ရန်ကုန် ဩဂုတ် ၁၆

 

စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းများကို တာ၀န်ယူဆောင်ရွက်ရသည့် ပညာရေး အရာရှိများအတွက် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားလာ‌စေရန် ပညာရေး၀န်ကြီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် ပညာ‌‌ရေးစီမံအုပ်ချုပ်မှု သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းကျောင်း ပညာရတနာ ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာညွန့်ဖေ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယ၀န်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်များ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာညွန့်ဖေက ပညာရေးဝန်ကြီးဌာနရှိ အရာထမ်းများအနေဖြင့် သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် စီမံအုပ်ချုပ်မှု ကျွမ်းကျင်ပြီး ထိရောက်စွာဆောင်ရွက်တတ်ရန်၊ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုစွမ်းရည်များ ပိုမိုမြင့်မား တိုးတက်စေရန်၊ စွမ်းဆောင်ရည်မြင့်မား၍ ထူးချွန်ထက်မြက်သော နိုင်ငံ့ဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်၊ ပညာရေးမူဝါဒများကို သိရှိလိုက်နာဆောင်ရွက်တတ်စေရန်၊ အဆင့်အလိုက် စီမံအုပ်ချုပ်မှုလုပ်ငန်းများကို သိရှိပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အမှားအယွင်းကင်းစွာ ဆောင်ရွက်တတ်စေရန်၊ ဝန်ထမ်းများ၏ ပင်ကိုယ်အရည်အချင်းများ ထုတ်ဖော်ခွင့်ရရှိစေရန်နှင့် ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်သည့်ရလဒ်များ ပေါ်ထွက်လာပြီး ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းမှ ပို့ချချက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပြီး မိမိတို့၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်တင်ခြင်းဖြင့် မိမိမြို့နယ်အတွင်းရှိ ကျောင်းများ၏ ဖွံ့ဖြိုးတိုးတက်မှုဖြင့် အခြေခံပညာ ကဏ္ဍပညာရေးပြုပြင်ပြောင်းလဲမှုများ ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဆန်အိတ် ၃၀၀ နှင့် ဆီပိဿာ ၁၆၅၀ တို့ကို ပညာရေး စီမံအုပ်ချုပ်မှုသင်တန်းအတွက် ထောက်ပံ့ပေးအပ်ရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသား နှစ်ဦးက လက်ခံရယူသည်။

 

သင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မြို့နယ်ပညာရေးမှူး ၃၀၃ ဦးတက်ရောက်ကြပြီး ဩဂုတ် ၁၆ရက်မှ နို၀င်ဘာ ၁၅ ရက်အထိ ၃ လကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

ယင်းနောက် ပြည်ထောင်စု၀န်ကြီး၊ တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် ကမာရွတ် မြို့နယ် အမှတ်(၁)အခြေခံပညာ ထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပြည်ထောင်စု ဝန်ကြီးက  စီမံအုပ်ချုပ်မှုသင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြား၍ တိုင်းဒေသကြီး၀န်ကြီးချုပ်က ဆန်အိတ် ၁၀၀ နှင့် ဆီပိဿာ ၅၅၀ ကို အဆိုပါကျောင်း၌ ဖွင့်လှစ်သည့် ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းအတွက် ထောက်ပံ့ပေးအပ်သည်။

 

စီမံအုပ်ချုပ်မှုသင်တန်းသို့ အောက်မြန်မာပြည်မှ အထက်တန်းကျောင်းအုပ် သင်တန်းသား သင်တန်းသူ (၁၀၀) တက်ရောက်ကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနနှင့် သတ္တဗေဒဌာန စာသင်ခန်းများ၊ သိပ္ပံလက်တွေ့ခန်းများနှင့် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကိုကြည့်ရှုပြီး ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ သင်ကြားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)