နေပြည်တော်ဩဂုတ် ၃
 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးဒေါက်တာစိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယနေ့ နံနက်ပိုင်းက ညောင်တုန်းမြို့သို့ ရောက်ရှိပြီး အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် ညောင်တုန်းမြို့၊ ကမ်းပတ်တာ အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြစ်ကမ်းထိန်းတည်ဆောက်မှုလုပ်ငန်းခွင်ရှင်းလင်းဆောင်၌ စံကင်းကျွန်း ရေတိုက်စားမှု၊ ရေလွှမ်းခံရမှု၊ ကာကွယ်ထိန်းသိမ်းရေး ဆောင်ရွက်မှုအခြေအနေများနှင့် ကုက္ကိုဝကျေးရွာ၊ မြစ်ကမ်းထိန်းတည်ဆောက်ရန် လိုအပ်မှုအခြေအနေတို့ကို ဧရာဝတီတိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
 ယင်းနောက် ပန်းတနော်မြို့၊ အရှေ့ပိုင်းရပ်ကွက်၊ သာသနာ့ဗိမာန်ရေဘေးရှောင်စခန်းသို့ ရောက်ရှိပြီး မြို့နယ်အတွင်းရှိ ရေဘေးရှောင် စခန်း (၃) ခုမှ ဘေးသင့်ပြည်သူ (၃၁၄) ဦး အတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၂,၈၂၆,၀၀ဝ)၊ ဘေးသင့် ပြည်သူ (၂၃၄) ဦးအတွက် ကြက်ဥ (၉၃၆) လုံးကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ငါးသေတ္တာဗူးများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
 ဆက်လက်၍ ကျောင်းကုန်းမြို့၊ မျက်ရှင်တော်ပြည်လုံး ချမ်းသာဘုရားကြီးဝန်းရှိ ဓမ္မသဟာယမဉ္ဇရီဗိမာန်၌ ရေဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံပြီး ကျောင်းကုန်းမြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်း (၁၇) ခုမှ ဘေးသင့်ပြည်သူ (၂၅၁၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၂၂,၆၆၂,၀၀ဝ)၊ ရေဘေးသင့်ပြည်သူ (၅၉၄) ဦး အတွက် ကြက်ဥ(၂၃၇၆)လုံး ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ငါးသေတ္တာဗူးများကိုလည်းကောင်း၊ ထောက်ပံ့ပေးအပ်၍ ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားပြောကြားကာ မြို့မကျောင်းရေဘေးရှောင်စခန်းသို့ သွားရောက်ကြည့်ရှုသည်။ ယင်းနောက် မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးကို ဖူးမျှော်ကြည်ညိုပြီး ဒက္ခိဏာရာမရွှေကျင် ပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တနန္ဒာစရိယအားဖူးမျှော်၍ ဝတ္ထုငွေနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
 ထို့နောက် ကန်ကြီးထောင့်မြို့၊ အမှတ် (၁) ရပ်ကွက်၊ လောကမှန်ကူဘုရားဝန်းရှိ ရေဘေးရှောင်စခန်းသို့ ရောက်ရှိခဲ့ပြီး မြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်း (၁၃) ခုမှ ဘေးသင့်ပြည်သူ (၁၃၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၁၂,၁၂၃,၀၀ဝ) နှင့် အဆိုပါစခန်းရှိ ဘေးသင့်ပြည်သူ (၃၂၇) ဦးအတွက် ကြက်ဥ (၁၃၀၈) လုံးကို လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ငါးသေတ္တာဗူးများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ပြီး ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယနေ့သွားရောက်ခဲ့သည့် မြို့နယ် (၃) မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ယနေ့ထောက်ပံ့မှု စုစုပေါင်းမှာ ငွေကျပ် (၆၄၄) သိန်းကျော်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်