ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁-ရာစု) ပင်လုံ ဒုတိယ အစည်းအဝေးနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင်များ သတင်းစာ ရှင်းလင်းပွဲပြုလုပ်

နေပြည်တော် ၂၄ မေ 

ယနေ့ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁-ရာစု)ပင်လုံ ဒုတိယအစည်းအဝေး ပထမနေ့အပြီးတွင် ပြည်ထောင်ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဦးစိုင်းကျော်ညွန့်၊ ဦးလှမောင်ရွှေ ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)နှင့် ဦးဇော်ဋ္ဌေးတို့သည် အစည်အဝေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပ မီဒီယာများအား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ 

သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က တိုင်းဒေသကြီးနှင့်ပြည်နယ် နေရာခြောက်ခုတွင် ကျင်းပပြီးစီးခဲ့သည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ရရှိလာသည့် စာတမ်းများအား လုပ်ငန်း ကော်မတီ အသီးသီးမှ မတ်လတွင် စုစည်းခဲ့ကြောင်း၊ ကဏ္ဍ ငါးခုအတွက် ရရှိလာသည့် စာတမ်းများအား UPDJC အတွင်းရေးမှူး အဖွဲ့တွင် ပြန်လည် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ အချက်အလက်များအား ဒုတိယအကြိမ် ၂၁ရာစုပင်လုံ ဒုတိယနေ့ အစည်းအဝေးမှ စတင်၍ ကဏ္ဍအလိုက် အသေးစိတ် ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ ကဏ္ဍအလိုက် ဆွေးနွေးရရှိသည့် အကြောင်းအရာများကိုUPDJC အတွင်းရေးမှူး အဖွဲ့မှ ပြန်လည် မှတ်တမ်းယူ၍ ညီလာခံနောက်ဆုံးနေ့တွင် အတည်ပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

မေလ ၁၂ရက်က ပြုလုပ်သည့် UPDJC အစည်းအဝေး ဆုံးဖြတ်ချက်တွင်နိုင်ငံရေးကဏ္ဍ တွင် ခေါင်းစဉ်ကြီး (၆) ခုမှ အချက်ပေါင်း (၂၁)ချက်၊စီးပွားရေးကဏ္ဍ ခေါင်းစဉ်ကြီး (၇) ခု၌ အချက်ပေါင်း (၁၀) ချက်၊ လူမှုရေးကဏ္ဍ၌ အချက်ပေါင်း (၄)ချက်၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ၌ အချက်ပေါင်း (၆)ချက် စုစုပေါင်း (၄၁) ချက်ကို သဘောတူညီမှု ရရှိခဲ့ပြီးအဆိုပါ အချက်များနှင့် လုံခြုံရေးကဏ္ဍတို့ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁-ရာစု) ပင်လုံ ဒုတိယ အစည်းအဝေးတွင် စုစည်းချက်ရယူ၍ အတည်ပြုမည်ဖြစ်သည်။ 

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက “ဒီညီလာခံမှာ ပြီးခဲ့တဲ့ ညီလာခံတွေနဲ့ မတူဘဲအဆိုပြုလွှာတွေ တင်သွင်းနိုင်တယ်။ အထူးသဖြင့် နိုင်ငံရေးကဏ္ဍကနေဆိုရင် အခြေခံမူ ၆ ခုမှာပါတဲ့ အချက်အလက်တွေ တင်သွင်းနိုင်တယ်။ အဲ့ဒါတွေကလည်း ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးတွေ နှစ်ပေါင်းများစွာ နိုင်ငံရေးအရ ရောစစ်ရေးအရပါ တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်အားလုံးကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့၊ UPDJC အစည်းအဝေးမှာ စုစည်းပြီးတော့ သဘောတူညီချက်တွေ ရနိုင်အောင် တင်သွင်းပါတယ်။ အခုတင်သွင်းချက် တွေဟာ ဒီညီလာခံမှာ သဘောတူညီချက် တစ်စုံတရာ ရနိုင်မယ်ဆိုရင် အန်မတန် တန်ဖိုးရှိပြီးအရေးကြီးတဲ့ မှတ်တိုင်ဖြစ်ပါလိမ့်မယ်။ သဘောတူညီချက်တွေ ရလာရင် ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာ ကျွန်တော်တို့ ဆက်လက်ညှိ နှိုင်းရမှာဖြစ်ပါတယ်” ဟုညီလာခံတွင် ဆောင်ရွက်သွားမည့် အရာများအတွက် ပြောကြားသည်။ 

ယင်းနောက် ပြည်တွင်းပြည်ပ သတင်းမီဒီယာများက မြောက်ပိုင်းအဖွဲ (၇) ဖွဲ့၏ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်း ပြင်ပမှသွားမည့် သဘောထား၊ ညီလာခံ တက်ရောက်ခြင်း မရှိသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် NCA လမ်းကြောင်းတွင် ဆက်လက် ပါဝင်နိုင်မည့် အခြေအနေ၊ ယခင် အစိုးရနှင့် တပ်မတော်တို့က ဖိတ်ကြားခြင်း မပြုသည့် AA ၊ TNLA နှင့် MNDAA တို့ ညီလာခံသို့ ပါဝင်လာသည့် အကြောင်းနှင့် အဆိုပါ အဖွဲ့ သုံးဖွဲ့အပေါ် သဘောထားတို့ကို မေးမြန်းကြသည်။ 

ဦးဇော်ဌေးကUNFC နှင့် ပတ်သတ်၍ “UNFC က ဖွဲ့ထားတဲ့ DPN နဲ့ အလွတ်သဘောရော၊ တရားဝင်ရော အကြိမ်ကြိမ် တွေ့ဆုံထားတယ်။ မူဘောင်ရေးဆွဲတော့လည်း ပါတယ်။ တစ်ဖက်မှာလည်း သဘောတူထားတာ ရှိတယ်။ UNFC နဲ့က မူလလမ်းကြောင်းက မူဘောင်မှာပါမယ်။ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) လုပ်ငန်းစဉ်မှာ ပါမယ်။ တစ်ချိန်တည်းမှာပဲ NCA လက်မှတ်ထိုးဖို့ တောင်းဆိုချက် ၉ ချက်ကို ညှိနှိုင်းမယ်ဆိုတဲ့ လမ်းကြောင်းပါ။ ကျွန်တော်တို့က ဒီအတိုင်း ဆက်လက်ဆွေးနွေးမယ်။ တံခါးဖွင့်ထားပါတယ်” ဟု ဖြေကြားသည်။ 

မြောက်ပိုင်းအဖွဲ့သွားချင်သည့် လမ်းကြောင်းနှင့် NCA စာချုပ် သဘောထားကွဲလွဲနေမှုကို ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က “ ကျွန်တော်တို့ အနေနဲ့ NCA အတိုင်းသွားမယ်။ NCA ပြင်ပလမ်းကြောင်း မရှိပါဘူး။ မြောက်ပိုင်း အဖွဲ့တွေအတွက် UPDJC ကတော့ ကြားဝင် ဆွေးနွေးလို့ မရဘူး။ ငြိမ်းချမ်းရေးကော်မရှင် (P.C) ကတော့ ကြားဝင်ညှိနှိုင်း နိုင်တယ်။ ဒါကို အပေါ်ကလူကြီးတွေ ဆုံးဖြတ်ပါလိမ့်မယ်” ဖြေကြားသည်။

ဦးဇော်ဌေးကနိုင်ငံတော်၏ အတိုင်ပင်ခံပြောသည့် ညီလာခံအဖွင့် မိန့်ခွန်းတွင် NCA ၏ ထီးရိပ်ကိုတိုးချဲ့၍ NCA ကိုပိုမိုကျယ်ပြန့်အောင် အစိုးရက လုပ်ဆောင်မည်ဟု ပါဝင်ကြောင်းနှင့် လက်မှတ်မထိုးထားသည့် တိုင်းရင်းသား အဖွဲ့များ ပါလာစေရန် ငြိမ်းချမ်းရေး တံခါးဖွင့်ပြီး ဆက်လက် လုပ်ဆောင်မည်ဟု ပြောထားကြောင်း ဖြေကြားခဲ့သည်။ 

မြောက်ပိုင်းအဖွဲ့များဖြစ်သည့် TNLA ၊ AA၊ MNDAA အပေါ် ဦးဇော်ဌေးက “ကျွန်တော်တို့ နိုင်ငံဟာ အချုပ်အခြာ အာဏာရှိတယ်။ ဒါသည် ပြည်တွင်း ဆွေးနွေးပွဲဖြစ်တယ်ဆိုတဲ့ ပုံစံနဲ့ သွားပါတယ်။ တရုတ်နိုင်ငံက ကြားဝင်ပြီး အကျိုးဆောင်တာရှိတယ်။ မြောက်ပိုင်းအဖွဲ့တွေနဲ့ တရုတ်က ပထဝီ နိုင်ငံရေးအရဆက်စပ်နေတယ်။ ကျွန်တော်တို့က အထူးဖိတ်ကြားသူအနေနဲ့ဖိတ်တယ်။ ပထမဖိတ်တာမြောက်ပိုင်း ၃ ဖွဲ့မပါဘူး။ UNFC မှာပါတဲ့ နှစ်ဖွဲကို ကျွန်တော်တို့ ဖိတ်တယ်။ နောက် UWSA "O" နဲ့NDAA(မိုင်းလား) ကိုဖိတ်တယ်။ တစ်ဖွဲ့ချင်းဖိတ်တဲ့ အခါ ကျန်တဲ့ အဖွဲ့တွေ မြောက်ပိုင်းသုံးဖွဲ့ ကလည်းအလားတူတက်ချင်တယ်လို့ ကမ်းလှမ်းချက်ရတယ်။ ဒါကိုအစိုးရနဲ့ တပ်မတော်က ပြန်လည်ညှိနှိုင်းပြီး ဖိတ်လိုက်တယ်။ ဖိတ်တဲ့ အခါမှာလည်း UPDJC အတွင်းရေးမှူး အဖွဲ့ရဲ့ ဆုံးဖြတ်ချက် နဲ့ဖိတ်တာပါ” ဟုဖြေကြားသည်။ 

စိုင်းကျော်ညွန့်က ယခုညီလာခံသည် NCA အရ ဖြစ်ပေါ်လာကြောင်း၊ အခုကဲ့သို့ မြောက်ပိုင်း အဖွဲ့များ လာရောက်ခြင်းသည် တိုးတက်မှု အတိုင်းအတာ တစ်ခုဖြစ်ပြီး NCA နှင့် အဝေးကြီး မဟုတ်ဟု ယူဆကြောင်း မြောက်ပိုင်းအဖွဲများ ညီလာခံ တက်ရောက်လာခြင်းအပေါ် မှတ်ချက်ပြု ဖြေကြားခဲ့သည်။

သတင်း..ရဲခေါင်ညွန့်၊ ဓါတ်ပုံ..ဖိုးထောင်