြည့်တင်းနိုင်ခဲ့မှုကြောင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၅ ရက်မှာ ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ မြို့နယ် စက်မှုဇုန်ရှိ AA Electronics ပစ္စည်း သိုလှောင်ရုံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်မှာ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စက်မှုဇုန်(၁)ရှိ ဇာမဏီဖယောင်းသိုလှောင်ရုံ မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၇ ရက်မှာ မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ်ရှိ Sky Walk (၅)လွှာ အဆောက်အဦမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုနဲ့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး လသာ မြို့နယ် လမ်းမတော်လမ်း သံဈေးမီးလောင်မှု တွေမှာ အထပ်မြင့်မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေ ကယ်ဆယ်ရေးယာဉ်တွေ၊ မီးငြှိမ်းသတ်ရေး ယာဉ်တွေနဲ့ ထိရောက်စွာ အသုံးပြုငြှိမ်းသတ် နိုင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်မှာ မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုဖြစ်စဉ်မှာ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်တဲ့အခါ Towing Vehicle နဲ့ Lifting Vehicle တွေကို အသုံးပြုပြီး ဆောင်ရွက်နိုင် ခဲ့ပါတယ်။
ဒါ့အပြင် သဘာဝဘေးအန္တရာယ် အပါအဝင် မတော်တဆဖြစ်စဉ်တွေမှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးလျက်ရှိရာမှာ စတုတ္ထ (၁) နှစ်တာကာလအတွင်း ရှာဖွေကယ်ဆယ် ရေးဖြစ်စဉ် ၂၈၉၂ ကြိမ်ရှိပြီး ပျက်စီးခဲ့တဲ့ အိမ်ခြေ ၃၉၉၈၇ လုံးနဲ့ ဒုက္ခရောက်ရှိခဲ့သူ ၇၈၉၉၂ ဦးကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါ တယ်။
ပြည်သူတွေအနေနဲ့ ဘေးဒုက္ခအန္တရာယ် တွေ တွေ့ကြုံလာခဲ့ရင် မီးသတ်ဦးစီးဌာနကို သတင်းပေးပို့ အကူအညီတောင်းခံနိုင်ဖို့၊ အချိန် နဲ့တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက် ၂၀၁၉ ခုနှစ် မတ်လက စတင်ပြီး 191 Report Application ကို အသုံးပြုလျက်ရှိရာမှာ ပြည်သူတွေထံမှ သတင်းပေးပို့မှုမှာ ၃၆၆ ခု ရှိခဲ့ပါတယ်။
ရဲမှူးကြီးကျော်သီဟ (သတင်းရဲတပ်ဖွဲ့)
မေး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ စတုတ္ထ(၁) နှစ်တာ ကာလအတွင်း နယ်မြေ ရဲစခန်းတွေ၊ ရဲကင်းတွေ တိုးချဲ့ဆောင်ရွက်ခဲ့ တယ်လို့ သိရပါတယ်။ ဘယ်လိုကြောင့် တိုးချဲ့ ဆောင်ရွက်ခဲ့တယ်ဆိုတာကို သိပါရစေ။
ဖြေ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပထမရည်မှန်းချက် တာဝန်ဖြစ်တဲ့ ပြည်တွင်း လုံခြုံရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် ဆောင်ရွက်ရာမှာ ပြည်သူလူထု အခြေပြုရဲလုပ်ငန်းစနစ်ကို ကျင့်သုံးပြီး ဒီလုပ်ငန်းတွေ ပိုမိုထိရောက်မှုရှိစေရေး အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၁ ရုံး၊ နယ်မြေရဲစခန်း ၂ ခုနဲ့ ရဲကင်းစခန်း ၇ ခုကို တိုးချဲ့ဖွင့်လှစ်နိုင် ခဲ့ပါတယ်။ (၄) နှစ်တာ သက်တမ်းကာလ အတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၃ ရုံး၊ နယ်မြေ ရဲစခန်း ၂၇ ခုနဲ့ ရဲကင်းစခန်း ၃၁ ခုတို့ကို အသစ်တိုးချဲ့ဖွင့်လှစ်ပြီး တည်ငြိမ်အေးချမ်းမှု ကို တိုးမြှင့်ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါ တယ်။ မြန်မာနိုင်ငံရဲ့ အနောက်တံခါးဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့ နယ်စပ်ဒေသလုံခြုံရေး အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၈ ခုနဲ့ လုံခြုံရေးဆောင်ရွက်လျက်ရှိပါတယ်။
မေး။ နယ်စပ်တွေမှာ လုံခြုံရေးတိုးမြှင့်တဲ့အပြင် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးအတွက် တွေ့ဆုံဆွေးနွေးတာတွေလည်းရှိတယ်လို့ သိရပါ တယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း သိပါရစေ။
ဖြေ။ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်လုံခြုံရေးအတွက် နယ်ခြား စောင့်တပ်တွေအကြား ဗဟိုအဆင့်၊ ကွပ်ကဲ ရေးမှူးအဆင့်၊ တပ်ရင်းမှူးအဆင့်နဲ့ တပ်ခွဲမှူး အဆင့် အလံတင်အစည်းအဝေးတွေ ပြုလုပ် ခဲ့ပါတယ်။ ဒါ့ပြင် နှစ်ဖက်တပ်ဖွဲ့တွေ ညှိနှိုင်း ပြီး ခြေလျင်ကင်းလှည့်ခြင်းနဲ့ နယ်စပ်ဒေသ မြစ်ကြောင်းတစ်လျှောက် မြစ်ကြောင်း ကင်းလှည့်ခြင်းတွေကို ပူးပေါင်းဆောင် ရွက်နိုင်ခဲ့ပါတယ်။
မေး။ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့တွေမှာ အရေး ပေါ်ဆက်သွယ်ခေါ်ဆို နိုင်တဲ့ Command Centre တွေ တည်ထောင်ထားတယ်လို့ သိရ ပါတယ်။
ဖြေ။ ဒါတွေက ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဒုတိယ ရည်မှန်းချက် တာဝန်နဲ့လည်း သက်ဆိုင်ပါတယ်။ ဒုတိယ ရည်မှန်းချက်တာဝန်ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံသားတို့ရဲ့ အခွင့် အရေးကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ဥပဒေအသိ ပညာပေးခြင်း၊ ပြည်သူတွေရဲ့ ဘေးကင်း လုံခြုံရေး၊ မှုခင်းတွေနဲ့ အကြမ်းဖက်မှုတွေ မှ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေး၊ တိုက်ဖျက်ရေးနဲ့ လျော့နည်းကျဆင်းရေး တို့အတွက် မှုခင်းကျဆင်းရေးလုပ်ငန်းစဉ် (၅) ရပ်၊ သော့ချက် (၅) ရပ်တို့နဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်။
ပြည်သူလူထုရဲ့ သတင်းပေးချက်တွေ၊ တောင်းခံလာတဲ့ အကူအညီတွေကို လျင်မြန် စွာ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တွေမှာ အရေးပေါ်ဆက်သွယ်ခေါ်ဆိုနိုင်တဲ့ Command Centre တွေ၊ Complaint Centre တွေ တည်ဆောက်ပြီး Hot Line တွေနဲ့ Social Network Account တွေ ဖွင့်လှစ်ခြင်း၊ CCTV နဲ့ဆက်စပ်ပစ္စည်းတွေ တပ်ဆင်ကာ ၂၄ နာရီတာဝန်ချထားပြီး မှုခင်းကြိုတင်ကာကွယ်ရေးနဲ့ တားဆီးနှိမ်နင်းရေး လုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ဒါ့ပြင် ပြည်သူတွေ မှုခင်းဆိုင်ရာအသိ ပညာ ဗဟုသုတရရှိစေဖို့ မှုခင်းပညာပေး ပြခန်းယာဉ်တွေနဲ့ လှည့်လည်ဟောပြော ပြသခြင်း၊ ကျေးလက်ဒေသတွေအထိ ကွင်းဆင်းဟောပြောခြင်း၊ လက်ကမ်း စာစောင်တွေ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်း စနစ်နဲ့ အိမ်တိုင်ရာရောက် ရဲလုပ်ငန်းစနစ် တို့ကိုလည်း လက်တွေ့ကျကျ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ် ရေးဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းစဉ်တွေကို ဒေသနဲ့ လျော်ညီအောင် ထပ်မံဖြည့်စွက် ရေးဆွဲစေလျက် သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ကာ အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ရေးလုပ်ငန်းတွေ ထိရောက်အောင် ဘာတွေ ပြောင်းလဲဆောင်ရွက်နေတယ် ဆိုတာကို ပြောပြပေးပါဦးရှင်။
ဖြေ။ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် မူးယစ်ဆေးဝါး နဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ပြင်ဆင်ပြဋ္ဌာန်းပြီး ပြင်ဆင်ခဲ့ပါတယ်။
နိုင်ငံတကာနဲ့ပူးပေါင်းကာ ဟန်ချက်ညီ အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်နေတဲ့ အပြင် မူးယစ်ဆေးဝါး သယ်ဆောင်/ထုတ်လုပ် မှု အဓိက ပစ်မှတ်တွေ၊ ပြည်တွင်း၊ ပြည်ပ ဂိုဏ်းအဖွဲ့တွေနဲ့ ပူးပေါင်းကျူးလွန်သူတွေကို အလေးထား ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စတုတ္ထ (၁) နှစ်တာကာလအတွင်းမှာ စိတ်ပြောင်းဆေးဝါးချက်စခန်း ၈ ခုကို ရှာဖွေ ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက် နိုင်ခဲ့ပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ သတင်းပေး တိုင်ကြားချက်တွေကို အရေးယူဆောင်ရွက် နိုင်ဖို့ နိုင်ငံတော်သမ္မတရုံးမှာ မူးယစ်ဆေးဝါး သတင်းပေးဌာနကို ၂၀၁၈ ခုနှစ် ဇွန် ၂၇ ရက် မှာ စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။ စတုတ္ထ (၁) နှစ်တာကာလအတွင်း အမှုပေါင်း ၃၉၅ မှုနဲ့ တရားခံပေါင်း ၅၉၂ ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့တဲ့အတွက် သတင်းပေး ဌာန ဖွင့်လှစ်သည့်နေ့မှစပြီး အမှုပေါင်း ၉၈၁ မှုနဲ့ တရားခံပေါင်း ၁၅၁၅ ဦးတို့ကို မူးယစ် ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေ၊ ဆက်စပ်ပစ္စည်း တွေနဲ့အတူ ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဒါ့ပြင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့နည်း ကျဆင်းရေးအတွက် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဘိန်းခင်း ၄၁၃၀ ဒသမ ဝ၁ ဧက ဖျက်ဆီးနိုင်ခဲ့ပြီးတော့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်း ကောက်ယူ ရာမှာ ၂၀၁၉ ခုနှစ်မှာ ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ထုတ် လုပ်မှု နှစ်ရာခိုင်နှုန်း ကျဆင်းခဲ့တဲ့အတွက် အရင်ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယနေရာ ကနေ တတိယနေရာကို လျော့နည်းကျဆင်း သွားပါတယ်။
မေး။ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းတွေမှာ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းတွေ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိရာမှာ ဥရောပသမဂ္ဂ(EU) နဲ့ ပူးပေါင်း ဆောင်ရွက်နေမှုတွေကို သိပါရစေရှင့်။
ဖြေ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်တွေ၊ လုပ်ငန်းတာဝန်တွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ တပ်ဖွဲ့ဝင်တွေ စွမ်းရည်မြင့်မားတိုးတက်လာ စေရေးအတွက် အဆင့်အလိုက် တက်ရောက်ရမယ့် သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေး လျက်ရှိပါတယ်။ သင်တန်းကျောင်းတွေရဲ့ အရည်အသွေး အဆင့်မြှင့်တင်ခြင်းအပြင် အရည်အချင်းပြည့်ဝတဲ့ နည်းပြဆရာတွေနဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်လျက်ရှိတဲ့အပြင် နိုင်ငံတကာ အတွေ့အကြုံတွေ ရရှိစေဖို့ ပြည်ပ နိုင်ငံတွေကိုလည်း သင်တန်းတွေ၊ လေ့လာရေး ခရီးစဉ်တွေ စေလွှတ်ပေးလျက်ရှိရာမှာ (၄) နှစ်တာကာလအတွင်း ပြည်ပနိုင်ငံ ၁၉ နိုင်ငံ ကို သင်တန်းသားတွေစေလွှတ်ပြီး ရဲတပ်ဖွဲ့ဝင် တွေရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ရဲလေ့ကျင့်ရေးကျောင်းတွေမှာ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းတွေ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိတဲ့အပြင် ဥရောပ သမဂ္ဂ (EU) နဲ့ပူးပေါင်းပြီး စွမ်းရည်မြှင့်တင်ရေး (၅) နှစ်စီမံကိန်းနဲ့ သင်တန်းတွေ ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ပါတယ်။
ဦးစိုးမြင့်လေး (ညွှန်ကြားရေးမှူး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)
မေး။ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနအနေနဲ့ လေးနှစ်တာကာလအတွင်း စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့တဲ့ အမှုတွေ ဘယ်လောက်ရှိပြီဆိုတာ သိပါရစေရှင့်။
ဖြေ။ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနအနေနဲ့ (၄) နှစ်တာကာလအတွင်း စုံစမ်းစစ်ဆေးခဲ့တဲ့ အမှုအရေအတွက်အနေနဲ့ စီးပွားရေးဆိုင်ရာပြစ်မှု ၂၀၄ မှု၊ ဝန်ထမ်း မသမာမှု ၁၉၉ မှုနဲ့ ငွေကြေးခဝါချမှုတိုက် ဖျက်ရေးဗဟိုအဖွဲ့က တာဝန်ပေးအပ်တဲ့ ငွေကြေးခဝါချမှု ၂၆၈ မှု စုစုပေါင်း ၆၇၁ မှု ဖြစ်ပါတယ်။
(၄) နှစ်တာကာလအတွင်း စုံစမ်းစစ်ဆေး ခဲ့တဲ့ အမှုတွေကနေ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့တဲ့ ငွေကြေးနဲ့ ပစ္စည်းတန်ဖိုး က နိုင်ငံခြားငွေ အပါအဝင် မြန်မာကျပ်ငွေ အနေနဲ့ စုစုပေါင်း ၅ ဒသမ ၈၃ ဘီလီယံခန့် သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ငွေကျပ် ၅၃၆ ဒသမ ၄၃ ဘီလီယံနဲ့ နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၅၇ သန်းတို့အပေါ် အခွန်စည်းကြပ်နိုင်ဖို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကို အကြောင်းကြားနိုင်ခဲ့ပါ တယ်။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေနဲ့ (၄)နှစ်တာကာလအတွင်း စုံစမ်းစစ်ဆေးခဲ့ တဲ့ အမှုတွေအနက် ငွေကြေးခဝါချမှုတိုက်ဖျက် ရေးဥပဒေနဲ့ အကျုံးဝင်တဲ့အမှု ၂၆၈ မှုကို စုံစမ်း စစ်ဆေးခဲ့တာရှိပါတယ်။ ဒီစုံစမ်းစစ်ဆေးခြင်း ကနေပြီး ပြည်သူ့ဘဏ္ဍာအဖြစ် တရားရုံး တွေက ပြစ်ဒဏ်ချမှတ်သိမ်းဆည်းခဲ့တဲ့ ငွေကြေးနဲ့ ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် ၂ ဒသမ ၁၇၂ ဘီလီယံ သိမ်းဆည်းနိုင်ခဲ့ပါ တယ်။ စုံစမ်းစစ်ဆေးဆဲ ငွေကြေးခဝါချမှုတွေ ကနေ ယာယီသိမ်းဆည်းထားတဲ့ ငွေကြေးနဲ့ ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် ၇၉ ဒသမ ၄၀ ဘီလီယံဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိရတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကို တရား စွဲဆိုတင်ပို့သွားမှာဖြစ်ပါတယ်။
တရားရုံးကို သက်သေခံတင်ပို့ထားပြီး ပြည်သူ့ဘဏ္ဍာသိမ်းဆည်းဖို့ တရားစစ်ဆေး စီရင်ဆဲအမှုတွေက ငွေကြေးနဲ့ ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် ၂၆ ဒသမ ၁၇ ဘီလီယံ ဖြစ်ပါ တယ်။ လုပ်ငန်း၊ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် တွေ လုံခြုံရေးအတွက် အထောက်အကူပြု စိစစ်ပေးနိုင်မှုအနေနဲ့ လူပုဂ္ဂိုလ် ၃ ဒသမ ၇ သန်းကျော်ကို စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရဲ့ ဌာန တွင်း ဥပဒေအကြံပေးခြင်း၊ တရားစွဲဆိုတင်ပို့ ခြင်းနဲ့ တရားရုံး အမှုလိုက်ပါဆောင်ရွက်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်တဲ့ ဥပဒေနှင့် အကျိုးဆောင်ဌာနကို ၁၉၅၁ ခုနှစ် အထူးစုံစမ်း စစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်း စစ်ဆေးရေးဌာန အက်ဥပဒေအရ ဖွဲ့စည်းထား တာရှိပါတယ်။
(၄)နှစ်တာကာလအတွင်း အမှု ၂၃၁ မှုကို ဥပဒေအကြံပေးနိုင်ခဲ့ပြီး လွှတ်တော်အသီးသီး ကို တင်သွင်းမယ့် ပြဋ္ဌာန်း၊ ပြင်ဆင်၊ တင်သွင်း တဲ့ ဥပဒေ၊ နည်းဥပဒေ(မူကြမ်း) ၁၂၇ ခုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကနေ တစ်ဆင့် ပေးပို့လာမှုအပေါ် သုံးသပ်အကြံပြု ခြင်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။
မေး။ အဂတိလိုက်စားမှုတွေကို ဦးစီးဌာနက စစ်ဆေးဆောင်ရွက်ခဲ့မှုကို ရှင်းပြ ပေးပါဦးရှင်။
ဖြေ။ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ မပြဋ္ဌာန်းမီက အဂတိ လိုက်စားမှုတွေကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းပြီး တဲ့နောက် အဂတိလိုက်စားမှုတွေကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကသာ ဦးဆောင်စုံစမ်းစစ်ဆေး ဆောင်ရွက်လျက် ရှိပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းတွေမှာ လုပ်ငန်းလိုအပ်ချက်ရှိတဲ့အခါ ပူးပေါင်းဆောင်ရွက် ပေးလျက် ရှိပါတယ်။
အွန်လိုင်းကနေတစ်ဆင့် Digital Money (Cryptocurrency) ရောင်းဝယ်မှုတွေကို အခြေခံပြီး ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းတွေကို မက်လုံးအမျိုးမျိုးပေး လုပ်ကိုင်မှုတွေ ကဲ့သို့ အများပြည်သူ ထိခိုက်နစ်နာမှုရှိနိုင်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး လေ့လာစုံစမ်းတွေ့ရှိ ချက်တွေကို အထက်အကြီးအကဲ တွေထံ တင်ပြခြင်း၊ နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် သတင်းဆောင်းပါး ရေးသားဖော်ပြခြင်း၊ ဌာန ရဲ့ Website ကတစ်ဆင့် ဖော်ပြခြင်းတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက် www.bsi.gov.mm ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်မှာ စတင်လွှင့်တင်ပေးခဲ့ပါတယ်။
ဦးကျော်နိုင် (ညွှန်ကြားရေးမှူး၊မီးသတ်ဦးစီးဌာန)
မေး။ မီးသတ်ဦးစီးဌာနရဲ့ စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက် ချက်တွေကို ပြောပြပေးပါဦးရှင်။
ဖြေ။ စတုတ္ထ (၁) နှစ်တာကာလအတွင်းမီးဘေးကြိုတင်ကာကွယ်တားဆီး ရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာပေး စစ်ဆေးဆောင်ရွက်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ စာသင်ကျောင်း အခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးတာ၊ စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ်၊ မိုတယ်၊ ဈေးတွေ၊ စက်သုံးဆီအရောင်းဆိုင်တွေ၊ အထပ်မြင့် အဆောက်အဦတွေ မီးဘေးလုံခြုံရေး စစ်ဆေး အကြံပြုတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။
(၁) နှစ်တာကာလအတွင်း မီးဘေးလုံခြုံ ရေးအတွက် မီးဘေးလုံခြုံရေးတာဝန်ခံ (Fire Safety Manager) သင်တန်းတွေကို ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ မီးသတ်ဦးစီးဌာနအနေနဲ့ တပ်ဖွဲ့ဝင် အရာထမ်း ၅၂၀ နဲ့ အမှုထမ်း ၁၃၁၃၃ ဦး စုစုပေါင်း ၁၃၆၅၃ ဦးအထိ တိုးချဲ့ဖွဲ့စည်း နိုင်ခဲ့ပါပြီ။ မီးသတ်စက်ယာဉ်တွေအနေနဲ့ မီးငြှိမ်းသတ်ယာဉ် ၁၆၁၅ စီး၊ မီးသတ် ရေသယ်ယာဉ် ၁၀၅၅ စီး၊ မီးသတ်စက်ယာဉ် ၃၆၃ စီးနဲ့ မီးသတ်အထောက်အကူပြုယာဉ် ၂၈၇ စီး စုစုပေါင်းအစီးရေ ၃၃၂၀ နဲ့ အရန် မီးသတ်စခန်းတွေမှာ မီးသတ်စက်ယာဉ်ပေါင်း ၃၂၀ အထိ ရှိလာခဲ့ပါပြီ။ မီးသတ်စခန်း ဖွင့်လှစ်နိုင်မှုအနေနဲ့ တိုင်းဒေသကြီး/ ပြည်နယ် ရုံး ၁၅ ခု၊ ခရိုင်မီးသတ်စခန်း/ရုံး ၇၄ ခု၊ မြို့နယ် မီးသတ်စခန်း/ရုံး ၃၁၄ ခုနဲ့ နယ်မြေမီးသတ် စခန်းပေါင်း ၅၁၄ ခုတို့ကို ဖွင့်လှစ်နိုင်ခဲ့ပါ တယ်။
ကျောင်းသားလူငယ်တွေအတွက် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်လျှော့ချရေး၊ တုံ့ပြန် ဆောင်ရွက်နိုင်ရေး အသိပညာပေး အစီအစဉ် Kaeru Caravan Programme ကို မြို့နယ်စာသင်ကျောင်းတွေမှာ သရုပ်ပြ သင်ကြားပေးလျက်ရှိပါတယ်။
မေး။ မီးသတ်ဦးစီးဌာနအနေနဲ့ အထပ်မြင့်အဆောက်အဦ မီးဘေးလုံခြုံရေး စစ်ဆေး အကြံပြုခြင်းအတွက် ဆောင်ရွက် ပေးခရငွေ ကောက်ခံပေးတယ်လို့ သိရပါ တယ်။ ဒါနဲ့ပတ်သက်ပြီး သိပါရစေရှင့်။
ဖြေ။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မီးလောင်မှုဖြစ်စဉ်တွေက တစ်နေ့ တခြားပုံစံမျိုးစုံနဲ့ ဖြစ်ပွားလျက်ရှိပါတယ်။ မီးလောင်မှုအကြိမ်ရေနဲ့ ဆုံးရှုံးမှုတန်ဖိုး လျော့နည်းကျဆင်းရေးအတွက် နိုင်ငံတကာ မီးသတ်တပ်ဖွဲ့နည်းတူ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဥပဒေနဲ့ နည်းဥပဒေပါ ပြဋ္ဌာန်း ချက်တွေကို ကျင့်သုံးပြီး အထပ်မြင့် အဆောက် အဦ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်း အတွက် ဆောင်ရွက်ပေးခရငွေ ကောက်ခံ ပေးလျက်ရှိပါတယ်။
ဒီလို ကောက်ခံပေးနိုင်တဲ့အတွက် နိုင်ငံတော်ဝင်ငွေကို တစ်ဖက်တစ်လမ်းကနေ တိုးမြှင့်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ (၄) နှစ်တာကာလအတွင်း အထပ်မြင့် အဆောက်အဦ ၈၉၇၈ လုံး စစ်ဆေးအကြံပြု ခြင်း ဆောင်ရွက်ပေးခရငွေ ငွေကျပ်သန်း ၁၈၀ဝ၀ ကျော် နိုင်ငံတော်ကို ပေးသွင်းနိုင်ခဲ့ ပါတယ်။
အလားတူ နိုင်ငံတော်မှာ သဘာဝဘေးနဲ့ မတော်တဆဘေးတွေ ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှု နည်းပါးစေဖို့အတွက် အချိန်နဲ့ တစ်ပြေးညီ အလျင်အမြန် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အတွက် မြို့နယ်တိုင်းမှာ ရှာဖွေကယ်ဆယ်ရေး တပ်စုတွေကို အင်အား ၃၅ ဦးစီနဲ့ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါတယ်။ နေပြည်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေက မြို့တော် တွေမှာ ရှာဖွေကယ်ဆယ်ရေးတပ်ခွဲကို အင်အား ၁၁၆ ဦးစီနဲ့ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းထားရှိတဲ့ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေ နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး အကြံပေးအဖွဲ့ - Insarag ရဲ့ သတ်မှတ်ချက်နဲ့အညီ Insarag Light Team ကို အင်အား ၂၈ ဦးနဲ့ ဖွဲ့စည်းပြီး ကယ်ဆယ် ကူညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မေး။ 191 Report Application နဲ့ ပတ်သက်ပြီး ပြည်သူတွေဆီက သတင်းပေးပို့မှု ဘယ်လောက်လက်ခံရရှိ တယ်ဆိုတာကို သိပါရစေရှင့်။
ဖြေ။ ပြည်သူတွေအနေနဲ့ မီးသတ်ဦးစီး ဌာနကို အချိန်နဲ့တစ်ပြေးညီ သတင်း ပေးပို့ အကူအညီတောင်းခံရင် ဆောင်ရွက် ပေးနိုင်ဖို့အတွက် 191 Report Application ကို ၂၀၁၉ ခုနှစ် မတ်လမှာ စတင်ရေးဆွဲ အသုံးပြုရာမှာ သတင်းပေးပို့မှုပေါင်း ၃၆၆ ခု ရရှိခဲ့ပြီး ဖြစ်ပါတယ်။
မီးသတ်ဦးစီးဌာန Website နဲ့ Facebook Page ကနေ မီးလောင်မှုနဲ့ ရှာဖွေကယ်ဆယ် ရေးဆောင်ရွက်နေမှု သတင်းတွေ၊ နောက်ဆုံးရ အခြေအနေတွေကို ပေးပို့တင်ပြနိုင်ခြင်း ကြောင့် ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကို လျော့ပါးစေပြီး ပြည်သူတွေရဲ့ ယုံကြည် ကိုးစားမှု ရရှိခဲ့သလို မီးသတ်တပ်ဖွဲ့ဝင်တွေ ရဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ လုံခြုံရေးအပိုင်းမှာ ပြည်သူတွေရဲ့ အဖိုးတန် ပစ္စည်းနဲ့ ရတနာတွေကို မပျောက်ရှစေဘဲ ထိန်းသိမ်းဆောင်ရွက် ပေးနိုင်မှုတွေဟာ မီးသတ်တပ်ဖွဲ့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည် သာမက ဂုဏ်သိက္ခာ၊ အကျင့်စာရိတ္တနဲ့ စိတ်ဓာတ်ပိုင်းကို ပြည်သူတွေ အားကိုး ယုံကြည်မှုရှိစေဖို့ ပြသနိုင်ခဲ့တာကို တွေ့ရှိ ရပါတယ်။
ဦးရဲရင့်နိုင် (ဒုတိယညွှန်ကြားရေးမှူး၊ဦးစီးအရာရှိ(ပထမတန်း)လုံခြုံရေး၊အကျဉ်းဦးစီးဌာန)
မေး။ အကျဉ်းဦးစီးဌာနအနေနဲ့ ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့တဲ့ လုပ်ငန်း စဉ်တွေကို သိပါရစေရှင့်။
ဖြေ။ အကျဉ်းဦးစီးဌာနအနေနဲ့ ပြစ်ဒဏ်ကျအကျဉ်းသား၊ အချုပ်သားတွေကို ထိန်းသိမ်းဆောင်ရွက်ရာမှာ အကျဉ်းဦးစီးဌာန ရဲ့ ရည်မှန်းချက်တာဝန် (၄) ရပ်နဲ့အညီ လုံခြုံ ရေး၊ စည်းကမ်းစနစ်တကျရှိရေး၊ အကျဉ်းသား တွေရဲ့ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မား ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အကျင့် စာရိတ္တ ပြုပြင်ပြောင်းလဲရေး၊ အသက်မွေးဝမ်း ကျောင်းပညာနဲ့ စာပေပညာတွေသင်ကြား ပေးရေး၊ ကုန်ထုတ်လုပ်ငန်းတွေ ဆောင်ရွက် ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ရေး စတဲ့ လုပ်ငန်းစဉ်(၈)ရပ် ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါတယ်။
နိုင်ငံတော်အစိုးရရဲ့ (၄) နှစ်တာကာလ အတွင်း “အ”သုံးလုံး ပညာသင်ကြားပေးခြင်း၊ ဘာသာရေး ဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်း၊ အတန်းပညာ ဆက်လက်သင်ကြားပေးခြင်း၊ အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ပေး ခြင်းနဲ့ ကျန်းမာရေး ပညာပေးဟောပြောပွဲ ပြုလုပ်ပေးခြင်းစတဲ့ ကဏ္ဍရပ်တွေကို စဉ်ဆက် မပြတ် တိုးတက်ပြောင်းလဲအောင် ဆောင်ရွက် နိုင်ခဲ့ပါတယ်။
အကျဉ်းထောင်/စခန်းတွေရှိ စာပေပညာ မတတ်သူတွေကို “အ” သုံးလုံး ပညာသင်ကြား ပေးလျက်ရှိရာမှာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၉ ခုနှစ် အထိ အကျဉ်းသား ၁၅၆၇ ဦးနဲ့ အကျဉ်းသူ ၇၁ဝ စုစုပေါင်း အကျဉ်းသား/အကျဉ်းသူ ၂၂၇၇ ဦး သင်ကြားပေးခဲ့ပါတယ်။
ဘာသာရေးအနေနဲ့ အခြားဘာသာဝင် တွေကို မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာ အလိုက် လွတ်လပ်စွာကိုးကွယ်ခွင့် ပေးထား ပါတယ်။ အကျဉ်းထောင်/စခန်းတွေမှာ လစဉ် တရားစခန်းတွေ ဖွင့်လှစ်ပေးလျက်ရှိပြီး ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ တရားစခန်းဝင် ယောဂီ အကျဉ်းသား ၁၉၅၅၂ ဦးနဲ့ အကျဉ်းသူ ၃၈၉၇ ဦး စုစုပေါင်း အကျဉ်းသား/ အကျဉ်းသူ ၂၃၄၄၉ ဦး တရားစခန်း ဝင်ရောက်ခဲ့ပါတယ်။
အသက်မွေး ဝမ်းကျောင်း ပညာရပ်တွေ သင်ကြားပေးခြင်းအနေနဲ့ အကျဉ်းသားတွေ အကျဉ်းထောင်က လွတ်မြောက်သွားတဲ့အခါ လူသစ်စိတ်သစ်နဲ့ လူ့အသိုက်အဝန်းအတွင်း ကောင်းမွန်စွာ နေထိုင်သွားနိုင်စေဖို့ ရည်ရွယ် ပြီး လုပ်ငန်းရပ်အမျိုးအစား ၃ဝ ကို သင်ကြား ပေးနိုင်ခဲ့ပြီး ဒီလုပ်ငန်းရပ်တွေအနက် အမှတ် (၆) စက်မှုသင်တန်းကျောင်း မြင်းခြံမြို့က လာရောက်သင်ကြားပေးတဲ့ စက်ပြင်နှင့် လျှပ်စစ်သင်တန်း၊ ပြင်ပကုမ္ပဏီက လာရောက် သင်ကြားပေးတဲ့ LCCI စာရင်းကိုင်သင်တန်း အောင်မြင်သူတွေကို သင်တန်းဆင်း အောင်လက်မှတ်တွေ ရရှိတဲ့အထိ ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။
မေး။ အကျဉ်းထောင်အတွင်းမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ လူငယ်တွေ ပညာ သင်ကြားပေးနေမှုအခြေအနေကို ပြောပြပေးပါ ဦးရှင်။
ဖြေ။ အကျဉ်းထောင်အတွင်းမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ ပညာတစ်ပိုင်းတစ်စ နဲ့ လူငယ် အကျဉ်းသားတွေကို ပညာရေးဝန်ကြီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အတန်း ပညာ ဆက်လက် သင်ကြား ပေးခဲ့ရာမှာ ၂ဝ၁၆- ၂၀၁၇ ပညာသင်နှစ်မှာ အကျဉ်းသား ကျောင်းသား/ကျောင်းသူ ပေါင်း ၁၄၄ ဦး၊ ၂ဝ၁၇ - ၂၀၁၈ ပညာသင်နှစ်မှာ အကျဉ်းသား ကျောင်းသား/ကျောင်းသူပေါင်း ၂၅၃ ဦး၊ ၂ဝ၁၈- ၂ဝ၁၉ ပညာသင်နှစ်မှာ အကျဉ်းသား ကျောင်းသား/ကျောင်းသူပေါင်း ၃၄၇ ဦးကို ပညာသင်နှစ်အလိုက် အတန်းပညာဆက်လက် သင်ကြားပေးနိုင်ခဲ့ပါတယ်။ အခု ၂ဝ၁၉ -၂ဝ၂ဝ ပညာသင်နှစ်မှာ အကျဉ်းသား ကျောင်းသား/ ကျောင်းသူပေါင်း ၃၃၅ ဦးကို အတန်းပညာ သင်ကြားပေးလျက်ရှိပါတယ်။
အတန်းပညာ ဆက်လက်သင်ကြားစေ ခြင်း အစီအစဉ်ကနေ ပြစ်ဒဏ်ကျ အကျဉ်းသား တွေရဲ့ အတန်းပညာ အောင်မြင်စွာ သင်ကြား နိုင်ခဲ့မှုတွေကို အထင်အရှား သာဓကအဖြစ် မြင်တွေ့နိုင်ပါတယ်။ ၂၀၁၅ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အကျဉ်းသား ကျောင်းသား/ ကျောင်းသူပေါင်း ၃၃၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာမှာ ၁၆၈ ဦး အောင်မြင်ခဲ့ပြီး သုံးဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၁ ဦးနဲ့ တစ်ဘာသာ ဂုဏ်ထူးရှင် ၄၃ ဦး ထွက်ပေါ်ခဲ့တယ်။ ၂ဝ၁၉- ၂ဝ၂ဝ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အကျဉ်းသား ကျောင်းသား ၁၆၃ ဦးနဲ့ ကျောင်းသူ ၁၅ ဦး စုစုပေါင်း ၁၇၈ ဦး ဝင်ရောက်ဖြေဆိုမှာ ဖြစ်ပါတယ်။
မေး။ အကျဉ်းထောင်/စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေး နေတာတွေကို သိပါရစေရှင့်။
ဖြေ။ အကျဉ်းထောင်/စခန်းတွေမှာ အကျဉ်းဦးစီးဌာနရဲ့ နယ်လှည့်အနုပညာရှင် တွေအဖွဲ့နဲ့ လှည့်လည်ဖျော်ဖြေပေးလျက် ရှိသလို နေ့ထူးနေ့မြတ်တွေမှာ အခါအခွင့် သင့်သလို ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြုလုပ် ပေးလျက်ရှိပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ အကျဉ်းဦးစီးဌာန တို့ ပူးပေါင်းပြီး United Nations Office on Drugs and Crime - UNODC အဖွဲ့ ရန်ပုံငွေနဲ့ ကိရိယာလွတ်လေ့ကျင့်ခန်း ဆောင်ရွက်စေ ခြင်းတွေကို တိုင်းဒေသကြီး/ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးမှူးတွေဆီက တစ်ဆင့် အကျဉ်းထောင်ဝန်ထမ်းတွေကို သင်ယူစေပြီး အကျဉ်းထောင်အတွင်းက အကျဉ်းသား၊ အကျဉ်းသူတွေကို လေ့ကျင့် လုပ်ဆောင်စေလျက်ရှိပါတယ်။
ကျန်းမာရေး ဆောင်ရွက်မှုအနေနဲ့ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ခုတင် ၅ဝ ဆံ့ ဆေးရုံ၊ မန္တလေးဗဟိုအကျဉ်းထောင်နဲ့ သာယာဝတီဗဟိုအကျဉ်းထောင်တို့မှာ ၂၅ ခုတင်ဆံ့ ဆေးရုံတစ်ခုစီ တည်ဆောက်ထား ပြီး တခြားအကျဉ်းထောင်/စခန်းတွေက လူနာတွေကို လက်ခံကုသ ပေးလျက် ရှိပါတယ်။ ဒါ့ပြင် မန္တလေးဗဟိုအကျဉ်းထောင်မှာ United Nations Office for Project Services - UNOPS ရဲ့ ပံ့ပိုးကူညီမှုနဲ့ နှစ်ထပ် TB ဆေးရုံ ဆောင်အသစ်ကို တည်ဆောက်ဖွင့်လှစ်နိုင် ခဲ့ပါတယ်။
အကျဉ်းထောင်/စခန်းရှိ ဆရာဝန် တွေနဲ့ ကျန်းမာရေးမှူးတွေက နေ့စဉ်ဆေးဝါး ကုသပေးလျက်ရှိပြီး လိုအပ်ရင် ပြင်ပပြည်သူ့ ဆေးရုံတွေကို တင်ပို့ကုသခြင်းတွေ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးခြင်း လုပ်ငန်းတွေကို ပြင်ပမှ ဆရာဝန်တွေ၊ အထူးကု ဆရာဝန်တွေ၊ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ဟောပြောပွဲ တွေ၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
အကျဉ်းသား၊ အကျဉ်းသူတွေ လူမှု အသိုက်အဝန်းဆီ ပြန်လည်ဝင်ရောက်ရာမှာ အဆင်ပြေချောမွေ့စေဖို့၊ ပြင်ပလောကမှာ လုပ်ကိုင်စားသောက်နိုင်ဖို့ ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)နဲ့ အကျဉ်းဦးစီးဌာနတို့ ပူးပေါင်းပြီး မန္တလေးဗဟိုအကျဉ်းထောင်မှာ အသက်မွေးမှု အတတ်သင်သင်တန်းကျောင်း နှစ်ထပ်ဆောင် ကို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၁၈ ရက်မှာ ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ ဒီသင်တန်းမှာ အကြီးစားအင်ဂျင် ပြုပြင်ရေးလုပ်ငန်း၊ ဆံသ လုပ်ငန်း၊ လျှပ်စစ် လုပ်ငန်းနဲ့ လက်သမား/ပန်းရန်လုပ်ငန်းတွေကို သင်ကြားပေးလျက် ရှိပါတယ်။
မေး။ (၄) နှစ်တာကာလအတွင်း လွတ်ငြိမ်းသက်သာပေးမှုတွေကို သိပါရစေရှင့်။
ဖြေ။ နိုင်ငံတော်အစိုးရရဲ့ (၄) နှစ်တာ သက်တမ်းကာလအတွင်း လွတ်ငြိမ်း သက်သာပေးမှုအနေနဲ့ ၁၆ ကြိမ် ပေးခဲ့ပြီး နိုင်ငံသားအကျဉ်းသား ၂၉၅၂၄ ဦးနဲ့ အကျဉ်းသူ ၂၃ဝ၆ ဦး၊ နိုင်ငံခြားသား အကျဉ်းသား ၁၆၂ ဦးနဲ့ အကျဉ်းသူ ၄ ဦး စုစုပေါင်း ၃၁၉၉၆ ဦး ကို လွတ်ငြိမ်းသက်သာခံစားခွင့် ပေးနိုင်ခဲ့ပါ တယ်။
ကြေးမုံ


