နေပြည်တော် ဩဂုတ် ၂၃
ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ(၁/၂၀၂၃) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုတက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကော်မတီအနေဖြင့် ပြည်သူ များ၏စားရေးအတွက် အဓိကကျသည့် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်စည်ဈေးနှုန်းများ တည်ငြိမ်ရေးကို ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် လက်တွေ့ကျပြီး အမှန်တကယ် ထိရောက်အကျိုးရှိမည့် နည်းလမ်းများကိုအသုံးပြုပြီး သက်ဆိုင်ရာကော်မတီများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြေခံစား ကုန်ပစ္စည်းတစ်မျိုးစီ၏ ပြည်တွင်းစားသုံးမှု လိုအပ်ချက်နှင့် ပြည်တွင်းထုတ်လုပ်နိုင်မှု ပမာဏတို့ကို ချိန်ဆပြီး လိုအပ်သည့်မူဝါဒများ ချမှတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသအလိုက် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့်ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူစရိတ်ကြီးမြင့်စေသည့် စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်း၊ ကြားခံအဆင့်များပြားခြင်းကို လျှော့ချနိုင်မည့် နည်းလမ်းများရှာဖွေခြင်း၊ ကုန်စည်အဝင်/အထွက် မျှတမှု ရှိ-မရှိနှင့် ဝိသမလောဘသမားများ၏ ဈေးကစားမှုရှိ-မရှိ ကို စုံစမ်းစိစစ်ခြင်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေမည့် ကိစ္စရပ် များအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါး ဈေးနှုန်းမြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင် စီမံဆောင်ရွက်ထားရန်လည်း လိုအပ်ကြောင်း။
ယင်းသို့ ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ ရွှေနှင့် ငွေကြေး ဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီ၊ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီနှင့် သက်ဆိုင်ရာ အစိုးရဌာန/အဖွဲ့အစည်းများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အောက်ရှိ သက်ဆိုင်ရာညီနောင်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အထွေထွေကုန်စည်ဈေးနှုန်း မြင့်တက်လာပါက ငွေကြေးဖောင်းပွမှု နှုန်းလည်း မြင့်တက်လာမည်ဖြစ်ကြောင်း။
အခြေခံစားကုန်ထုတ်လုပ်ရာတွင် အဓိကကျသည့် လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့တွင် ထုတ်လုပ်မှု တိုးတက်လာစေရန်အတွက် လိုအပ်သည့် ပံ့ပိုးမှုများပေးခြင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို အားပေးခြင်းစသည့် စည်းရုံးရေးနှင့် စီးပွားရေး နည်းလမ်းများဖြင့် ဆွဲဆောင်မှုပေးရန် လိုအပ်ကြောင်း၊ လက်ရှိ ဆန်ဈေး၊ စားအုံးဆီ ဈေးနှုန်းများမြင့်တက်နေခြင်းကို စနစ်တကျ စိစစ်သုံးသပ်လေ့လာပြီး ထိထိရောက်ရောက် စီမံကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများအနေဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်အောင် တာဝန်ရှိပုဂ္ဂိုလ်များအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ယခင်ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ ကော်မတီအဖွဲ့ဝင်များက မိမိတို့ဒေသ/ဌာနနှင့် သက်ဆိုင်သည့် ကုန်ပစ္စည်းထုတ်လုပ်မှု တိုးတက်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်