နေပြည်တော် ၁၁ မတ် 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြန်မာတစ်နိုင်ငံလုံး၌ တစ်ပြိုင်တည်း စတင်ကျင်းပသည်။

 

01

 

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသူကျောင်းသားများ မြန်မာစာဘာသာ ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းတို့က လှည့်လည်ကြည့်ရှု အားပေးကြသည်။

ထို့သို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တာ၀န်ရှိသူများကို ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေးနှင့် တက္ကသိုလ်၀င်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးတို့ကို ဝိုင်း၀န်းကူညီ ဆောင်ရွက်ပေးရန် မှာကြားသည်။

 

02

 

တက္ကသိုလ်၀င်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်၌ ပြည်တွင်းစာစစ်ဌာန ၁၉၈၄ ခုနှင့် နိုင်ငံခြားစာစစ်ဌာန ၁၅ ခု စာစစ်ဌာနစုစုပေါင်း ၁၉၉၉ ခုတွင် စာမေးပွဲဖြေဆိုရန် ၉၇၁၄၀၇ ဦး စာရင်းပေးသွင်းကြပြီး ၉၁၀၂၇၄ ဦး ၀င်ရောက်ဖြေဆိုကြ၍ နေပြည်တော်ကောင်စီနယ်မြေရှိ စာစစ်ဌာန ၅၄ ခုတွင် စာမေးပွဲဖြေဆိုရန် ၂၇၉၃၄ ဦး စာရင်းပေးသွင်းကြပြီး ၂၆၂၁၈ ဦး ၀င်ရောက်ဖြေဆိုကြသည်။ 

ထို့ပြင် အင်းစိန်၊ မန္တလေး၊ ကသာ၊ တောင်ကလေး၊ တောင်ငူ၊ ကျောက်ဖြူ၊ ညောင်ရွှေ၊ ကျိုင်းတုံနှင့် လွိုင်ကော် အကျဉ်းဦးစီးဌာနတို့တွင် ဖြေဆိုသူ ၁၈၈ ဦးနှင့် ကရင်ပြည်နယ် မြဝတီမြို့မှ ဝင်ရောက်ဖြေဆိုသူ ၁၃၄ ဦးရှိသည်။

ထို့အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီး စာစစ်ဌာနတွင် ၅ ဦးနှင့် မြောက်ဥက္ကလာပဆေးရုံတွင် ၅ ဦး ဖြေဆိုကြသည်။ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အမြင်အာရုံမသန်စွမ်းသူ (၃၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် အကြားအာရုံမသန်စွမ်းသူ (၂၄)ဦး၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ပဲခူးတိုင်းဒေသကြီး (အနောက်)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်)၊ ရှမ်းပြည်နယ်(မြောက်)နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကိုယ်အင်္ဂါမသန်စွမ်းသူ (၁၃၄)ဦး ဖြေဆိုကြပြီး ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် စိတ်ကြိုက်မြန်မာစာ ဖြေဆိုမည့်သူ (၁၁)ဦးရှိကြောင်း သိရသည်။ 

သတင်းစဉ်