နေပြည်တော် မေ ၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံ တို့သည် ယနေ့နံနက်ပိုင်းတွင် သီတဂူဆရာတော် ဘဒ္ဒန္တ ဉာဏိဿရ အား ဖူးမြော်ကြည်ညိုပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ ရှေးဟောင်း အဆောက်အအုံများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံနှင့်အတူ သီတဂူဆရာတော်ကြီး၏ စံကျောင်းတော်သို့ရောက်ရှိပြီး ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့ ကျိုက်လတ်ချောင်ရှိ ဂူဘုရား၊ ဥမင်သုံးဆယ်စေတီ၊ ရှင်ပင်နံကိုင်းစေတီ၊ လေးကျွန်းမာန်အောင်ဘုရားကြီးနှင့် ဆွမ်းဦးပုညရှင် စေတီတော်၏ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် တိလောကဂုရုလိုဏ်ဂူသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပဲ့ကျပျက်စီးခဲ့သည့် အစိတ်အပိုင်း အား အမြန်ဆုံးပြုပြင်သွားရန်နှင့် နံရံပန်းချီများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ဌာနမှကျွမ်းကျင် ဝန်ထမ်းများစေလွှတ်၍ မိုးမကျမီပြီးစီးရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော ပြတိုက်အဆောက်အအုံများနှင့် ပြတိုက်ပစ္စည်းသိုလှောင်ခန်းကို ကြည့်ရှုစစ်ဆေးပြီး ပျောက်ဆုံးမှု၊ ပျက်စီးမှုစာရင်းပြုစုထားရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် မရှိခဏစေတီ(ခေါ်) မဟိယင်္ဂဏစေတီ၊ စေတီလှဘုရား၊ ရာဇမဏိ စူဠာစေတီတော် မြတ်ကြီး၊ ဆင်များရှင်စေတီ၊ ထူပါရုံစေတီနှင့် မဟာစေတီများသို့သွားရောက်၍ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနှင့် အပျက်အစီးများ ရှင်းလင်းနေမှုကို ကြည့်ရှုပြီး ဂေါပကအဖွဲ့များထံ အလှူငွေများပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)