လွိုင်ကော် ၈ ဖေဖော်ဝါရီ
လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည့် ၂၀၁၈−၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁) ထောင်ဖြင့် ဆောင်ရွက်ခဲ့ကြသည့် လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများတွင် ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ပြီး အရည်အသွေးပြည့်မှီစွာ ဆောင်ရွက်ခဲ့သောကြောင့် လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက် /ကျေးရွာများအား ယနေ့ ညနေပိုင်းက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ပေးအပ်ပွဲ့သို့ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်မိုးက ဆုများ ပေးအပ်ချီးမြှင့်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူတို့က ဖွံဖြိုးရေးလုပ်ငန်းများတွင် ပြည်သူလူထုများနှင့်ပူးပေါင်းဆောင်ရွက်မှုအားကောင်းသည့် ပတမဆုရ နောင်ယာ(က) ရပ်ကွက်အား ဆုငွေ (၂) သိန်းခွဲ၊ ဒုတိယဆုရ မိုင်းလုံးရပ်ကွက် ဆုငွေ (၂)သိန်း၊ တတိယဆုရ နမ့်ဘော်ဝမ် (ခ) ရပ်ကွက် ဆုငွေ (၁) သိန်းခွဲ နှင့် ကျန်ရပ်ကွက် (၁၆) ရပ်ကွက်၊ ကျေးရွာ (၅) ရွာ တို့အား ဂုဏ်ပြုဆု နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
ထွန်းလေး